【ဆောင်းပါး 】“ကံကြမ္မာကိုရွေးချယ်ခွင့်”

【ဆောင်းပါး 】“ကံကြမ္မာကိုရွေးချယ်ခွင့်”

ကျွန်တော်တို့ဘဝရဲ့ ဖြစ်စဉ်တွေကို ပြန်တွေးကြည့်လိုက်ရင် ကံကြမ္မာရဲ့ ဆုံးဖြတ်မှုအပေါ်မှာ မူတည်တယ်လို့ပြောတတ်ကြတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့ကိုယ်တိုင်လည်း ကံကြမ္မာရဲ့စီမံမှုအတိုင်းပါပဲလို့ ယူဆတတ်ခဲ့တယ်။ အမှန်တကယ်ဆိုရင်ကံ,ဉာဏ်,ဝီရိယဆိုပြီးအကြောင်းအကျိုးတွေကြောင့် ဖြစ်ပေါ်လာခဲ့ကြတာပါ။ ကံကောင်းခြင်း၊ကံဆိုးခြင်းတွေဟာလည်း ဉာဏ်(အသိဉာဏ်)နဲ့ဝီရိယ(လုံ့လစိုက်ခြင်း)တွေနဲ့ သက်ဆိုင်နေပါတယ်။
 
ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ ကံကြမ္မာတွေဟာ အလိုလိုရောက်ရှိလာခဲ့တာလား။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့လုပ်ဆောင်မှု အမှန်အမှားတွေကြောင့် ဖြစ်ပေါ်လာခဲ့တာလားဆိုတာကိုလည်း ပြန်စဉ်းစားရပါလိမ့်မယ်။ မိမိရဲ့ဆင်ခြင်ဉာဏ်တွေကြောင့်လည်း ဖြစ်ပေါ်လာတတ်သလို၊ မိမိရဲ့လုံ့လဝီရိယစိုက်ထုတ်မှု အနည်းအများတွေကြောင့်လည်း ဖြစ်ပေါ်လာခဲ့ကြတာပါ။ အဲဒီလိုအခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ကံကြမ္မာတွေကိုတော့ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ရောက်ရှိလာတဲ့ ကံကြမ္မာအကောင်းအဆိုးကိုလည်း အသိဉာဏ်၊လုံ့လဝီရိယနဲ့ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ကံကြမ္မာကောင်းကို ပိုကံကောင်းပြီး ရေရှည်တည်တံ့နိုင်အောင်ပေါ့။ ကံကြမ္မာဆိုးကို ရင်ဆိုင်တဲ့အချိန်မှာ သတိ၊အသိဉာဏ်နဲ့ ယှဉ်တဲ့ဆင်ခြင်မှုတွေ၊ ရဲရင့်မှုတွေ၊ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ လိုအပ်ပါလိမ့်မယ်။ ဒီလိုရင်ဆိုင်နိုင်မှ ကံကြမ္မာဆိုးကာလ တိုတောင်းသွားပြီး၊ ကံကြမ္မာဆိုးကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်။
 
ဥပမာအားဖြင့်၊မြစ်ပြင်ကျယ်ကြီးကို ဖြတ်ကူးတော့မယ့် လှေတစ်စီးလှော်ခတ်သူဟာ မဖြတ်ကူးခင် ဖြစ်ပေါ်လာနိုင်မယ့်အခြေအနေတွေကို အသိဉာဏ်နဲ့ ကြိုတင်သိမြင်ပြီး ဆင်ခြင်နိုင်ရမယ်။ အချိန်အတိုင်းအတာအရ လုံ့လ ဝီရိယထားဖို့ လိုအပ်ပါတယ်။ ကောင်းကင်ကြီးဟာ မိုးအုံ့မှိုင်းနေတဲ့ အခြေအနေမှာ၊ မိုးမုန်တိုင်းမကျမီ မြစ်ပြင်ကျယ်ကြီးကို တစ်ဖက်ကမ်းရောက်အောင် လွတ်ကင်းနိုင်သလား၊ မလွတ်ကင်းနိုင်ဘူးလားဆိုတာ အရေးကြီးပါတယ်။ အဲဒီလိုအသိဉာဏ်နဲ့ မတွက်ချက်ပဲနဲ့ ဖြတ်ကူးမိရင် မြစ်ပြင်ကျယ်အလယ်ကိုရောက်မှ မိုးမုန်တိုင်းမိပြီး လှေတိမ်းမှောက်သွားမှာပါ။ ကံကြမ္မာဆိုးကို ရင်ဆိုင်ရမှာပါ။ လှေတိမ်းမှောက်သွားပြီးရင် လှော်ခတ်တဲ့လူ လွတ်မြောက်နိုင်ဖို့အတွက်လည်း ဉာဏ်နဲ့လုံ့လဝီရိယရှိဖို့လိုအပ်နေပါပြီ။ ဒီလိုမှမဟုတ်ရင် လှော်ခတ်တဲ့လူ့အသက်ပါ သေဆုံးသွားနိုင်ပါတယ်။ ကံကြမ္မာမိုးမှောင်ကျတယ်ဆိုတာမျိုးပေါ့။
 
ကံကြမ္မာအကောင်းအဆိုးဆိုတာတွေကို လူကရွေးချယ်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီး အဲဒီလူရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်သလို၊ အဲဒီလူနဲ့ပတ်သက်ပြီးတော့လည်း လူအများရဲ့ကံကြမ္မာအကောင်းအဆိုးတွေ ဖြစ်ပေါ်ပြောင်းလဲစေတတ်ပါတယ်။ ပြောရရင်လူတစ်ယောက်အပေါ်မှာ မူတည်ပြီး ခေတ်ကြီးတစ်ခုကိုတောင် ပြောင်းလဲနိုင်စေပါတယ်။ အဲဒီလူဟာ သြဇာအာဏာကြီးမားမယ်၊ ဒါမှမဟုတ်ငွေကြေးဓနကြွယ်ဝမယ်ဆိုရင်ပေါ့။ အဲဒီလူရဲ့ဆုံးဖြတ်ချက်ဟာ လူအများစုကြီးရဲ့ ကံကြမ္မာကောင်းကို ဖြစ်ပေါ်လာနိုင်စေသလို၊ ကံကြမ္မာဆိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
 
 
ကြိုးနဲ့ချည်တဲ့ကြိုး
 
 
ကျွန်တော်တို့ပြင်ဦးလွင်မြို့မှာ ဗီဒီယိုဇာတ်ကားနှစ်ကားရိုက်နေတယ်။ “ပန်းကလေးတစ်ပွင့်သာဖြစ်ခဲ့ရင်” ဗီဒီယိုကားကို ရိုက်လို့ပြီးသွားပြီ။ နောက်ဆက်ရိုက်မယ့် ဗီဒီယိုဇာတ်ကားက နိုင်ငံခြားရုပ်ရှင်ကားကို မှီငြမ်းပြီး ကျွန်တော်ပြန်ရေးထားတဲ့ ဇာတ်လမ်းနဲ့ဇာတ်ညွှန်း။ဇာတ်ကားနာမည်က “ကြိုးနဲ့ချည်တဲ့ကြိုး”။
 
ဒီဇာတ်လမ်းက လောင်းကစားမှုတွေ၊ ဒုစရိုက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ အာဏာကိုအလွဲသုံးစားလုပ်မှုတွေနဲ့ အမှုမှန်ပေါ်အောင် လျှို့ဝှက်စုံစမ်းထောက်လှမ်းမှုတွေ၊ လက်စားချေမှုတွေ၊ မထင်မှတ်ပဲလူတစ်ယောက်နဲ့တစ် ယောက် သံယောဇဉ်ဖြစ်သွားတာတွေကို ဇာတ်လမ်းဖွဲ့ထားတယ်။အဲဒီလိုဇာတ်လမ်းက ကျွန်တော်တို့တိုင်းပြည်မှာ လက်ရှိဖြစ်တည်နေတဲ့အတိုင်း ဇာတ်လမ်းစဉ်လို့မရနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်ကိုအုပ်စိုးခဲ့တဲ့ နယ်ချဲ့အင်္ဂလိပ်ခေတ်ကို ဇာတ်လမ်းဖွဲ့လိုက်ရတယ်။
 
“ကြိုးနဲ့ချည်တဲ့ကြိုး”ဇာတ်ကားမှာအဓိကသရုပ်ဆောင်တွေအနေနဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကျော်ရဲအောင်နဲ့မင်းသမီးနဝရတ်တို့က ပါဝင်သရုပ်ဆောင်ခဲ့တယ်။ ဒုတိယမင်းသမီးနေရာမှာ ပွင့်နဒီမောင်သရုပ်ဆောင်သလို၊ဗီလိန်သရုပ်ဆောင်အဖြစ် ကိုပေါက်တို့သရုပ်ဆောင်ကြတယ်။ ငှက်ပျောကြော်နဲ့ မင်းရဲစည်သူတို့ကတော့ အင်္ဂလိပ်ခေတ် ပုလိပ်အရာရှိတွေ။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်နေရာမှာ အောင်တိုးနဲ့ကိုလူချော(လူကြမ်းသရုပ်ဆောင်တွေ)အဖွဲ့။ ဇာတ်လမ်းရဲ့အဓိကကလေးသရုပ်ဆောင်နေရာမှာ သက်ထားဆွေဇင် ပါဝင်သရုပ်ဆောင်ခဲ့ကြတယ်။ ပြောမယ်ဆိုရင် ဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်နှစ်ယောက်က ကျော်ရဲအောင်နဲ့သက်ထားဆွေဇင်တို့ပါပဲ။
 
ကိုပေါက်က နယ်ပိုင်တစ်ယောက်။ နဝရတ်က နယ်ပိုင်ကတော်။ နဝရတ်က အတော်ချမ်းသာတဲ့မိဘတွေက မွေးဖွားလာခဲ့သူတစ်ယောက်။ သက်ထားဆွေဇင်က နယ်ပိုင်သမီးလေး။ စုံထောက်ဟောင်းဖြစ်တဲ့ ကျော်ရဲအောင် ကို သမီးလေးကို အချိန်ပြည့်စောက်ရှောက်ဖို့အတွက် နဝရတ်ကငှားထားတယ်။ သမီးလေးကိုလိုက်ပါစောင့်ရှောက်ရသလို၊ ဒရိုင်ဘာလဲလုပ်ပေးရတယ်။ ကြာရှည်အတူနေတော့ သံယောဇဉ်ဖြစ်ကြတာပေါ့။ အလွန်တော်တဲ့ စုံထောက်ဟောင်းကြီးကျော်ရဲအောင် စောင့်ရှောက်နေတဲ့အချိန်မှာပဲ နယ်ပိုင်သမီးလေး ပြန်ပေးဆွဲခံရတယ်။
 
ပြန်ပေးဆွဲတဲ့ဒုစရိုက်ဂိုဏ်းက နယ်ပိုင်ကတော်ဆီ ဖုန်းဆက်ပြီး ငွေအမြောက်အများတောင်းတယ်။ နယ်ပိုင်ကတော်က ငွေဘယ်လောက်ပေးရပေးရ သူသမီးလေးကို ပြန်တွေ့ရဖို့အဓိကပဲလို့ပြောတယ်။ ကျော်ရဲအောင်က စုံထောက်ပီပီ ပြန်ပေးဆွဲထားတဲ့ ဒုစရိုက်ဂိုဏ်းနောက်ကို သဲလွန်စရှာပြီးလိုက်တယ်။ စုံထောက်ဟောင်းကြီးကိုချစ်နေသူ ပွင့်နဒီမောင်က သတင်းသမားတစ်ယောက်။ ကျော်ရဲအောင်ကို ကူညီပြီး ဒုစရိုက်ဂိုဏ်းသတင်းတွေရှာပေးတယ်။ ကျော်ရဲအောင်က သူ့သမီးလေးလိုချစ်ရတဲ့စိတ်နဲ့ ဒုစရိုက်ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိုက်တယ်။ ထုံးစံအတိုင်း ပုလိပ်အရာရှိတွေကတော့ ပုလိပ်မင်းကြီးရဲ့အပြစ်တင်တာ အမြဲခံနေရတာပေါ့။
 
ပြောရရင်၊နယ်ဝန်ထောက်မင်းရဲ့သမီးလေးကို ပြန်ပေးဆွဲတာ နယ်ပိုင်ကြီးကိုယ်တိုင်ဖြစ်နေတယ်။ နယ်ပိုင်ကြီးဟာ လောင်းကစားဝိုင်းတွေမှာ အကြီးအကျယ်ရှုံးခဲ့တယ်။ ဋ္ဌာနပိုင်ငွေတွေကိုလည်း အလွဲသုံးစားလုပ်မိပြီး တော်တော်ကြီးကို အကျပ်အတည်းတွေ့နေတယ်။ နယ်ပိုင်ကတော် မိဘတွေက ချမ်းသာတော့ လုပ်မိရာလုပ်မိတော့တာပါပဲ။ နောက်ဆုံးဒုစရိုက်ဂိုဏ်းနဲ့ ညှိပြီး သူ့သမီးကိုပြန်ပေးဆွဲတဲ့အထိ ရောက်သွားတယ်။ ဒုစရိုက်ဂိုဏ်းကို သဲလွန်စလိုက်ပြီး နယ်ပိုင်မင်းရဲ့ ညွှန်ကြားစာတွေကို စုံထောက်ဟောင်းဖြစ်တဲ့ ကျော်ရဲအောင်ကရယူနိုင်ခဲ့တယ်။ အဲဒီနယ်ပိုင်မင်းရဲ့ ညွှန်ကြားစာကို ကိုင်ပြီး ကျော်ရဲအောင်က နယ်ပိုင်မင်းအိမ်ကိုသွားတွေ့ခဲ့တယ်။
 
နယ်ပိုင်မင်းက တုန်လှုပ်ခြောက်ခြားပြီး အတင်းငြင်းဆိုနေတယ်။ ကျော်ရဲအောင်က နယ်ပိုင်မင်းရဲ့ ဒုစရိုက် ဂိုဏ်းကို ညွှန်ကြားစာထုတ်ပြလိုက်ပြီး “သားသမီးကိုမချစ်တဲ့မိဘဆိုတာမရှိပါဘူး။ ဒါကိုကျုပ်သိပါတယ်။ ခင်ဗျားမှာလဲရွေးချယ်စရာ နည်းလမ်း မရှိလို့ကိုယ့်သမီးကိုကိုယ်ပြန်ပေးဆွဲခဲ့ရတာလေ။ အခုဆို ခင်ဗျားမှာလောင်းကစားဝိုင်းမှာ ရှုံးထားတဲ့ ငွေတွေကိုလျော်ပေးရမှာရယ်၊ ဋ္ဌာနပိုင်ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တာတွေ၊ ဒုစရိုက်ဂိုဏ်းနဲ့ ပေါင်းခဲ့ တာတွေ ဖော်ထုတ်လိုက်ရင်၊ ခင်ဗျားအတွက်ကြိုးမိန့်ကမလွတ်နိုင်ဘူး။ လူပုံအလယ်မှာ ရာဇဝတ်မှု ခုံရုံး ကိုတက်ပြီး ကြိုးမိန့်ပေးခံရမှာကို ခင်ဗျားစဉ်းစားကြည့်။ ခင်ဗျားချစ်တဲ့ခင်ဗျားသမီးလေးက တစ်သက်လုံးအရှက်တရားနဲ့နေသွားရမှာပေါ့”
 
ကျော်ရဲအောင်က သေနတ်ထုတ်ယူလိုက်ပြီး “ဒီမှာကျုပ်သေနတ်၊ ကျုပ်ကတော့လူတွေသတ်ပစ်ခဲ့ပြီးပြီ။ ကျုပ်အတွက် ဘာကိုမှမမှုတော့ဘူး။ ခင်ဗျားကိုယ်တိုင်ဆုံးဖြတ်တော့”လို့ပြောပြီး သေနတ်ချပေးထားခဲ့ပြီး နယ်ပိုင် အိမ်ကြီးထဲက ထွက်လာခဲ့တယ်။ကျော်ရဲအောင်ခြံဝရောက်တဲ့အချိန်မှာ နယ်ပိုင်အိမ်ကြီးထဲက သေနတ်သံတစ်ချက်ကြားလိုက်ရတယ်။ ဒါပါပဲနယ်ပိုင်မင်းရဲ့နိဂုံးအဆုံးသတ်သေနတ်သံ။
 
ဒီဇာတ်လမ်းမှာ ဒါအဓိကပါပဲ။ လူတွေအနေနဲ့ ကိုယ်လုပ်ထားခဲ့တဲ့ အမှားတွေကို နောက်ဆုံးမှာကိုယ်ပဲတာဝန်ယူရမယ်။ ကိုယ့်ကံကြမ္မာကိုကိုယ်ဖန်တီးခဲ့တာပါ။ လူတစ်ယောက်ရဲ့ဆုံးဖြတ်ချက် အမှားကံကြမ္မာမိုးမှောင်ကျသွားမှုကြောင့် ဒီလူတစ်ယောက်ထဲခံသွားရရင် တော်ပါသေးတယ်။ လှေတစ်စီးမဟုတ်ပဲ သမ္ဗာန်တစ်စီး၊ မော်တော်တစ်စီးသာဆိုရင် ဒီလူရဲ့ဆုံးဖြတ်ချက်အမှားကြောင့် သမ္ဗာန်ပေါ်မှာပါလာမယ့်လူတွေ၊ မော်တော်ပေါ်မှာစီးလာမယ့်လူတွေပါ ကံကြမ္မာဆိုးဒဏ်ကို ခံကြရလိမ့်မယ်။ နောက်ပြီးပတ်ဝန်းကျင်ကလူတွေပါခံကြရမယ်ဆိုတာကိုလည်း တွေးကြည့်နိုင်ပါတယ်။
 
 
ပြင်ဦးလွင်မှာနောက်ဗီဒီယိုတစ်ကား
 
 
ကျွန်တော်တို့ “လပ်ကီးဆဲဗင်း”ဗီဒီယိုထုတ်လုပ်ရေးအတွက် ဗီဒီယိုနှစ်ကားရိုက်ဖို့ ပြင်ဦးလွင်မြို့ကို တက်လာခဲ့ကြတာပါ။ “ပန်းကလေးတစ်ပွင့်သာဖြစ်ခဲ့ရင်” ဗီဒီယိုကားပြီးသွားပြီ။ “ကြိုးနဲ့ချည်တဲ့ကြိုး” ဇာတ်ကားလည်း ရိုက်လို့ပြီးတော့မယ်။ သင်္ကြန်ကျဖို့လည်းနီးပြီ။
ထုံးစံအတိုင်း ရိုက်ကွင်းကပြန်လာရင် ကျွန်တော်တို့ဘန်ဂလိုရှေ့က ဝရန်တာမှာဝိုင်းဖွဲ့ပြီး စားသောက်ကြတယ်။ အဲဒီညက ကိုနိုင်(ကျော်ရဲအောင်)ဟမ်းမားကားကြီးနဲ့ ရောက်လာတယ်။ ကားပေါ်ကနေ ဂစ်တာကိုင်ပြီးဆင်းလာတယ်။ ဆင်းလာလာချင်း “ကိုမြတ်လှိုင်းရေ၊တစ်ပုဒ်လောက်လုပ်ဗျာ”တဲ့။ ကျွန်တော်က  “ဟာဗျာ၊ကိုနိုင်သိတဲ့ အတိုင်းပဲ၊ကျွန်တော်ဂစ်တာမတီးတတ်သလို၊ သီချင်းလဲမဆိုတတ်ဘူးလေ”လို့ ပြန်ပြောလိုက်တယ်။ ကိုနိုင်ကရယ်ပြီး “မဟုတ်ပါဘူးဗျ၊သင်္ကြန်ကျဖို့တစ်ပတ်ဆယ်ရက်လောက်လိုသေးတယ်။ဒီကြားထဲမှာကားတစ်ကားလောက် ရိုက်ချင်တယ်၊ ဒီဟိုတယ်ကို အဓိကထားပြီး ဇာတ်လမ်းဖွဲ့လေ။ ခပ်ပေါ့ပေါ့ဟာသကားလေးပေါ့”တဲ့။
 
ကိုကျော်ရဲအောင်ပြောလိုက်တာကြောင့် အားလုံးပျော်သွားကြပြီး”ဟေး…”ဆိုပြီးထအော်လိုက်ကြတယ်။ အချိန်တိုအတွင်းမှာ ဗီဒီယိုကားတစ်ကားရိုက်ခွင့်ရတာဟာ အင်မတန်ကံကောင်းတာပဲပေါ့။ ဆုံးဖြတ်ပိုင်ခွင့်ရှိသူရဲ့ ရွေးချယ်ဆုံးဖြတ်ချက်ကြောင့် လူတွေပျော်ရွှင်ရတယ်။ ကျွန်တော်တို့ ဗီဒီယိုအဖွဲ့သားတွေအားလုံး ပျော်နေကြတယ်။ အပျော်ဆုံးလူကတော့ မန်နေဂျာရာဂျားပေါ့။ သူပြောနေကြစကားဖြစ်တဲ့ “လိုက်..မိုက်နေတယ်”ဆိုတဲ့ နောက် ပြောင်ပြောတဲ့စကားအတိုင်း ကျော်ရဲအောင်၊စိုးပြည့်သဇင်၊ချမ်းမီမီကို၊ဆုထက်ကုဋေ၊ဖူးဖူးနဲ့ငှက်ပျောကြော်၊ ဇော်ဇော်အောင်၊ဇင်မျိုး၊ကျော်စိုး၊အောင်တိုး၊မင်းရဲစည်သူ၊ကေငြိမ်း၊တိုးလူ၊ရာဂျားတို့ပါဝင်တဲ့ ဟာသ ကားလေးကိုငါးရက်အတွင်းမှာရိုက်ကူးပြီးသွားတယ်။
 
ဇာတ်လမ်းက ကျော်ရဲအောင်က ဟိုတယ်ပိုင်ရှင်လူပျိုကြီး၊ သူ့မှာညီမသုံးယောက်ရှိတယ်။ ချမ်းမီမီကိုက ညီမအကြီးဆုံး ရိုးရိုးအေးအေးကြီး။ ညီမလတ်က စိုးပြည့်သဇင်။ သူကယောက်ကျားလျာ။ ညီမငယ်ကဖူးဖူး။ နေရာတကာ ဝင်ပါနေတဲ့သူပေါ့။ ဟိုတည်ကို ဗီဒီယိုမန်နေဂျာရာဂျားနဲ့ ဗီဒီယိုအဖွဲ့က လာတည်းတယ်။ ဗီဒီယိုမင်းသမီးဆုထက်ကုဋေကို လူပျိုကြီးကျော်ရဲအောင်က အရေးပေးတယ်။ တိတ်တခိုးချစ်နေတယ်ဆိုပါတော့။ ညီမလတ် ယောင်္ကျားလျာစိုးပြည့်သဇင်ကလည်း ကြိုက်နေတယ်။ နောက်ဆုံးမှာ မင်းသမီးကို ယောက်ျား လျာစိုးပြည့်သဇင်က ခိုးပြေးပါ လေရော။ ပြင်ဦးလွင်သဘာဝဥယျာဉ်ထဲမှာစိုးပြည့်သဇင်နဲ့ဆုထက်ကုဋေကို ကျော်ရဲအောင်တို့မောင်နှမတွေနဲ့ ဗီဒီယိုအဖွဲ့သားတွေလိုက်ဖမ်းကြတယ်။စိုးပြည့်သဇင်နဲ့ဆုထက်ကုဋေကပတ်ပြေးနေရင်း“အစ်ကိုကြီး..ကျွန်တော့်ကိုယှဉ်ပြီးလိုက်..မိုက်မနေနဲ့”လို့အော်ပြောသလို၊ ကျော်ရဲအောင်ကလဲ“ဟေ့ကောင်..မင်းလိုယောင်္ကျားလျာက ငါ့လို ယောင်္ကျားကို တုပြီးလိုက်..မိုက်နေတာကွ”ဆိုပြီး ပြေးလိုက်နေတယ်။ ပျော်စရာဇာတ်လမ်းလေးပါပဲ။
 
ကျွန်တော်တို့ ရန်ကုန်အပြန်နေ့ဟာ သင်္ကြန်အကြိုနေ့ပေါ့။ ဟိုက်ဝေးကားကြီးပေါ်မှာ သင်္ကြန်သီချင်းတွေဖွင့်ပြီး စိုးပြည့်သဇင်၊ချမ်းမီမီကို၊ဆုထက်ကုဋေ၊သက်ထားဆွေဇင်တို့ ပျော်ပျော်ရွှင်ရွှင် ကလာကြတော့တယ်။
 
 
မြတ်လှိုင်း