အဆိုတော် J Fire နဲ့ လက်ဝှေ့ထိုးသတ်ဖို့ ပြင်ဆင်နေတဲ့ မိုးအောင်ရင်

အဆိုတော် J Fire နဲ့ လက်ဝှေ့ထိုးသတ်ဖို့ ပြင်ဆင်နေတဲ့ မိုးအောင်ရင်

သရုပ်ဆောင် မိုးအောင်ရင်ဟာ Burmese Street Boxing ပွဲမှာ အဆိုတော် J Fire နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။အဆိုပါလက်ဝှေ့ပွဲဟာ COVID-19 ကာကွယ်ဆေး ရန်ပုံငွေအတွက် ကျင်းပမယ့်ပွဲလည်းဖြစ်သလို သရုပ်ပြထိုးသတ်ကြမှာဖြစ်ပါတယ်။

“ဟိုးအရင်တုန်းကလေ့ကျင့်တဲ့ ဆရာကနေ ဆက်သွယ်လာတာ၊ ဟာ ဆရာ ဘယ်လိုထိုးလို့ဖြစ်မလဲဆိုတော့ သရုပ်ပြပဲဆိုတာမျိုးနဲ့ ဒါမျိုးလေးထိုးရင်းနဲ့ အလှူငွေရတာဆိုတာဆိုတော့ လက်ခံဖြစ်သွားတယ်၊ သရုပ်ပြတယ်ဆိုပေမယ့် ရုပ်ရှင်ရိုက်တာမဟုတ်ဘူးလေ၊ လက်သီးတွေက တကယ်ထိုးနေတာကြောင့် မတော်လို့ ထိမိတာမျိုးတွေရှိမယ်၊ ဒါတွေကို စောစောကတည်းက ကိုယ်ကလက်ခံထားတာ၊ အားလုံးစိတ်ဝင်စားသလို မိဘတွေက အရမ်းလည်းစိတ်ပူကြတယ်၊ အဖေကတောင် ဟေ့ကောင် ငါ့သား ဒါကိုဘာလို့လက်ခံလိုက်တာလဲလို့ ပြောတယ်။သူတို့ အင်္ဂလန်မှာရှိနေလို့။ဒီမှာသာရှိနေရင် အကြီးအကျယ်တားမှာပဲ၊ ကျွန်တော်က အခုမှစပြီးလေ့ကျင့်နေတာပါ” လို့ ၎င်းက ရှင်းပြပါတယ်။

သူဟာ လက်ဝှေ့ကို ရူးသွပ်စွာဝါသနာပါသူလည်းဖြစ်သလို အရင်ကလေ့ကျင့်တာတွေလုပ်ဆောင်ခဲ့ကြောင်း၊ သရုပ်ဆောင်လုပ်တဲ့အခါ ခန္ဓာကိုယ်အလေးချိန်ကျမှာကို စိုးရိမ်တဲ့အတွက် ခဏရပ်ထားရင်း Gym ကိုသာ ကစားနေတာဖြစ်ပါတယ်။ထိုလက်ဝှေ့ပွဲအတွက် စိတ်လှုပ်ရှားနေသလို ယခုကတည်းက လေ့ကျင့်တာတွေကို အပြင်းအထန်လုပ်ဆောင်နေပြီး အဆိုတော် J Fire နဲ့လည်း မဆုံဘူးသေးဘူးလို့ ဆိုပါတယ်။

“စင်ပေါ်တက်ရမှာဆိုတော့ ဘယ်သူမဆို လူပဲလေ ကြောက်တာပေါ့၊ ငါတလွဲဖြစ်မှာပဲ ရှုံးနိုင်တယ်ဆိုပြီး ကြောက်တာပဲ၊ ဂိမ်းဆော့တာလည်း နိုင်အောင်ဆော့တာပဲ၊ အခုက သူရယ် ကိုယ်ရယ် အပြိုင် ဘယ်သူနိုင်မလဲဆိုတာကိုလုပ်ရင်း ဆော့တာ၊ စင်ပေါ်မှာထိုးတဲ့ပွဲတွေကိုကြည့်ရင် သူတို့က ထိုးတာအရမ်းယဉ်တယ်၊ ဒါကလည်း sparing ဖြစ်မှရမှာလေ။ကျွန်တော်က အရင်က sparing ဖြစ်အောင် မလုပ်ခဲ့ဘူးဆိုတာကလည်း ထိခိုက်ရှနာဖြစ်မှာကြောက်လို့လေ၊ ကျွန်တော့်ကိုစိတ်ပူတဲ့သူတွေရှိရင်လည်း စိတ်မပူကြပါနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်၊ အတိုက်အခိုက်ရော အခုအခံရော ကြိုးစားပါ့မယ်၊ ကျွန်တော့်ကို နိုင်စေချင်တဲ့သူတွေအနေနဲ့လည်း နိုင်အောင်လို့ ကြိုးစားပါ့မယ်လို့ ပြောချင်ပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

အဆိုပါလက်ဝှေ့ပွဲကို လာမယ့် ဖေဖော်ဝါရီလထဲပြုလုပ်သွားဖို့ အကြမ်းဖျဉ်းလျာထားကြပြီး လတ်တလောမှာ ပွဲအတွက် စပွန်ဆာကိစ္စကို ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ဆောင်နေတာကြောင့် ထိုးမယ့်ရက်အတိအကျ မထုတ်ပြန်နိုင်သေးဘူးလို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဇန်နဝါရီ - ၂၁

( Zawgyi )

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ဟာ Burmese Street Boxing ပြဲမွာ အဆိုေတာ္ J Fire နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ဖို႔အတြက္ လိုအပ္တဲ့ေလ့က်င့္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။အဆိုပါလက္ေဝွ႔ပြဲဟာ COVID-19 ကာကြယ္ေဆး ရန္ပုံေငြအတြက္ က်င္းပမယ့္ပြဲလည္းျဖစ္သလို သ႐ုပ္ျပထိုးသတ္ၾကမွာျဖစ္ပါတယ္။

“ဟိုးအရင္တုန္းကေလ့က်င့္တဲ့ ဆရာကေန ဆက္သြယ္လာတာ၊ ဟာ ဆရာ ဘယ္လိုထိုးလို႔ျဖစ္မလဲဆိုေတာ့ သ႐ုပ္ျပပဲဆိုတာမ်ိဳးနဲ႔ ဒါမ်ိဳးေလးထိုးရင္းနဲ႔ အလႉေငြရတာဆိုတာဆိုေတာ့ လက္ခံျဖစ္သြားတယ္၊ သ႐ုပ္ျပတယ္ဆိုေပမယ့္ ႐ုပ္ရွင္႐ိုက္တာမဟုတ္ဘူးေလ၊ လက္သီးေတြက တကယ္ထိုးေနတာေၾကာင့္ မေတာ္လို႔ ထိမိတာမ်ိဳးေတြရွိမယ္၊ ဒါေတြကို ေစာေစာကတည္းက ကိုယ္ကလက္ခံထားတာ၊ အားလုံးစိတ္ဝင္စားသလို မိဘေတြက အရမ္းလည္းစိတ္ပူၾကတယ္၊ အေဖကေတာင္ ေဟ့ေကာင္ ငါ့သား ဒါကိုဘာလို႔လက္ခံလိုက္တာလဲလို႔ ေျပာတယ္။သူတို႔ အဂၤလန္မွာရွိေနလို႔။ဒီမွာသာရွိေနရင္ အႀကီးအက်ယ္တားမွာပဲ၊ ကြၽန္ေတာ္က အခုမွစၿပီးေလ့က်င့္ေနတာပါ” လို႔ ၎က ရွင္းျပပါတယ္။

သူဟာ လက္ေဝွ႔ကို ႐ူးသြပ္စြာဝါသနာပါသူလည္းျဖစ္သလို အရင္ကေလ့က်င့္တာေတြလုပ္ေဆာင္ခဲ့ေၾကာင္း၊ သ႐ုပ္ေဆာင္လုပ္တဲ့အခါ ခႏၶာကိုယ္အေလးခ်ိန္က်မွာကို စိုးရိမ္တဲ့အတြက္ ခဏရပ္ထားရင္း Gym ကိုသာ ကစားေနတာျဖစ္ပါတယ္။ထိုလက္ေဝွ႔ပြဲအတြက္ စိတ္လႈပ္ရွားေနသလို ယခုကတည္းက ေလ့က်င့္တာေတြကို အျပင္းအထန္လုပ္ေဆာင္ေနၿပီး အဆိုေတာ္ J Fire နဲ႔လည္း မဆုံဘူးေသးဘူးလို႔ ဆိုပါတယ္။

“စင္ေပၚတက္ရမွာဆိုေတာ့ ဘယ္သူမဆို လူပဲေလ ေၾကာက္တာေပါ့၊ ငါတလြဲျဖစ္မွာပဲ ရႈံးႏိုင္တယ္ဆိုၿပီး ေၾကာက္တာပဲ၊ ဂိမ္းေဆာ့တာလည္း ႏိုင္ေအာင္ေဆာ့တာပဲ၊ အခုက သူရယ္ ကိုယ္ရယ္ အၿပိဳင္ ဘယ္သူႏိုင္မလဲဆိုတာကိုလုပ္ရင္း ေဆာ့တာ၊ စင္ေပၚမွာထိုးတဲ့ပြဲေတြကိုၾကည့္ရင္ သူတို႔က ထိုးတာအရမ္းယဥ္တယ္၊ ဒါကလည္း sparing ျဖစ္မွရမွာေလ။ကြၽန္ေတာ္က အရင္က sparing ျဖစ္ေအာင္ မလုပ္ခဲ့ဘူးဆိုတာကလည္း ထိခိုက္ရွနာျဖစ္မွာေၾကာက္လို႔ေလ၊ ကြၽန္ေတာ့္ကိုစိတ္ပူတဲ့သူေတြရွိရင္လည္း စိတ္မပူၾကပါနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားပါ့မယ္၊ အတိုက္အခိုက္ေရာ အခုအခံေရာ ႀကိဳးစားပါ့မယ္၊ ကြၽန္ေတာ့္ကို ႏိုင္ေစခ်င္တဲ့သူေတြအေနနဲ႔လည္း ႏိုင္ေအာင္လို႔ ႀကိဳးစားပါ့မယ္လို႔ ေျပာခ်င္ပါတယ္” လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

အဆိုပါလက္ေဝွ႔ပြဲကို လာမယ့္ ေဖေဖာ္ဝါရီလထဲျပဳလုပ္သြားဖို႔ အၾကမ္းဖ်ဥ္းလ်ာထားၾကၿပီး လတ္တေလာမွာ ပြဲအတြက္ စပြန္ဆာကိစၥကို ညႇိႏႈိင္းေဆြးေႏြးတာေတြ လုပ္ေဆာင္ေနတာေၾကာင့္ ထိုးမယ့္ရက္အတိအက် မထုတ္ျပန္ႏိုင္ေသးဘူးလို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဇန္နဝါရီ - ၂၁