သီချင်းသီဆိုမှုသာမက သရုပ်ဆောင်တာလည်း ဝါသနာပါတယ်ဆိုတဲ့ တေးသံရှင် ပိုပို

သီချင်းသီဆိုမှုသာမက သရုပ်ဆောင်တာလည်း ဝါသနာပါတယ်ဆိုတဲ့ တေးသံရှင် ပိုပို

တေးသီချင်း သီဆိုမှုတွေကိုသာမက သရုပ်ဆောင်တဲ့ အပိုင်းကိုလည်း ဝါသနာပါတယ်လို့ တေးသံရှင် ပိုပို က ထုတ်ဖော်ပြောကြားပါတယ်။

လတ်တလောမှာ တေးသီချင်းတွေ သီဆိုရင်း MTV ခွေ ထုတ်တဲ့အခါမှာလည်း မိမိဝါသနာပါတဲ့ သရုပ်ဆောင်မှု ဝါသနာအရ ပါဝင်ထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“အဆိုတော်တစ်ယောက် ဖြစ်ပေမယ့် အနုပညာအားလုံးကိုတော့ မြတ်နိုးပါတယ်၊ သီချင်းဆိုတာလည်း အနုပညာအလုပ်ဖြစ်သလို သရုပ်ဆောင်တာလည်း အနုပညာအလုပ်ပဲလေ၊ ဒါ့ကြောင့်လည်း အနုပညာအလုပ် အကုန်လုံးကို ဝါသနာလည်းပါတယ်၊ မြတ်နိုးပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

အနုပညာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လုပ်စရာတွေ အများကြီးရှိပေမယ့် လတ်လောမှာ အကောင်အထည်ဖော်နိုင်ဖို့ဟာ အားနည်းချက်တွေ အခက်အခဲလေးတွေ ရှိနေသေးတာကြောင့် မိမိဖန်တီးချင်တဲ့ အနုပညာအလုပ်ကို လုပ်ကိုင်ဖို့အတွက် အခုဝမ်းစာဖြည့်ကာ လေ့လာသင်ယူတာတွေလည်း လုပ်ဆောင်နေသလို အနာဂတ်မှာ လုပ်ဆောင်မယ့် အနုပညာလုပ်ငန်းတွေအတွက် ငွေကြေးစုဆောင်းတာတွေကို လုပ်ကိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။

“အခုဖြန့်ချီနေတဲ့ တေးအယ်လ်ဘမ်မှာ ငွေကြေးအများအပြား အကုန်ခံပြီးတော့ ပုံဖော်ထားပါတယ်၊ ပရိသတ်ကို အကောင်းဆုံးပဲ ပေးချင်တာပါ၊ ဒါကြောင့်လည်း စိတ်ကူးစိတ်သန်းတွေကို ပုံဖော်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားဦးမှာပါ၊ အားပေးတဲ့ ပရိသတ်တွေအနေနဲ့ ခံစားအားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ သူက ရှင်းပြခဲ့ပါတယ်။

ပရိသတ်တွေကို အနုပညာနဲ့ ပေးဆပ်တဲ့အခါ အရည်အသွေးကောင်းကောင်းနဲ့ အနုပညာတန်ဖိုး လျော့မသွားအောင် ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၀