【 ဆောင်းပါး 】 ကံကြမ္မာကရွေးချယ်ပေးလိုက်တဲ့ဘဝ

【 ဆောင်းပါး 】 ကံကြမ္မာကရွေးချယ်ပေးလိုက်တဲ့ဘဝ

ကျွန်တော်တို့ဘဝဖြစ်စဉ်တွေကို ပြန်တွေးကြည့်လိုက်မိရင် ကိုယ်ရည်ရွယ်ခဲ့တဲ့အတိုင်းမဖြစ်ခဲ့ကြတာတွေ များပါလိမ့်မယ်။ကမ္ဘာပေါ်မှာရှိနေကြတဲ့ လူသားတွေ သန်းနဲ့ချီပြီးရှိနေပါတယ်။ဘဝတွေဖြစ်တည်လာခဲ့ပြီး ပြန်ပျောက်ကွယ်သွားခဲ့ကြရတယ်။လူ့ဘဝတွေပြန်ပျောက်ကွယ်သွားကြပေမယ့် လူ့ဘဝဖြစ်တည်မှုတွေ ပိုများသထက်များလာတယ်။ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ တိုင်းပြည်တိုင်းမှာ လူဦးရေ နေ့စဉ်နဲ့အမျှတိုးတက်နေကြတယ်။

အဲဒီနေ့စဉ်တိုးတက်ပွားများနေတဲ့ တိုင်းပြည်တွေကိုကြည့်လိုက်ရင် လူသားတစ်ယောက်ဖြစ်တည်ခွင့် အပြည့်အဝရှိနေတဲ့ တိုင်းပြည်က နည်းပါးပါလိမ့်မယ်။လူသားတစ်ယောက်ဖြစ်တည်လာခဲ့ပြီး လူသားတစ်ယောက်ရရှိနိုင်ရမယ့်အခွင့်အရေး အပြည့်အဝမရရှိနိုင်တဲ့ တိုင်းပြည်တွေ များနေပါတယ်။အဲဒီလိုလူသားတစ်ယောက်ဖြစ်တည်ခွင့် အပြည့်အဝရှိနေတဲ့ တိုင်းပြည်တွေက လူသားတွေမှာ ကိုယ်ရည်ရွယ်ခဲ့တဲ့အတိုင်း ဖြစ်တည်နေကြတဲ့လူတွေ ရှိနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ တိုင်းပြည်လို လူသားတစ်ယောက်ဖြစ်တည်ခွင့် အပြည့်အဝမရှိနိုင်သေးတဲ့ နိုင်ငံသားတွေအများကြီးအတွက်ကတော့ ကိုယ်ရည်ရွယ်ခဲ့တဲ့ဘဝဖြစ်စဉ်အတိုင်း မဖြစ်နိုင်ခဲ့ကြတဲ့သူတွေ များနေပါတယ်။ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်ခဲ့ကြရဘူး။ကိုယ်နေချင်သလို မနေခဲ့ကြရ၊ ကိုယ်စားချင်သလို မစားခဲ့ကြရတဲ့ဘဝတွေ များနေပါတယ်။

ဒါဆိုရင် လူသားတစ်ယောက်ရဲ့ ဘဝဖြစ်တည်မှုဖြစ်စဉ်တွေမှာ ငွေကြေးဓနဥစ္စာတွေနဲ့ သက်ဆိုင်ခဲ့ကြသလား။ကံကြမ္မာတွေနဲ့ အဓိကသက်ဆိုင်နေခဲ့ကြသလားဆိုတာကိုတော့ ဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။

ဥပမာ ဆိုကြပါစို့။ကျွန်တော့်မှာ ငွေကြေးဓနပြည့်စုံမှုရှိနေခဲ့ရင် ကျွန်တော်ရည်ရွယ်ခဲ့တဲ့ စာပေအယ်ဒီတာတစ်ယောက်ဖြစ်နေပြီပေါ့။ဒါပေမယ့် စာပေအယ်ဒီတာတစ်ယောက်ဖြစ်ခဲ့ပေမယ့် အမည်ခံအယ်ဒီတာတစ်ယောက်မဖြစ်ခဲ့ရဘူး။အခုလည်း ရုပ်ရှင်ဗီဒီယိုရိုက်ကူးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် ဖြစ်တည်လာနိုင်တဲ့အခွင့်အရေးအခြေအနေ မပေးခဲ့ဘူး။ရုပ်ရှင်ဗီဒီယိုနယ်ထဲကို မထင်မှတ်ပဲရောက်ရှိလာခဲ့ပေမယ့် ဇာတ်ညွှန်းရေးသူဖြစ်ခွင့် ပိုများလာခဲ့တယ်။

အခုအချိန်မှာလည်း နိုင်ငံကျော် ရုပ်ရှင်ဒါရိုက်တာကြီး မောင်တင်ဦးဆီမှာ အချိန်ကာလတစ်ခုထိနေခဲ့ပြီး ရုပ်ရှင်ဗီဒီယိုရိုက်ကူးတဲ့ပညာကို သင်ယူခဲ့ရတယ်။ဒါရိုက်တာ ဦးထွန်းအောင်ဇော်ဆီကလည်း ပညာရခဲ့တယ်။ “နဝရတ်ကိုးသွယ်” ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ကာလတွေမှာ အပင်ပန်းခံကြိုးစားခဲ့ရတယ်။အဲဒီကအပြန်မှာ ရုပ်ရှင်ဗီဒီယိုလောကထဲ ပြန်ဝင်လာခဲ့တယ်။ပြန်ဝင်ရောက်လာတဲ့အချိန်မှာပဲ ဗီဒီယိုဇာတ်ညွှန်းရေးဖို့ဖြစ်လာခဲ့တယ်။ကျွန်တော့်အနေနဲ့ စာပေနယ်မှာ ကဗျာတွေ၊ ဝတ္ထုတွေရေးခဲ့တော့ ဗီဒီယိုဇာတ်ညွှန်းရေးရတာ သိပ်အခက်အခဲမရှိဘူးလေ။

ဒါရိုက်တာ မောင်ပြည့်ဝ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်လမ်းတွေကိုကြည့်ရင် ထူးခြားတဲ့ဇာတ်လမ်းတွေမဟုတ်ဘူး။သမားရိုးကျ လူ့ဘဝထဲမှာဖြစ်နေကြတဲ့ ဖြစ်ရပ်တွေ (အချစ်ဇာတ်လမ်း) တွေပါပဲ။ကျွန်တော်က ဂျပန်ဇာတ်ကားတွေကိုကြိုက်ခဲ့တယ်။တရုတ်ဇာတ်ကားတွေနဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲကိုလည်း အကြည့်များတယ်။မြန်မာဇာတ်ကားတွေကို ကြည့်ခဲခဲ့တယ်။
မောင်ပြည့်ဝရဲ့ ဗီဒီယိုဇာတ်ကားတွေ ဇာတ်ညွှန်းရေးပေးပြီးတော့ အလုပ်နားနေရပြန်တယ်။အဲဒီအချိန်ကျမှ မြန်မာဗီဒီယိုကားတွေ ငှားပြီးကြည့်ဖြစ်တယ်။ကျွန်တော်ကြည့်ဖြစ်တဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လိုအပ်ချက်တွေအများကြီးတွေ့နေရတယ်။

ကျွန်တော် ဗီဒီယိုဇာတ်လမ်းတွေရေးဖြစ်နေတယ်။အဲဒီအချိန်မှာပဲ ကျွန်တော်ကံကောင်းလာခဲ့တယ်လို့ပြောရမှာပါပဲ။အစ်ကိုမောင်ပြည့်ဝကလည်း ဇာတ်ကားရိုက်မရှိသေးဘူး။သျှိကြီးကလည်း နားနေရတယ်။ကျော်ကျော် (နေသူရိန်) ကလည်း ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီတွေကို အမြဲအဝင်အထွက်လုပ်နေရတဲ့အချိန်ပေါ့။သူတို့ဗီဒီယိုဇာတ်ကားရိုက်ခွင့်ရမှ ကျွန်တော်လည်းဇာတ်ညွှန်းရေးဖို့ မျှော်လင့်ချက်ရှိမှာလေ။

အဲဒီအချိန်မှာ ကျွန်တော့်တူက ဖုန်းဆက်လာတယ်။သူ့ယောက်ဖက ဗီဒီယိုထုတ်လုပ်ရေးလုပ်ချင်လို့တဲ့။ဗီဒီယိုလောကဖြစ်တဲ့ ၃၅ လမ်းမှာ အခန်းတောင်ငှားထားပြီးပြီတဲ့။ကျွန်တော့်ကို အကူအညီတောင်းလာတယ်။ပြောမယ်ဆိုရင် ကျွန်တော့်တူရဲ့ယောက်ဖက ဆန်ပွဲရုံထောင်ထားတာလေ။ကျွန်တော့်တူယောက်ဖရဲ့ မောင်နှမတွေက ဘုရင့်နောင်မှာ ဆန်ပွဲရုံထောင်ထားသလို၊ သူတို့ဖခင်က ဧရာဝတီတိုင်းထဲက မြို့တစ်မြို့မှာ ဆန်စက်တွေပိုင်တယ်။သူဌေးတွေလို့ ပြောရမှာပါပဲ။သားသမီးတွေကို စမ်းချောင်းမှာ တိုက်ဝယ်ပေးထားတယ်။ထားလိုက်ပါတော့။ကျွန်တော့်တူကလည်း သူ့မိန်းမနဲ့အတူ ဆန်စက်နဲ့ ဆန်ပွဲရုံမှာ ဝင်လုပ်ပေးနေရတယ်။သူလည်း ဗီဒီယိုလောကအကြောင်းကို လုံးဝသိတဲ့လူမဟုတ်ဘူး။

အခုမှ ဘယ်လိုစိတ်ကူးပေါက်ပြီး ဗီဒီယိုထုတ်လုပ်ရေးကိုလုပ်ချင်လာလည်း မသိ။ကျွန်တော်ကတော့ ဗီဒီယိုလောကထဲကို ခြေလှမ်းလှမ်းနေပြီဆိုပေမယ့်။ကျွန်တော်နဲ့ ရင်းနှီးပတ်သက်တဲ့ သူငယ်ချင်းတွေလောက်ပဲ သိနေတာလေ။ဒါပေမယ့် သူတို့ထက်စာရင် ကျွန်တော်က ဗီဒီယိုလောကနဲ့ပိုနီးစပ်တယ်။အဲဒီတော့ ကျွန်တော်ကူညီရတော့တာပါပဲ။

အဲဒီအချိန်ကာလမှာ ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီတွေက နာမည်ကြီးသရုပ်ဆောင်မင်းသား အပိုင်ရှိနေကြတယ်။ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနဲ့ စာချုပ်ထားတဲ့ မင်းသားက တခြားဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီမှာ ဇာတ်ကားရိုက်ခွင့်မရှိဘူး။ဗီဒီယိုဇာတ်ကားမဟုတ်ပဲ ရုပ်ရှင်ကားကြီးရိုက်မယ်ဆိုရင်တော့ ရိုက်ခွင့်ရှိတယ်။

ဥပမာ - ဟိန်းဝေယံ ကို မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးနဲ့ပဲ ဗီဒီယိုရိုက်ခွင့်ရှိနေသလို။ပြေတီဦး က ခရေဖြူဗီဒီယိုထုတ်လုပ်ရေးနဲ့ပဲ ဇာတ်ကားရိုက်ခွင့်ရှိနေတယ်။ဗီဒီယိုဇာတ်ကားရိုက်ကူးရေးကုမ္ပဏီတစ်ခုက နာမည်ကြီးသရုပ်ဆောင်မင်းသား တစ်ယောက်၊ နှစ်ယောက်ကို စာချုပ်ထားရတယ်။ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီအသစ်အတွက် အခက်အခဲတွေအများကြီးပါပဲ။
ဗီဒီယိုသရုပ်ဆောင် မင်းသားတွေထဲက ကုမ္ပဏီနဲ့စာချုပ်မရှိတဲ့ မင်းသားတွေကိုခေါ် ရိုက်ရင်လည်း နာမည်ကြီးမင်းသားပါတဲ့ ဗီဒီယိုဇာတ်ကားလို ငှားကြည့်မယ့်ပရိတ်သတ်နည်းမှာပါပဲ။

ကျွန်တော့်သူငယ်ချင်း ဖိုးရန်အောင်နဲ့ တိုင်ပင်ကြည့်တယ်။သူ့အစ်ကို ဒွေး မကွယ်လွန်မီမှာ ဒွေးရဲ့ မန်နေဂျာလုပ်ခဲ့တဲ့ ကိုဆာမိ ကို ထပ်အကူအညီတောင်းရတယ်။အဲဒီအချိန်မှာ ကိုဆာမိ (စတီး) က ဗီဒီယိုလောကထဲမှာ မသိတဲ့လူမရှိဘူး။ကိုဆာမိ က သရုပ်ဆောင် ကျော်ကျော်ဗို က ဗီဒီယိုဇာတ်ကားထုတ်လုပ်ရေးကုမ္ပဏီ အပိုင်မရှိသေးဘူး။ကျော်ကျော်ဗို ကို စာချုပ်ချုပ်ပြီး ဇာတ်ကားစရိုက်ဖို့ပြောတယ်။ကိုဆာမိဆိုတာက ကျောက်ဆစ်ရုပ်ကိုတောင် ခေါင်းညိတ်အောင်ပြောတတ်တဲ့ လူတစ်ယောက်လေ။ကိုဆာမိ အပြောကို ကျွန်တော့်တူက သဘောကျသွားတယ်။

အဲဒီလိုနဲ့ သရုပ်ဆောင်မင်းသား ကျော်ကျော်ဗိုနဲ့ စာချုပ် ချုပ်ဖြစ်သွားတယ်။ဘယ်ဒါရိုက်တာနဲ့ စရိုက်ကြမလဲပေါ့။ သျှိကြီးတို့ နေသူရိန်တို့က သူတို့လည်းဇာတ်ကားရိုက်ချင်နေတယ်။ကိုဆာမိ က ကျွန်တော့်ကို ကိုဇော် (အရုဏ်ဦး) ဆီ ဖုန်းဆက်ခိုင်းတယ်။ "ရှော့ခ်ရှိတဲ့အချစ်များ" ရုပ်ရှင်ဇာတ်ကားကြီး ကိုဇော် (အရုဏ်ဦး) ရိုက်ပေးခဲ့သလို၊ ကျွန်တော်က ဇာတ်ညွှန်းရေးပေးခဲ့ဖူးတယ်။ကိုဇော် (အရုဏ်ဦး) ဆီ ကျွန်တော်ဖုန်းဆက်လိုက်တော့ "ကိုဇော် (အရုဏ်ဦး) က ကိုမြတ်လှိုင်း ဇာတ်ညွှန်းရေးရင် ကျွန်တော်ရိုက်ပေးမယ်" တဲ့။
စစချင်းဇာတ်ကားကို နာမည်ကြီးဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ပေးမယ်ဆိုတော့ အဆင်ပြေမှာပေါ့။မင်းသမီးကို လိုက်ငှားရဦးမယ်။

အဲဒီအချိန်မှာ နာမည်ကြီးမင်းသမီးတွေကလည်း နာမည်ကြီးမင်းသား၊ နာမည်ကြီးဒါရိုက်တာတွေနဲ့မှ ရိုက်ချင်ကြတယ်။နောက်နေ့မှာ ကိုဇော် (အရုဏ်ဦး) အမျိုးသမီး မသီတာ က ဖုန်းဆက်လာတယ်။မင်းသမီး သက်မွန်မြင့် ကို ပြောလိုက်တော့ ရိုက်ပေးမယ်လို့ပြောတယ်တဲ့။ဇာတ်ကားရိုက်ကူးရေးမန်နေဂျာအဖြစ် ကိုဆာမိ က တာဝန်ယူခဲ့တယ်။ကိုဇော် က ဇာတ်ကားရိုက်ဖို့ ဝတ္ထုမရှိသေးဘူး။ကောင်းတဲ့ဝတ္ထုတွေမှန်သမျှ ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီတွေက ဝယ်ယူထားပြီးသားတွေဖြစ်နေတယ်။အဲဒီတော့ ကိုမြတ်လှိုင်းပဲ ဇာတ်လမ်းရော၊ ဇာတ်ညွှန်းပါ တာဝန်ယူရေးပေးပေါ့ပြောတယ်။

အဲဒီလိုနဲ့ ကျွန်တော်ကပဲ ဗီဒီယိုဇာတ်လမ်းရော ဇာတ်ညွှန်းပါ ရေးပေးလိုက်ရတယ်။ကျွန်တော်ရေးတဲ့ဇာတ်လမ်းကို ကိုဇော်ရော၊ ကျော်ကျော်ဗို၊ သက်မွန်မြင့်တို့ကပါ ကြိုက်ကြတယ်။စစချင်း ဗီဒီယိုဇာတ်ကားကတော့ အဆင်ပြေပြေ ပြီးဆုံးသွားခဲ့တယ်။
ဒုတိယဇာတ်ကားကို ကိုကျော်ကျော် (နေသူရိန်) ရိုက်ပေးမယ်လို့ ကျွန်တော့်တူကပြောတော့ ကျွန်တော်လည်းမငြင်းခဲ့ပါဘူး။
ကိုကျော်ကျော်ကလည်း ကျွန်တော်နဲ့ခင်မင်ရင်းနှီးနေတဲ့လူမဟုတ်လား။ကျွန်တော့်ကို ဇာတ်လမ်းရော ဇာတ်ညွှန်းပါရေးပေးပြီး၊ အဲဒီဇာတ်ကားမှာ တွဲဖက်ဒါရိုက်တာလုပ်ကြည့်ပါလို့ ကိုကျော်ကျော် က ပြောခဲ့တယ်။ကျွန်တော်ရေးထားတဲ့ ဇာတ်လမ်းတွေထဲက အကြိုက်ဆုံးဇာတ်လမ်းဖြစ်တဲ့ "၁၃နက္ခတ်အလွန်" ဇာတ်လမ်းကို ရိုက်ဖြစ်တယ်။အဲဒီလိုနဲ့ ကျွန်တော်လည်း ဇာတ်လမ်းဇာတ်ညွှန်းရေးသူတစ်ယောက် ဖြစ်သွားရပြီ။

မြတ်လှိုင်း
ဇူလိုင် - ၁၁