ဖခင်ဖြစ်သူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသလိုဖြစ်နေကြောင်း သရုပ်ဆောင် မိုးအောင်ရင်က ထုတ်ဖော်ပြောလာ

ဖခင်ဖြစ်သူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသလိုဖြစ်နေကြောင်း သရုပ်ဆောင် မိုးအောင်ရင်က ထုတ်ဖော်ပြောလာ

သရုပ်ဆောင် မိုးအောင်ရင်ဟာ သူ့ရဲ့ဖခင်ဖြစ်သူ တေးသံရှင် အောင်ရင် မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အခြေအနေမျိုးဖြစ်နေပြီး မတ်လ ၃၀ ရက်မှာ မြန်မာနိုင်ငံသို့ ပြန်လာဖို့ စီစဉ်ထားပေမယ့် ပြန်မလာဖြစ်သေးဘူးလို့ ပြောပါတယ်။

“အဖေက အခုအင်္ဂလန်မှာပါ၊ ပြန်လာလို့ အဆင်မပြေတော့လို့ စိတ်ညစ်တာပေါ့၊ အဖေ့မှာ ဖြစ်နေတယ်လို့ သူငယ်ချင်းဆရာဝန်က ပြောတယ်၊ အဖျားမတက်တာဘဲရှိတယ်၊ ကျန်တဲ့ လက္ခဏာက သွားတူနေတယ်၊ ပိုဆိုးတာက သူ့သူငယ်ချင်းက သူ့အရှေ့မှာဖြစ်တာ၊ ဒီထဲမှာ ထူး ခြား တာက မိန်းမကိုမကူးခဲ့ဘူး၊ ဖျားတာတော့ အဖေကမရှိဘူး။ အားနည်းနေတယ်၊ အခုဆိုရင် ရှစ်ရက်လောက်ဖြစ်လာပြီ၊ ကျန်းမာရေးတော့ တော်တော် အိုကေတယ်ပြောတယ်၊ အမေက တော့ အနားမှာပြုစုရင်း ခွဲနေရတယ်၊ ညီမလေးက အမေရိကမှာဆိုတော့ စိုးရိမ်တယ်၊ သူများ တွေ ဆိုရင် အလုပ်မနားရသေးဘူး၊ ကျွန်တော်တို့ဆီမှာက Work Home ဖြစ်နေပြီ၊ အဖေက စိတ်မာတယ်၊ မင်းပူမနေနဲ့ လုပ်စရာရှိတာ ဆက်လုပ်လို့ပဲပြောတယ်၊ အတိတ်က ကံပါရင် ရှောင်လွှဲလို့ မရဘူးလေ၊ ပြန်ကောင်းပါစေလို့ ဆုတောင်းပါတယ်၊ အားလုံး ဒီရောဂါကြီး ပျောက် ကင်းပြီး ကောင်းပါစေလို့ ဆုတောင်းနေတယ်၊ အရမ်းလည်း စိတ်ပူနေတယ်”လို့ သရုပ်ဆောင် မိုးအောင်ရင်က ရှင်းပြပါတယ်။

ထို ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါကူးစက်ခံရသော်လည်း ကူးစက်ခံရသူရဲ့ ၆၀ ရာခိုင်နှုန်း လောက် မှာ ဝေဒနာကို သိပ်မခံစားတဲ့အခြေအနေရှိပြီး ဖခင်ဖြစ်သူမှာ အဲ့ဒီ ၆၀ ရာခိုင်နှုန်းထဲ ပါဝင်နေတယ် လို့ ယူဆရကြောင်း၊ ယင်းနိုင်ငံရှိဆေးပညာရှင်တွေက လောလောဆယ်မှာ လူနာရဲ့အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး အင်္ဂလန်နိုင်ငံက နေအိမ်မှာပင် လိုအပ်တဲ့ ပြုစုမှုတွေ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

 “အဖေနဲ့ စကားပြောဖြစ်တာတော့ အသံက ပုံမှန်ပါပဲ၊ အသက်ရှူမှ မကြပ်တာတဲ့၊ အရမ်းကြီး အသက်ရှူကြပ်တော့မှ Health Care Center ကို သွားမယ်လို့တော့ ပြောတယ်၊ ကျွန်တော်တို့က ဒီကနေ စိုးရိမ်ပြီး ရောဂါပျောက်ကင်း သက်သာဖို့ ဆုတောင်းရုံပဲ ဆုတောင်းပေးနိုင်တာလေ၊ တော်တော့်ကိုလည်း စိတ်တွေပူနေတယ်”လို့ သရုပ်ဆောင် မိုးအောင်ရင်က ဆက်လက်ပြောကြား ခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အသိအမြင်များရှိကာ သက်ဆိုင်ရာက တိုက်တွန်း ထားတဲ့ ညွှန်ကြားချက်တွေအတိုင်းလိုက်နာလုပ်ဆောင်သင့်ကြောင်း၊ လက်ကို စနစ်တကျ စင်ကြယ်အောင် ဆေးကြောတာတွေကို လုပ်ဆောင်ရင်း မိမိကိုယ်ကိုရော မိမိ ပတ်ဝန်းကျင် ကိုရော ကာကွယ်သင့်ကြောင်း ၎င်းက ဆိုပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၂၉