အနုပညာ၊ ပရဟိတနှလုံးသားများ တစ်ဖက်နဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

အနုပညာ၊ ပရဟိတနှလုံးသားများ တစ်ဖက်နဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

အနုပညာလုပ်ငန်းများကို လုပ်ကိုင်ရင်း မိမိအားလပ်တဲ့ အချိန်တွေမှာ တတ်နိုင်သောဘက်မှ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ကာ “ခိုင်နှင်းေ၀ ပရဟိတလူငယ်များအသင်း”    တည်ထောင်ထားတဲ့ သရုပ်ဆောင် ခိုင်နှင်းေ၀ နဲ့ ခေတ္တတွေ့ဆုံစဉ် မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

မေး - ဒီလိုပရဟိတအသင်းလုပ်ဖြစ်တဲ့ အခြေအနေလေးကို ပြောပြပေးပါဦး။

အားပေးတဲ့ ပရိသတ်တွေ၊ ဖေ့စ်ဘွတ်ဖန်ကလည်း တောင့်တင်းလာတဲ့အခါကျတော့ ဖန်အဖွဲ့တွေကလည်း ပရဟိတအဖွဲ့လေး လုပ်ပါလားလို့ ဝိုင်းပြောကြတယ်၊ အစ်မကလည်း ဝါသနာပါတော့ အဲ့ဒါဆိုရင် လုပ်မယ်ဆိုပြီးတော့ စပြီးတော့ လုပ်ဖြစ်သွားတာပါ။

မေး -     အနုပညာလုပ်ငန်းကလည်းရှိတော့ ပရဟိတဘက်မှာ စိတ်ကိုဘယ်လိုထားပါသလဲ။

ဒီကလေးတွေဆိုတာက အစကတည်းက အစ်မကချစ်တတ်တာ၊ ပရဟိတသမားဆိုတာကတော့ ဒုက္ခရောက်နေသူတွေ အကုန်လုံးကို နိဗ္ဗာန်ပေါင်းကူးတံတားအနေနဲ့ရယ် ကိုယ် ကိုယ်တိုင် ပရဟိတကိုလည်း ဝါသနာပါတော့ အကူအညီပေးချင်တဲ့အနေနဲ့ လုပ်ဖြစ်သွားတာပါ။ရိုက်ကွင်းမရှိတဲ့ အချိန်တွေမှာ ဒီဘက်မှာ ပိုပြီးလုပ်ကိုင်ဖြစ်တာပေါ့။ကလေးတွေမှာ အနိုင်ကျင့် စော်ကားခံရတာတွေ၊ မတရားခံရတာတွေ တွေ့လာရတယ်၊ တွေ့ပြီးတော့ ဒီဘက်မှာ အကူအညီပေးဖို့ ဒါမျိုးလုပ်ဖြစ်သွားတာပါ။

မေး -     ဒီလို ပရဟိတအလုပ်တွေကို သရုပ်ဆောင်မဖြစ်ခင်ကတည်းက လုပ်ခဲ့ဖူးတာလား။

ဟုတ်ပါတယ်၊ မင်းသမီးမလုပ်ခင်ကတည်းက ဒီလို မိဘမဲ့ကလေးတွေကိုလည်း သွားလှူဖြစ်ခဲ့တယ်၊ ရှင် ၁၀၈ ပါးလည်း ပြုပေးခဲ့တယ်၊ နောက်ပိုင်းတော့ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ချင်တဲ့ စိတ်ကလည်း ဖြစ်လာတယ်၊ ဘာကြောင့်လည်းဆိုတော့ အစ်မတို့က Broken Family က လာတာကြောင့်လည်းပါတယ်၊ မိဘမဲ့ကလေးတွေ ကျောင်းသွားတဲ့အခါမှာ သူတို့တွေရဲ့ဘဝကို ကိုယ်ချင်းစာတယ်၊ စာနာတယ်၊ သူတို့မှာ ပူဆာစရာ အဖေ၊ အမေ မရှိဘူး၊ ဆွေမျိုးသားချင်း မရှိဘူး၊ ဒီကျောင်းမှာပဲနေရတယ်၊ ကျောင်းအိပ်ကျောင်းစား အလည်အပတ် အပျော်အပါး သိပ်မရှိတဲ့အခါကျတော့ ဒီကလေးတွေရဲ့ဘဝကို စာနာလာတယ်၊ စာနာလာတာကနေ မိဘမဲ့ကျောင်းလေးတွေမှာ အရင်တုန်းက တစ်စတစ်စ လှူဖြစ်တာပေါ့လေ၊ လှူတာကနေ အခုစွန့်ပစ်ခံကလေးတွေကို လိုက်လှူပေးဖြစ်တယ်၊ ကလေးတွေ ရုန်းကန်နေရတာကို သနားလို့ လှူဖြစ်တယ်၊ အခုနောက်ပိုင်းတော့ ပရဟိတအဖွဲ့အနေနဲ့ လုပ်ဖြစ်လာတယ်။

မေး -     နယ်တွေမှာ ပညာပေးဟောပြောတာမျိုးတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်၊ အဲ့ဒီအခြေအနေလေး ပြောပြပါဦး။

အစ်မက ပရဟိတလုပ်နေရင်းကနေ INGO အဖွဲ့အစည်းဖြစ်တဲ့ ယူနိုက်တက်စ်အက် ကနေ ကလေးလူကုန်ကူးမှု တားဆီးရေး အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းကို ခံရတယ်။သူတို့အဖွဲ့တွေနဲ့ လက်တွဲပြီးတော့ လှုပ်ရှားတယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ကြီး၊ မန္တလေး အဲ့ဒီဒေသတွေကို သွားပြီးတော့ ပညာပေးဟောပြောပွဲတွေ လုပ်ခဲ့ပါတယ်၊ အစ်မကိုယ်တိုင် ပါဝင်ဟောပြောတယ်၊ နောက်တစ်ခုက အဲ့ဒီလိုလုပ်နေရင်းကနေ ကလေးအခွင့်အရေးတွေ ကလေးတွေ အကြမ်းဖက်ခံရတာတွေ၊ ကလေးလူကုန်ကူးမှု ခံရတာတွေ အဲ့ဒီကိစ္စတွေက အစ်မတို့ အလုပ်ကနေ သိနားလည်လာတာပေါ့လေ၊ အဲ့ဒီအဖွဲ့အစည်းတွေနဲ့ လိုက်ရင်းကနေ အစ်မ ပိုပြီးတော့နားလည်လာတာပါ။

မေး -     အခုနောက်ပိုင်း ဖြစ်လာတဲ့ သက်ငယ်မုဒိမ်းတွေ ပပျောက်ဖို့ဆိုရင် ဘာတွေလုပ်ဖို့ လိုတယ်လို့ မြင်ပါသလဲ။

သက်ငယ်မုဒိမ်း ပပျောက်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်လို့မရပါဘူး၊ လူတိုင်း ကိုယ့်အသိစိတ်ဓာတ်လေးနဲ့ကိုယ်၊ အကယ်၍လည်း သက်ငယ်မုဒိမ်း ခံရရင်လည်း မရှက်မကြောက်ပါနဲ့၊ ပတ်ဝန်းကျင်က လက်ညှိုးမထိုးကြပါနဲ့လို့ ပြောချင်တယ်၊ ဖြစ်သွားတဲ့ မိသားစုကလည်း မရှက်မကြောက်ဘဲနဲ့ နီးစပ်ရာ ရဲစခန်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေထံ တိုင်ကြားကြပါလို့  အစ်မပြောချင်ပါတယ်၊ ဒီသက်ငယ်မုဒိမ်း ပပျောက်ဖို့အတွက်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျန်တဲ့အဖွဲ့အစည်းတွေ အားလုံးက ဝိုင်းဝန်းကူညီပေးပြီးတော့ တူတူလက်တွဲပြီး လုပ်ဆောင်မှပဲ ရမှာပါ။ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့လောက်နဲ့ လုပ်ကိုင်လို့ မရနိုင်ဘူး၊ အကုန်လုံးက ပူးပေါင်းဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။

မေး -     အဲ့ဒီလိုဖြစ်စဉ်တွေဟာ ဘာကြောင့်ဖြစ်လာရတယ်လို့ မြင်မိပါသလဲ။

ပြောရရင် အစ်မတို့ မြန်မာလူမျိုးတွေက ရိုးသားကြတယ်၊ ယုံကြည်လွယ်ကြတယ်၊ တောတွေမှာ နယ်စွန်နယ်ဖျားကျတဲ့ နေရာတွေမှာဆိုရင်တော့ စားဝတ်နေရေး အဆင်မပြေကြဘူး၊ မိဘတွေက အပြင်ထွက် အလုပ် လုပ်ကြတာရှိတယ်၊ တစ်ချို့ဆိုရင် ကလေးကို ကလေးက ထိန်းရတာမျိုးတွေရှိတယ်၊ အဲ့ဒီလိုမျိုးတွေကများတော့ မိဘတွေ အလုပ်သွားတဲ့အခါ ဘေးအိမ်ကပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ် ကလေးတွေကို ခေါ်ထိန်းပေးတယ်၊ ဒါကနေ ကလေးကို လက်တည့်စမ်းချင်ကြတယ်ပေါ့၊ အကုန်လုံးကိုတော့ မဆိုလိုဘူး၊ တစ်ချို့တလေတွေက ဖြစ်တတ်တာကိုပြောတာပါ။ဖေ့စ်ဘွတ်တွေ ပေါ်လာတဲ့ အခါကျတော့ ဖေ့စ်ဘွတ်တွေကနေ ကြည့်ပြီး လက်တည့်စမ်းချင်ကြတဲ့အခါကျတော့ အမျိုးသမီးတွေကို စော်ကားချင်တဲ့အခါ အမျိုးသမီးတွေက လူကြီးဖြစ်တဲ့အတွက် အသိဉာဏ်ရှိတယ်၊ ခုခံဖို့ရှိတယ် ဆိုတဲ့အခါကျတော့ ကလေးအနေနဲ့က အားနည်းတယ်၊ အားနွဲ့တယ်၊ ပြန်ပြီးတော့ မခုခံနိုင်ဘူး၊ ကလေးဆိုတာမျိုးက ကြောက်တတ်တဲ့အခါကျတော့ ချိန်းခြောက်တဲ့အခါကျတော့ ကလေးကို သူတို့စိတ်ပြေရာပြေကြောင်း လုပ်တတ်ကြတယ်၊ အဲ့ဒီအတွက်ကြောင့် လုံးဝမဖြစ်သင့်တဲ့အရာပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ ဒီလို သက်ငယ်မုဒိမ်းဖြစ်တာ အင်မတန်မှ ရှက်ဖို့ကောင်းပါတယ်။ အွန်လိုင်းတွေမှာ movie တွေ ကြည့်ကြတယ်၊ ကလေးတွေ အချင်းချင်းတောင်မှပဲ တစ်ယောက်နဲ့ တစ်ယောက် လက်တည့်စမ်းချင်ကြတယ်၊ လူကြီးတွေကျတော့လည်း ကလေးကအားငယ်တယ်၊ အားနွဲ့တဲ့အခါကျတော့ အနိုင်ကျင့် စော်ကားကြတာပေါ့။

မေး -     ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး ဆက်လုပ်မယ့်ဟာတွေ ဘာတွေရှိပါသေးသလဲ။

အခု အစ်မ ခိုင်နှင်းေ၀ ရင်သွေးလေးများဂေဟာ ဆိုပြီးတော့ ကြိုးစားနေပါတယ်။အစ်မတို့ လက်ရှိက မိဘမဲ့ကလေးတွေ၊ အယောက် ၅၀ ကျော်လောက်တော့ ရှိတယ်၊ ကျောင်းလေးအဖြစ်နဲ့ စောင့်ရှောက်ထားတာပေါ့နော်၊ ကလေးတွေက များလာတော့ သူတို့ကိုထားချင်ပေမယ့် နေရာမရှိဘူး၊ ဒါကြောင့် ကျောင်းဆောက်လုပ်မယ်ဆိုပြီးတော့ အစ်မက စဉ်းစားလိုက်တယ်၊ ကလေးတွေကို လမ်းဘေးမှာပစ်သွားကြတာတွေ တွေ့တယ်၊ တစ်ချို့တွေဆိုရင် ဖျက်ချကြတာတွေ တွေ့တယ်၊ ကလေးတွေကို အဲ့ဒီလိုမျိုးမဖြစ်ရအောင် ဖျက်ချမယ်ဆိုလို့ရှိရင် အစ်မကျောင်းလေးမှာ ထားပေးပါ၊ အစ်မတာဝန်ယူပေးမယ်၊ အဲ့ဒီလို တာဝန်ယူပေးမယ်လို့ ပြောတာဟာ ကိုယ်ဝန်ဖျက်ချဖို့တွေ လက်လွတ်စပယ် လွယ်လွယ်နဲ့ ကိုယ်ဝန်ရဖို့ တွန်းအားပေးနေတာတော့ မဟုတ်ဘူး။

မေး - ဘယ်ကနေ ဘယ်လို ဒီလိုမျိုးစွန့်ပစ်တဲ့ ကလေးတွေကို စောင့်ရှောက်ပေးဖို့ ဖြစ်လာရသလဲဆိုတာ ပြောပြပေးပါဦးခင်ဗျာ။

မိန်းကလေး တော်တော်များများက ဆက်သွယ်လာကြတယ်၊ အဲ့ဒါဘယ်ကစလဲဆိုတော့ အစ်မအသိ ဆရာဝန်တစ်ယောက်က အစ်မကို ဆက်သွယ်လာတယ်၊ စွန့်ပစ်ခံကလေးတွေကို အစ်မက စောင့်ရှောက်ပေးတယ်ဆိုတော့ သူ့ဆီမှာ ကိုယ်ဝန်လာဖျက်ချကြတယ်၊ သူက ဖျက်ချခွင့်မပေးဘူး ဆိုတဲ့အခါကျတော့ အဲ့ဒီတော့ ဖျက်မချရအောင် မိန်းကလေးတွေကို အားပေးစကားပြောပေးပါလို့ ဆိုတယ်၊ ဘယ်နှစ်ယောက် ရှိသလဲဆိုတော့ ၁၀ ယောက်လောက် ရှိတယ်ဆိုတော့ သူတို့ကို မဖျက်ချဖို့ အားပေးစကားပြောရတယ်၊ မွေးဖို့အဆင်မပြေသေးရင် အဲဒီကလေးကို အစ်မစောင့်ရှောက်ပေးမယ်ပေါ့၊ တစ်ချို့ဆိုရင်လည်း အစ်မဆီ ဖုန်းဆက်ကြတယ်၊ အစ်မက အားပေးစကား ပြောကြားတယ်၊ တစ်ချို့မိန်းကလေးတွေဆိုရင် ကိုယ်ဝန် ရှစ်လလောက် ရှိပြီ။

မေး -     ဒီလိုဖြစ်စဉ်တွေကြောင့် အခုခေတ် မိန်းကလေးတွေကို အစ်မအနေနဲ့ ပြောချင်တာ ဘာများရှိပါသလဲ။

အစကတည်းက မိန်းကလေးက ကိုယ့်တန်ဖိုးကိုယ်သိပါ၊ မိမိကိုယ်ကို တန်ဖိုးထားကြပါ၊ ရည်းစားတွေမှာဆိုရင်လည်း လွယ်လွယ်နဲ့ လွန်လွန်ကျူးကျူး မဖြစ်ရအောင် နေထိုင်ကြပါ၊ ယောကျ်ားလေးကပဲ တာဝန်မယူသည်ပဲဖြစ်စေ အကြောင်းမျိုးစုံရှိကြတယ်၊ ကိုယ်ဝန်မလိုချင်ရင် အစကတည်းက ကိုယ်ဝန်မရအောင် အတားအဆီးတွေနဲ့ ခေတ်မီနေကြပြီ။ကိုယ်ဝန်ရသွားပြီ ဆိုရင်တော့ အစ်မအနေနဲ့က လူ့အသက်တစ်ချောင်းကို မသတ်စေချင်ဘူး၊ ဖျက်ချတယ်ဆိုရင် အကုသိုလ်ကံထိုက်တယ်၊ ဥပဒေအရလည်း ကန့်သတ်ထားတာတွေရှိတယ်၊ ကိုယ်ဝန်ရလာပြီဆိုရင်တော့ သတ္တိရှိရှိနဲ့ မွေးဖို့ပြောချင်တယ်၊ စွန့်ပစ်လိုက်တဲ့ ဒီကလေးဟာ ကောင်းတဲ့ပတ်ဝန်းကျင်နဲ့ တွေ့သွားရင် အကြောင်းမဟုတ်ဘူး၊ မကောင်းတဲ့လူနဲ့ တွေ့မယ်၊ မကောင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အခါကျတော့ ကလေးဆိုတာက အလွန်နုနယ်တဲ့ ပန်းကလေးတစ်ပွင့်ပါ။ အနာဂတ်မှာ ဒီလိုမျိုးစွန့်ပစ်ခံရတဲ့ ကလေးတွေ များလာတဲ့အခါမှာ ပန်းရိုင်းတွေ များလာမှာပေါ့နော်၊ ပတ်ဝန်းကျင်မှာ ဒီလိုမျိုးကလေးတွေ အရမ်းများလာမှာလည်း အစ်မစိုးရိမ်တယ်၊ ဒါကြောင့်မို့ စွန့်ပစ်ခံကလေးတွေ လျှော့ချရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကလေးတွေကို မစွန့်ပစ်ပါနဲ့လို့ ဆိုပြီးတော့ အစ်မပြောချင်တာပါ။

မေး -     နောက်ဆုံးအနေနဲ့ပေါ့ ပရဟိတအဖွဲ့မှာရော လူအင်အား ဘယ်လောက်နဲ့ လည်ပတ်နေပါသလဲ၊ ဘယ်လိုပုံစံနဲ့ သွားနေသလဲဆိုတာ ပြောပြပေးပါဦး။

အစ်မ အဖွဲ့မှာတော့ Volunteer သိပ်မရှိပါဘူး၊ အမာခံအဖွဲ့က ၈ ယောက် ၉ ယောက်ပဲ ရှိပါတယ်၊ ကျောင်းဆောက်မယ် ဆိုလို့ရှိရင် တတ်နိုင်တဲ့သူတွေက နိုင်သလောက် ပါဝင်လှူကြပေါ့နော်၊ တစ်ချို့က သုံးသိန်း၊ လေးသိန်း အဲ့ဒီလိုမျိုးလေးနဲ့ စုပေါင်းပြီးတော့ ဆောက်ရတာပါ။အစ်မမှာ ကျောင်းဆောက်ရလောက်အောင် တခြားနေရာမှာ သုံးရလောက်အောင် ဘဏ်ထဲမှာ ရန်ပုံငွေမရှိဘူး၊ တစ်ချို့ဆိုရင် လှူလာတယ်၊ အဲ့ဒီအလှူငွေကို ကျောင်းထဲမှာ စိုက်လိုက်နဲ့ပေါ့၊ တစ်ချို့ဆိုရင်လည်း ကျွေးချင်တယ်၊ အဲ့ဒီလိုမျိုးဆိုရင် ကလေးတွေကို ကျွေးတာလေး လိုက်လုပ်ပေးလိုက်နဲ့ အဲ့ဒီလိုမျိုးလေးနဲ့ လည်ပတ်နေရပါတယ်။

တွေ့ဆုံမေးမြန်း - မင်းခေတ်လင်း

ရန်ကုန်၊ စက်တင်ဘာ - ၁၂