ရာသီပေါ်သီးနှံတွေရောင်းချနေတဲ့ ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင် အင်ကြင်း

ရာသီပေါ်သီးနှံတွေရောင်းချနေတဲ့ ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင် အင်ကြင်း

အခုလို COVID ကာလမှာ အနုပညာအလုပ်တွေကို မလုပ်ရတော့တဲ့အတွက် သရုပ်ဆောင်တွေဟာ တခြားသော လုပ်ငန်းတွေမှာ လုပ်ကိုင်ရင်းနေထိုင်ကြသလို ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အင်ကြင်း ဟာလည်း ရာသီပေါ်သီးနှံတွေကို ရောင်းချရင်း ရုန်းကန်ကြိုးပမ်းနေရတယ် လို့ သိရပါတယ်။

“အခုလိုကာလမှာ အစ်မတို့က ဒီဘက်က အနုပညာအလုပ်ကလည်း ရပ်ထားရတယ်၊ အစ်မတို့ဆိုင်က ပုဂံမှာ ရှိတာဆိုတော့ ခရီးသွားလုပ်ငန်းကလည်း မကောင်းတော့ ဆိုင်လည်းပိတ်ထားရတယ်လေ၊ အဲ့ဒီတော့ မော်လမြိုင်ကနေ ဒူးရင်းသီးတွေ၊ ရာသီပေါ် သီးနှံတွေယူရောင်းတယ်၊ ဒီလိုလုပ်လို့လည်း ရှက်တာမျိုးတော့ မဖြစ်ပါဘူး၊ ကိုယ့်နောက်ကွယ်မှာခံစားနေရတဲ့ မိသားစုပြဿနာတွေ အကုန်လုံးက ကိုယ်သာအသိဆုံးပါ၊ ဒီအလုပ်ကိုလည်း သမာအာဇီဝအနေနဲ့လုပ်နေရတာပဲလေ၊ တစ်ချို့ဆိုရင် ဒူးရင်းသီးမကြိုက်ဘူး၊ အားပေး ကြတယ်၊ ဝယ်ပြီးတော့ လက်ဆောင်တွေပေးကြတယ်၊ အဲ့ဒီလိုအားပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်၊ ကိုယ့်အနောက်မှာ မှီခိုနေတဲ့ဝန်ထမ်းတွေလည်း ရှိနေတော့ ဒီကာလကတော့ တော်တော်လေးရုန်းကန် နေရပါတယ်၊ အစ်မတို့ဆိုင်က ခရီးသွားဧည့်သည်ကို မျှော်ရတဲ့ဆိုင်လေ၊ ဒီလိုကာလပြီးတဲ့နောက် လုံးဝကို COVID ကြီးပြီးပါပြီဆိုတာတောင် နှစ်လ၊ သုံးလအတွင်းမှာတော့ ခရီးသွားဦး မှာမဟုတ်ဘူးလို့ ထင်တယ်၊ ဒါကြောင့်လည်း အစ်မတို့ဆိုင်အနေနဲ့ သိပ်တော့အလုပ်ဖြစ်ဦးမှာမဟုတ်ဘူး”လို့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင် အင်ကြင်းက ရှင်းပြပါတယ်။

ယခုအခါ COVID ရဲ့ အခြေအနေပေါ်မူတည်၍ ဆိုင်များလည်းပြန်လည်ဖွင့်လှစ်ခွင့်ပေးနေသလို ဇာတ်ကား ရိုက်ကူးမှုများလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါက အနုပညာအလုပ်ကို လုပ်ကိုင်သွားဖို့ရှိကြောင်း၊ ဇာတ်လမ်းတွဲ တစ်ခုအတွက်လည်း ပြောဆိုထားတာ တွေရှိသလို အနုပညာအရည်အသွေးကိုလည်း ပိုမိုကောင်းမွန်အောင် ကြိုးစားသွားဖို့ရှိကြောင်း၊ ပရိသတ်တွေအနေနဲ့လည်း ချစ်ခင် အားပေးကြဖို့လိုလားကြောင်း ၎င်းက ပြောဆိုပါတယ်။ ယခုလိုရောင်းချနေတဲ့ ရာသီပေါ်သီးနှံတွေကို ကာလတစ်ခုအကြာအထိသာ ရောင်းချသွားဖို့ မှန်းထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- အင်ကြင်း)
ရန်ကုန်၊ ဇွန် ၅

(  Zawgyi  )

 အခုလို COVID ကာလမွာ အႏုပညာအလုပ္ေတြကို မလုပ္ရေတာ့တဲ့အတြက္ သ႐ုပ္ေဆာင္ေတြဟာ တျခားေသာ လုပ္ငန္းေတြမွာ လုပ္ကိုင္ရင္းေနထိုင္ၾကသလို ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ အင္ၾကင္း ဟာလည္း ရာသီေပၚသီးႏွံေတြကို ေရာင္းခ်ရင္း ႐ုန္းကန္ႀကိဳးပမ္းေနရတယ္ လို႔ သိရပါတယ္။

“အခုလိုကာလမွာ အစ္မတို႔က ဒီဘက္က အႏုပညာအလုပ္ကလည္း ရပ္ထားရတယ္၊ အစ္မတို႔ဆိုင္က ပုဂံမွာ ရွိတာဆိုေတာ့ ခရီးသြားလုပ္ငန္းကလည္း မေကာင္းေတာ့ ဆိုင္လည္းပိတ္ထားရတယ္ေလ၊ အဲ့ဒီေတာ့ ေမာ္လၿမိဳင္ကေန ဒူးရင္းသီးေတြ၊ ရာသီေပၚ သီးႏွံေတြယူေရာင္းတယ္၊ ဒီလိုလုပ္လို႔လည္း ရွက္တာမ်ိဳးေတာ့ မျဖစ္ပါဘူး၊ ကိုယ့္ေနာက္ကြယ္မွာခံစားေနရတဲ့ မိသားစုျပႆနာေတြ အကုန္လုံးက ကိုယ္သာအသိဆုံးပါ၊ ဒီအလုပ္ကိုလည္း သမာအာဇီဝအေနနဲ႔လုပ္ေနရတာပဲေလ၊ တစ္ခ်ိဳ႕ဆိုရင္ ဒူးရင္းသီးမႀကိဳက္ဘူး၊ အားေပး ၾကတယ္၊ ဝယ္ၿပီးေတာ့ လက္ေဆာင္ေတြေပးၾကတယ္၊ အဲ့ဒီလိုအားေပးတဲ့ ပရိသတ္ကို ေက်းဇူးတင္ပါတယ္၊ ကိုယ့္အေနာက္မွာ မွီခိုေနတဲ့ဝန္ထမ္းေတြလည္း ရွိေနေတာ့ ဒီကာလကေတာ့ ေတာ္ေတာ္ေလး႐ုန္းကန္ ေနရပါတယ္၊ အစ္မတို႔ဆိုင္က ခရီးသြားဧည့္သည္ကို ေမွ်ာ္ရတဲ့ဆိုင္ေလ၊ ဒီလိုကာလၿပီးတဲ့ေနာက္ လုံးဝကို COVID ႀကီးၿပီးပါၿပီဆိုတာေတာင္ ႏွစ္လ၊ သုံးလအတြင္းမွာေတာ့ ခရီးသြားဦး မွာမဟုတ္ဘူးလို႔ ထင္တယ္၊ ဒါေၾကာင့္လည္း အစ္မတို႔ဆိုင္အေနနဲ႔ သိပ္ေတာ့အလုပ္ျဖစ္ဦးမွာမဟုတ္ဘူး”လို႔ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္ အင္ၾကင္းက ရွင္းျပပါတယ္။

ယခုအခါ COVID ရဲ႕ အေျခအေနေပၚမူတည္၍ ဆိုင္မ်ားလည္းျပန္လည္ဖြင့္လွစ္ခြင့္ေပးေနသလို ဇာတ္ကား ႐ိုက္ကူးမႈမ်ားလည္း ျပန္လည္ဖြင့္လွစ္ခြင့္ျပဳပါက အႏုပညာအလုပ္ကို လုပ္ကိုင္သြားဖို႔ရွိေၾကာင္း၊ ဇာတ္လမ္းတြဲ တစ္ခုအတြက္လည္း ေျပာဆိုထားတာ ေတြရွိသလို အႏုပညာအရည္အေသြးကိုလည္း ပိုမိုေကာင္းမြန္ေအာင္ ႀကိဳးစားသြားဖို႔ရွိေၾကာင္း၊ ပရိသတ္ေတြအေနနဲ႔လည္း ခ်စ္ခင္ အားေပးၾကဖို႔လိုလားေၾကာင္း ၎က ေျပာဆိုပါတယ္။ ယခုလိုေရာင္းခ်ေနတဲ့ ရာသီေပၚသီးႏွံေတြကို ကာလတစ္ခုအၾကာအထိသာ ေရာင္းခ်သြားဖို႔ မွန္းထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- အင္ၾကင္း)
ရန္ကုန္၊ ဇြန္ ၅