【 ဆောင်းပါး 】“ ဆက်လျှောက်ရမည့်လမ်းကို ရွေးချယ်ခြင်း”

【 ဆောင်းပါး 】“ ဆက်လျှောက်ရမည့်လမ်းကို ရွေးချယ်ခြင်း”

ကျွန်တော်တို့အနေနဲ့ အသက်ရှင်နေသမျှကာလတွေမှာ ရှေ့ကိုဦးတည်ပြီးဆက်လျှောက်နေရဦးမှာပါပဲ။ ရောက်ရှိနေတဲ့နေရာမှာ ရပ်တန့်နေလို့မရပါဘူး။လျှောက်နေတဲ့လမ်းမှာလည်း ရည်ရွယ်ချက်တွေ ထားရပါလိမ့်မယ်။ဘဝရပ်တည်မှုအခြေအနေအရ ပြောင်းလဲလျှောက်ခဲ့ရတဲ့လမ်းတွေလည်း ရှိနေမှာပါ။လျှောက်လှမ်းနေတဲ့လမ်းမှာလည်းပိုပြီးကောင်းမယ့်လမ်း ရှိလာတတ်ပါတယ်။အဲဒီလိုကိုယ်လျှောက်နေတဲ့လမ်းမှာပဲ ပိုပြီးကောင်းတဲ့လမ်းတွေ့ရှိလာမယ်ဆိုရင် လမ်းဟောင်းကိုစွန့်ပြီး လမ်းသစ်ကိုရွေးချယ်လျှောက်လှမ်းရမှာပါပဲ။ တချို့လမ်းဟောင်းတွေကို သံယောဇဉ်ရှိပြီးမစွန့်လွှတ်ချင်တာတွေရှိနေမှာပါ။

လမ်းသစ်ကိုလျှောက်လှမ်းဖို့ ရတဲ့အခွင့်အရေးကို ငြင်းပယ်ပြီး လမ်းဟောင်းအတိုင်း ဆက်ပြီးလျှောက်လှမ်းခဲ့တာတွေလည်း ရှိပါတယ်။တစ်ခါတစ်ရံမှာလမ်းဟောင်းနဲ့လမ်းသစ်ရွေးချယ်ရခက်နေပါလိမ့်မယ်။လျှောက်လှမ်းနေကျဖြစ်တဲ့လမ်းဟောင်းကို ဆက်လျှောက်လှမ်းနေမယ်ဆိုရင် ထူးခြားပြီးမပြောင်းလဲနိုင်သလို၊ ထူးခြားတဲ့အောင်မြင်မှုလည်း ဖြစ်မလာနိုင်ဘူး။လမ်းသစ်ကိုရွေးချယ်လျှောက်လှမ်းမယ် ဆိုရင်တော့ ပိုပြီးကြိုးစားရပါလိမ့်မယ်။ ပိုပြီးအောင်မြင်မှုတွေလည်း ရလာနိုင်ပါတယ်။

ဒါရိုက်တာနေပိုင်နဲ့ ဇာတ်လမ်း၊ဇာတ်ညွှန်းရေးလာခဲ့တာ နှစ်နှစ်ကျော်ကြာလာခဲ့ပါပြီ။ ရုပ်ရှင်ကားကြီးတစ်ကား၊ ဒီဗီဒီကားတစ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေများနေပါတယ်။ဗီဒီယိုဇာတ်ကားရိုက်ကွင်းတွေလည်း စုံနေခဲ့ပါပြီ။ ဗီဒီယိုဇာတ်ကားရိုက်ကွင်းကို ကျွန်တော်အမြဲသွားနေရပါတယ်။ ဗီဒီယိုဇာတ်ကားရိုက်ကွင်း (တစ်ရက်စာ)ပြီးသွားတဲ့ညနေခင်းတွေမှာလည်း အတူစားသောက်နေရတာတွေလည်း တစ်နေ့မှမပျက်ခဲ့ပါဘူး။

ဒါရိုက်တာနေပိုင်နဲ့ ကျွန်တော်ဇာတ်လမ်း၊ဇာတ်ညွှန်းရေးခဲ့တဲ့ ဗီဒီယိုဇာတ်ကားတွေကလည်း နာမည်ကြီး ဇာတ်ကားတွေဖြစ်ခဲ့သလို၊ အတော်အသင့်ရောင်းရတဲ့ ဗီဒီယိုကားတွေဖြစ်ခဲ့ပါတယ်။သိပ်ပြီးမသိကြတဲ့ကားတွေ လည်းရှိပါတယ်။

ကျိုက်ထီးရိုးတောင်မှာရိုက်ခဲ့တဲ့ ဗီဒီယိုဇာတ်ကားနှစ်ကား

ခရေဖြူဗီဒီယိုထုတ်လုပ်ရေးအတွက် ရိုက်ရမယ့် ဇာတ်ကားတွေအတွက် အများဆုံးခရီးထွက်ခဲ့ရတယ်။ အရင်တုန်းက ကျိုက်ထီးရိုးဘုရားကိုသွားပြီး ဆယ့်ငါးရက်လောက်ကြာအောင် ရိုက်ခဲ့ရတယ်။အဓိကသရုပ်ဆောင် မင်းရာဇာနဲ့ခိုင်နှင်းဝေတို့ပါပဲ။ ဒုတိယသရုပ်ဆောင်တွေထဲမှာလည်း ထင်ကျော်လင်းပါခဲ့တယ်။ လူကြမ်းသရုပ်ဆောင် ကိုဘဂျမ်းကတော့အမြဲပါနေကျပေါ့။

ရိုက်ကွင်းမန်နေဂျာ ကိုဇော်မိုးထွေးက ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ဟိုတယ်ဝန်းတစ်ခုလုံးကို ငှားပေးထားတယ်။ဟိုတယ်က ယိုစုံရောင်းတဲ့ဈေးတန်းအလယ်မှာရှိတယ်။ဟိုတယ်ထဲမှာ ဟိုတယ်ခန်းမကြီးပါတဲ့ တိုက်ကြီးတစ်လုံးနဲ့ ဟောခန်း၊ အနောက်ဖက်မှာ တိုက်ခန်းနှစ်ခန်းပါတဲ့တစ်ထပ်တိုက်လေးနှစ်ခုရှိတယ်။ အဲဒီတိုက်ခန်းတွေမှာ မင်းရာဇာတို့က တစ်ခန်း၊ခိုင်နှင်းဝေနဲ့သူ့မိခင်တို့ကတစ်ခန်း၊ ဒါရိုက်တာကိုနေပိုင်နဲ့ကျွန်တော်၊ ထင်ကျော်လင်းတို့ကတစ်ခန်း၊ ရိုက်ကွင်းမန်နေဂျာကိုဇော်မိုးထွေးက တစ်ခန်းနေရတယ်။ ကျိုက်ထီးရိုးမှာလက်ကိုင်ဖုန်းတွေနဲ့ ဆက်လို့မရဘူး။ထင်ကျော်လင်းက CDMAဖုန်းယူလာပြီး တိုင်ထောင်ထားလိုက်တယ်။

ဗီဒီယိုနှစ်ကားလုံးကို ကျွန်တော်ဇာတ်လမ်း ဇာတ်ညွှန်းရေးရတယ်။ တစ်ကားကကိုနေပိုင်ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားကျောရိုးကို ပြန်ပြင်ရေးရတယ်။ နောက်တစ်ကားက အိန္ဒိယလူစွမ်းကောင်းကား။ မင်းရာဇာက အဲဒီအခွေယူလာပြီး ဇာတ်လမ်းပြန်ရေးခိုင်းတယ်။ ကျိုက်ထီးရိုးက တောတောင်တွေများတယ်။လူစွမ်းကောင်းက တောတောင်ထဲမှာ ကျင်လည် ကြီးပြင်းလာတဲ့ သူတစ်ယောက်။ တောထဲမှာတရားကျင့်ကြံနေတဲ့ ဘုန်းကြီးတစ်ပါးက မွေးစားထားတယ်။ ခိုင်နှင်းဝေက တက္ကသိုလ်ဆရာမ။တပည့်တွေနဲ့လေ့လာရေးခရီးထွက်လာတယ်။ တောတောင်ထဲမှာဆုံပြီး တောတောင်ထဲမှာပဲ ပြန်လမ်းခွဲခဲ့ရတဲ့ အလွမ်းဇာတ်လမ်းလေး တစ်ခုပေါ့။

မင်းရာဇာက အဲဒီလိုအိန္ဒိယလူစွမ်းကောင်း ဇာတ်ကားတွေကို ကြိုက်နှစ်သက်တတ်တယ်။ သူကလည်းလူကောင်ထွားထွား၊ ဗလတောင့်တောင့်၊ ခရာတေးခါးပတ်နက်ရထားသူ။ဒါပေမယ့်သူကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွေကို မြန်မာပရိတ်သတ် သိပ်မကြိုက်နှစ်သက်ဘူး။ ပြောမယ်ဆိုရင်တော့ ကျိုက်ထီးရိုးတောင်ပေါ်နဲ့ ပတ်ဝန်းကျင် ရွာတွေ၊တောတောင်ရေတံခွန်တွေ၊ ရာဘာခြံတွေမှာရိုက်ခဲ့ရတော့ ရှုခင်းတွေလှတယ်။အဲဒီရှုခင်းတွေကို ဒါရိုက်တာနေပိုင်လည်း ကြိုက်နှစ်သက်တတ်တယ်။ဗီဒီယိုကားထဲမှာအင်မတန်လှအောင် ရိုက်တတ်တဲ့ဒါရိုက်တာပါပဲ။ ဇာတ်ကားခွေနှစ်စလုံး ပရိသတ်တွေသိပ်မကြိုက်ကြဘူး။

လမ်းမကြီးရဲ့ဘေး

“ရွှေစင်ဦး”ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးအတွက် ဒါရိုက်တာနေပိုင်နဲ့ ကျွန်တော့်ဇာတ်ညွှန်းကို ရိုက်ဖြစ်ခဲ့တဲ့ ဗီဒီယိုဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းကိုတော့ လူငယ်စာရေး ဆရာမိုးစက်ဝိုင်က ရေးပေးခဲ့ပါတယ်။သရုပ်ဆောင်နေမင်း၊ဝိုင်းစုခိုင်သိန်း၊နေအောင်နဲ့သားညီတို့ အဓိကသရုပ်ဆောင်ခဲ့ ကြတယ်။

“ရွှေစင်ဦး”ထုတ်လုပ်ရေးပိုင်ရှင်ကိုကျော်လင်းထွန်းက သူကြိုက်နှစ်သက်တဲ့ သီချင်းတွေကို ဇာတ်လမ်းပြန်ဖွဲ့ရေးခိုင်းတတ်တယ်။ဒါကလည်းထူးခြားမှုတစ်ခုပါပဲ။ဒီဇာတ်ကားကလည်း “ဝိုင်းစုခိုင်သိန်း”သီဆိုထားတဲ့သီချင်း တစ်ပုဒ်ပါ။“လမ်းမကြီးရဲ့ဘေး”တဲ့။သီချင်းခေါင်းစဉ်အတိုင်းလည်း ဇာတ်ကားနာမည်ပြန်ပေးတတ်တယ်။

“လမ်းမကြီးရဲ့ဘေး”ဇာတ်ကားကိုစရိုက်တော့ ဒါရိုက်တာကိုနေပိုင်က ဖျားနေတယ်။သူမရိုက်နိုင်သေးတဲ့ ရက်တွေမှာ ကိုနေပိုင်ကကျွန်တော့်ကို ရိုက်ခိုင်းတယ်။ကျွန်တော်လည်းတာဝန်ယူပြီး ရိုက်ပေးခဲ့တယ်။ တကယ်ရိုက်ဖြစ်တော့ ကင်မရာရိုက်ချက်တွေကို သားညီရိုက်ပေးခဲ့တယ်။ ကျွန်တော်ကဇာတ်ဝင်ခန်းစကားပြောတွေ ချပေးပြီး မော်နီတာ ထိုင်ကြည့်ရုံပါပဲ။

အဲဒီကတည်းက သားညီဒါရိုက်တာလုပ်ဖို့ ရည်မှန်းချက်ထားနေပုံရတယ်။နောက်ပိုင်းမှာလည်း ဗီဒီယိုကားတွေကို ဒါရိုက်တာအဖြစ် ရိုက်လာတာတွေ့ရတယ်။သူလုပ်ချင်တဲ့လမ်းကို သူကိုယ်တိုင်ရွေးချယ်ပြီး လျှောက်လှမ်းနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ဒီလျှောက်လှမ်းနေတဲ့ လမ်းပေါ်မှာပိုပြီးကောင်းမွန်တဲ့ လမ်း၊ပိုပြီးအောင်မြင်မယ့် လမ်းကိုရွေးချယ် လိုက်တာပါပဲ။

တကယ်ဆို ကျွန်တော့်အနေနဲ့ ဒါရိုက်ဖြစ်စေချင်တာက သားညီအစ်ကို ဖိုးရန်အောင်ပါ။သူငယ်ချင်း ဖိုးရန်အောင်ကို ဒါရိုက်တာလုပ်ဖို့လည်း ကျွန်တော်အမြဲတိုက်တွန်းခဲ့မိတယ်။မင်းသားကြီးကျော်ဟိန်းရဲ့တူ၊နာမည်ကြီး သရုပ်ဆောင်ဒွေးရဲ့ညီ။ရုပ်ရှင်ဗီဒီယိုလောကတစ်ခုလုံးက သိနေကြတယ်လေ။ ညီအစ်ကိုချင်းတူပေမယ့် ရွေးချယ်လျှောက်လှမ်းမှုက ပိုအရေးကြီးပါတယ်။ ရွေးချယ်ဆုံးဖြတ်မှုအပေါ် မူတည်ပြီးသတ္တိရှိရမယ်။ အခုဆိုသားညီက ဗီဒီယိုရုပ်ရှင်ဒါရိုက်တာဖြစ်သွားတဲ့အချိန်မှာ ဖိုးရန်အောင်ကဒါရိုက်တာကြီးမီးပွားရိုက်တဲ့ ဗီဒီယိုကားတွေမှာ မှတ်တမ်းရေးသူပဲ ဖြစ်နေတယ်။

ပိုပြီးအောင်မြင်တဲ့လမ်းကိုရွေးချယ်ခြင်း

ကျွန်တော်သရုပ်ဆောင်နေမျိုးအောင်ရိုက်တဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ညွှန်းရေးပေးခဲ့သလို၊ အမြဲတွဲနေတဲ့သူတွေ ဖြစ်နေကြပြီ။ သရုပ်ဆောင်နေမျိုးအောင်ကို“ပါဝါကင်း”ဗီဒီယိုထုတ်လုပ်ရေးက စာချုပ်ချုပ်ခဲ့တယ်။“နတ်ရေစင်”ဗီဒီယိုထုတ်လုပ်ရေးက နေမျိုးအောင်ကို စာချုပ်မချုပ်ပဲ သရုပ်ဆောင်ခ တစ်ကားချင်းပေးချေပြီး ရိုက်ခဲ့တာပါ။“နတ်ရေစင်”ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ခဲ့တဲ့ဗီဒီယိုဇာတ်ကားတွေ အောင်မြင်ခဲ့တယ်။“လောကဓံ””အင်းသူကြီး” ၊“ရေချမ်း””ပစ်တိုင်းထောင်”ဗီဒီယိုဇာတ်ကားတွေ အောင်မြင်ခဲ့သလို သရုပ်ဆောင်နေမျိုးအောင်လည်း နာမည်ပိုကြီးလာတယ်။“ပါဝါကင်း”ဗီဒီယိုထုတ်လုပ်ရေးက စာချုပ်ရတဲ့အထိပါပဲ။

နေမျိုးအောင်ရိုက်နေတဲ့“ပါဝါကင်း”ဗီဒီယိုထုတ်လုပ်ရေးအတွက် ဒါရိုက်တာနေပိုင်ရိုက်ပြီး ကျွန်တော်ဇာတ်ညွှန်းရေးပေးခဲ့တာ သုံးကားလေးကားလောက်ရှိနေပါပြီ။ ပြောမယ်ဆို တစ်ကားမှထိထိရောက်ရောက် အောင်မြင်မှု မရသေးဘူး။အခုရိုက်မယ့် ဗီဒီယိုဇာတ်လမ်းကို ကျွန်တော်ရေးပေးပြီး ဇာတ်ညွှန်းကိုရိုက်ကွင်းမှာပဲ ရေးပြီးရိုက်မယ် ပေါ့။

ဒီဇာတ်ကားကိုသေသေချာချာရေးပေးပြီး ပါဝင်မယ့်သရုပ်ဆောင်တွေကို ပြေဇင်၊ငှက်ပျောကြော်၊ကိုဘဂျမ်း၊မင်းရဲစည်သူတို့ကို ရွေးချယ်ခဲ့တယ်။ငှက်ပျောကြော်ကို ဟာသသရုပ်ဆောင်အနေနဲ့ သရုပ်မဆောင်ခိုင်းပဲ သဘာဝ သရုပ်ဆောင်အဖြစ် ဖန်တီးခဲ့သလို၊ကိုဘဂျမ်းကိုလည်း လူကြမ်းသရုပ်ဆောင်နေရာမထားပဲ သမာသမတ်ကျတဲ့ လူကြီးတစ်ယောက်ဖြစ်စေခဲ့တယ်။ ကိုဘဂျမ်းနဲ့ ငှက်ပျောကြော်တို့ကလည်းဇာတ်လမ်းမှာပါတဲ့ စကားတွေပြောရတာ အလွန်အားရကြတယ်တဲ့။

ဇာတ်ကားကို စရိုက်နေတဲ့အချိန်မှာပဲ ရိုက်ကွင်းမန်နေဂျာကိုဇော်မိုးထွေက ဖုန်းဆက်တယ်။အခုရိုက်နေတဲ့ ဗီဒီယိုကားနဲ့တစ်ပြိုင်ထဲ ရိုက်မယ့် ကိုနိုင်(ကျော်ရဲအောင်) ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးပေးပါတဲ့။ ဗီဒီယိုဇာတ်ကားနှစ်ကားအတွက် ဇာတ်ညွှန်းရေးပေးရမှာ သိပ်တော့မလွယ်ပါဘူး။ကျွန်တော်ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ရပါတော့မယ်။

 

မြတ်လှိုင်း