【 ဆောင်းပါး 】 ကျွန်တော်ဖြတ်သန်းနေရပြီဖြစ်တဲ့ ဗီဒီယိုလောက

【 ဆောင်းပါး 】 ကျွန်တော်ဖြတ်သန်းနေရပြီဖြစ်တဲ့ ဗီဒီယိုလောက

လောကမှာ လူတွေဖြတ်သန်းနေကြရတဲ့ လောကတွေမျိုးစုံရှိကြပါတယ်။အဓိကဖြစ်တဲ့လောကတွေကတော့စီးပွားရေးလောက၊ ပညာရေးလောက၊ စာပေလောကနဲ့ နိုင်ငံရေးလောကတွေဆိုပြီး ပြောဆိုတတ်ကြတယ်။ကျွန်တော်လည်း စာပေအနုပညာလောက၊ နိုင်ငံရေးလောကတွေကို ဖြတ်သန်းနေရပါတယ်။အခုဆိုရင် ဖျော်ဖြေရေးလောကတစ်ခုဖြစ်တဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ရပါပြီ။အနုပညာလောကထဲမှာလည်း မျိုးစုံရှိပါတယ်။ပန်းချီနဲ့ပတ်သက်နေတဲ့အနုပညာတွေ၊ ဆိုတီးကအနုပညာတွေ၊ ရုပ်ရှင်အနုပညာတွေ ပါဝင်နေကြတယ်။

အခု ကျွန်တော်ရောက်လာခဲ့ရတဲ့ ရုပ်ရှင်ဗီဒီယိုလောကထဲမှာ လူမျိုးစုံတွေ့ရမှာပါ။ကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပေါ်လာခဲ့တဲ့ ဗီဒီယိုလောကဆိုတာလည်း ခေတ်ကာလတစ်ခုလိုဖြစ်နေပါတယ်။ရုပ်ရှင်တစ်ကားရိုက်နိုင်ဖို့အ တွက် အရင်းအနှီးငွေ သိန်းကျော်ဆိုတာ အနည်းဆုံးရှိနေရတယ်။ရုပ်ရှင်ကားတွေ အရေအတွက်နည်းပါးပေမယ့်ကိုယ်ရိုက်ထားတဲ့ရုပ်ရှင်ကားကို ရုံတင်ပြသနိုင်ဖို့အတွက်လည်း အင်မတန်ကြန့်ကြာနေတတ်ပါသေးတယ်။အဲဒီ တော့ ရုပ်ရှင်ကားကိုရိုက်မယ့်လူတွေအနေနဲ့ ငွေကြေးအရင်းအနှီးနည်းတဲ့ ဗီဒီယိုဇာတ်ကားတွေရိုက်ကြပါတော့တယ်။

ဒီလို ဗီဒီယိုဇာတ်ကားတွေကို အဓိကထားရိုက်နေကြတော့ ဗီဒီယိုထုတ်လုပ်ရေးကို အဓိကထားတဲ့ ကုမ္ပဏီတွေများလာခဲ့ကြသလို၊ အဲဒီဗီဒီယိုဇာတ်ကားထုတ်လုပ်မှုကိုအမှီပြုပြီး ဘဝနေထိုင်စားသောက်ရေးအတွက် အဆင်ပြေနေကြတဲ့လူတွေ ထောင်ပေါင်းများစွာရှိလာခဲ့ကြပါတယ်။ဗီဒီယိုဇာတ်ကားကိုဖန်တီးနေကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးသူတွေ၊ ဇာတ်ကားမှတ်တမ်းရေးသူတွေကအစ၊ မီးထိုးမှန်ထိုးလုပ်ကိုင်နေကြတဲ့လူတွေ ဝင်ငွေရနေကြပါတယ်။နောက်တစ်ခု ဗီဒီယိုသရုပ်ဆောင် မင်းသား၊ မင်းသမီးအသစ်တွေ ပေါ်ပေါက်လာကြတယ်။ဇာတ်ပို့ဇာတ်ရံတွေလည်း များစွာပေါ်ပေါက်လာခဲ့ပါတယ်။

ဗီဒီယိုသရုပ်ဆောင်မင်းသားတွေကို ငှားရမ်းရိုက်ကူးနေကြတဲ့ ကုမ္ပဏီတွေကလည်း အနုပညာထက် စီးပွားရေးအမြင်နဲ့ကြည့်ပြီး အလုပ်လုပ်နေကြရတယ်။ဗီဒီယိုအငှားဆိုင်တွေကလည်း မြို့ရွာနယ်တွေပေါင်းစုံမှာရှိနေကြတယ်။ဗီဒီယိုအငှားဆိုင်ဈေးကွက်ကလည်း အင်မတန်ကျယ်ပြန့်နေတယ်။အဲဒီဗီဒီယိုအငှားဆိုင်ဈေးကွက်အပေါ်မှာမူတည်ပြီး ဗီဒီယိုဇာတ်ကားကြည့် ပရိသတ်အကြိုက် သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ ရှိလာကြတယ်။အဲဒီအထဲမှာ နာမည်ကြီး၊ နာမည်ရ မင်းသားတွေကို ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီတွေက နှစ်ကာလအလိုက်၊ ဇာတ်ကားအရေအတွက် အလိုက်ငှားရမ်းစာချုပ်တွေ ချုပ်ခဲ့ကြတယ်။

ကုမ္ပဏီကြီးတွေက စာချုပ် ချုပ်ထားတဲ့ သရုပ်ဆောင်မင်းသားတွေကလည်း သူတို့ကြိုက်နှစ်သက်တဲ့ ဗီဒီယိုကားရိုက် ဒါရိုက်တာတွေနဲ့ ရိုက်တတ်ကြတယ်။သရုပ်ဆောင်မင်းသားတွေအကြိုက် သရုပ်ဆောင်မင်းသမီးတွေနဲ့ ရိုက်တတ်ကြတယ်။ဘယ်နာမည်ကြီး သရုပ်ဆောင်မင်းသားက ဘယ်သရုပ်ဆောင်မင်းသမီးတွေနဲ့ အရိုက်များတယ်ဆိုတာကိုကြည့်ရင် သိသာနိုင်ပါတယ်။အဲဒီလိုပါပဲ။နာမည်ကြီးမင်းသားနဲ့ ဇာတ်ကားရိုက်ပြီး ဇာတ်ကားအောင်မြင်သွားခဲ့ရင် ဇာတ်ကားရိုက် ဒါရိုက်တာလည်း နာမည်ကြီးသွားတတ်တယ်။ကျွန်တော်ရောက်ရှိလာခဲ့ရတဲ့ ဗီဒီယိုလောကအကြောင်းတွေ ပြောလို့မကုန်နိုင်ပါဘူး။အဲဒီအကြောင်းတွေ အခါသင့်ရင်သင့်သလို ရေးသွားချင်ပါတယ်။ကျွန်တော်ရောက်ရှိလာခဲ့ရတဲ့ ဗီဒီယိုလောကဟာ၂၀၁၀ ပတ်ဝန်းကျင်ကာလမှာအအောင်မြင်ဆုံးကာလတစ်ခု ဖြစ်နေပါပြီ။

အဲဒီ ဗီဒီယိုလောက အအောင်မြင်ဆုံးကာလမှာ ကျွန်တော့်တူတွေစတည်ထောင်ခဲ့တဲ့ (252) ဗီဒီယိုထုတ်လုပ် ရေးလုပ်ငန်းကတော့ မအောင်မြင်ခဲ့ဘူးလို့ ဆိုရမှာပါ။ကျွန်တော်လည်း ဗီဒီယိုဒါရိုက်တာ နေပိုင်နဲ့ တွဲဖြစ်နေတဲ့ အချိန်မှာ သရုပ်ဆောင်မင်းသား ကျော်ကျော်ဗိုနဲ့ ဇာတ် ကားတွေရိုက်ဖို့ နာမည်ရဒါရိုက်တာတွေက သိပ်စိတ်မဝင်စားကြဘူး။နောက်ပိုင်းမှာ ဒါရိုက်တာ နေသူရိန်တို့၊ သျှိကြီးတို့နဲ့ ဇာတ်ကားအရိုက်များတယ်။ကျွန်တော်ကတော့ ဇာတ်ညွှန်းရေးပေးနေပါတယ်။

ဗီဒီယိုဈေးကွက်အပြောင်းအလဲ

ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီတွေကငှားရမ်းပြီး စာချုပ် ချုပ်မှုတွေ အပြောင်းအလဲများခဲ့တဲ့ကာလလို့ ပြောရပါလိမ့်မယ်။ကျွန်တော်မှတ်မိသလောက်ပြောရရင် နာမည်ရ သရုပ်ဆောင်မင်းသား အောင်ရဲလင်း ကိ 'ခရေဖြူ' ဗီဒီ ယိုထုတ်လုပ်ရေးကငှားပြီး စာချုပ်ချုပ်လိုက်တယ်။ 'ခရေဖြ' ဗီဒီယိုထုတ်လုပ်ရေးမှာ နာမည်ရလာတဲ့ သရုပ်ဆောင်မင်းသား ပြေတီဦး ရှိနေတဲ့အပြင် နောက်ထပ်သရုပ်ဆောင်မင်းသားကို စာချုပ်လိုက်တယ်။နာမည်ကြီး သရုပ်ဆောင်မင်းသားကြီး ကျော်ရဲအောင်လည်း စာချုပ် ချုပ်ထားတယ်။

အဲဒါတွေထက် ပိုထူးခြားတာက "မဟော်ဂနီ" ဗီဒီယိုထုတ်လုပ်ရေးကနေ နာမည်ရလာတဲ့ သရုပ်ဆောင်မင်းသား 'မြင့်မြတ်' ရဲ့ သတင်းပါ။ 'မဟော်ဂနီ' ဗီဒီယိုထုတ်လုပ်ရေးနဲ့ 'မြင့်မြတ်' လမ်းခွဲတော့မယ် ဆိုတာပါပဲ။ဒါရိုက်တာ ကိုနေပိုင်နဲ့ ကျွန်တော်တွဲနေတဲ့အချိန်မှာ ရိုက်ဖြစ်ခဲ့တဲ့ "ကောင်းကင်ပေါ်ကချစ်သူကြယ်" ဇာတ်ကားကလည်း သရုပ်ဆောင် မြင့်မြတ်နဲ့ 'မဟော်ဂနီ' ဗီဒီယိုထုတ်လုပ်ရေးရဲ့ နောက်ဆုံးဗီဒီယိုဇာတ်ကားဖြစ်လိမ့်မယ်ထင်တယ်။ "ကောင်းကင်ပေါ်ကချစ်သူကြယ်" ဇာတ်ကားက စာရေးဆရာ မိုးဆက်လင်းထက်ရဲ့ ဝတ္ထုကို ကျွန်တော်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ နေပိုင် ရိုက်ဖြစ်ခဲ့တဲ့ဇာတ်ကားပါ။မြင့်မြတ်နဲ့ မိုးဟေကိုတို့ သရုပ်ဆောင်ကြတယ်။အဲဒီ "ကောင်းကင်ပေါ်ကချစ်သူကြယ်" ဇာတ်ကားက ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်သလို၊မြင့်မြတ်နဲ့ မိုးဟေကိုတို့ကလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ကြတယ်။ပရိတ်သတ်အကြိုက်ဇာတ်ကားတစ်ကားဖြစ်ခဲ့တယ်။

သရုပ်ဆောင်ကြီး ကျော်ရဲအောင်နှင့် ရေစက်

အဲဒီအချိန်ကာလမှာအောင်မြင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားတွေ ရှိနေပါသေးတယ်။ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင်တို့က အပြိုင်အောင်မြင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေပါပဲ။အအောင်မြင်ဆုံး သရုပ်ဆောင်မင်းသားက ရန်အောင်လို့ သတ်မှတ်ရင် ရနိုင်ပါတယ်။ဒါပေမယ့် အခု ၂၀၁၀ ကျော်ကာလမှာ ရန်အောင်နဲ့ ရဲအောင်တို့က လူကြီးနေရာတွေမှာ ဝင်ယူနေရပါပြီ။ရုပ်ရှင်အနုပညာလောကကနေ စွန့်ခွာသွားတဲ့ (ဦး) ကျော်ဟိန်း က ဘယ်ဇာတ်ကားမှာဖြစ်ဖြစ် အဓိကသရုပ်ဆောင်မင်းသားကြီးဖြစ်ခဲ့တယ်။ (ဦး) ကျော်ဟိန်းလိုပဲ သရုပ်ဆောင်မင်းသားကြီး ကျော်ရဲအောင်ကလည်း ဘယ်ဇာတ်ကားမှာပဲဖြစ်ဖြစ် အဓိကသရုပ်ဆောင်နေရာမှာပဲရှိနေပါတယ်။ကျော်ရဲအောင်နဲ့ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေကိုကြည့်ရင် မင်းသမီးကြီးတွေနဲ့ရော၊ မင်းသမီးငယ်တွေနဲ့ပါ တွဲရိုက်နေရတယ်။

အဲဒီအချိန်မှာလည်း နာမည်ကြီးဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ "ခရေဖြူ" ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်ထားတယ်။တစ်ရက်မှာ ဒါရိုက်တာ နေပိုင် က 'မင်းသား ကျော်ရဲအောင်နဲ့ တွေ့ဖို့ချိန်းထားတယ်၊ ကိုမြတ်လှိုင်းပါလိုက်ခဲ့ရမယ်' ဆိုပြီးဘပြောတာကြောင့် ကိုကျော်ရဲအောင်နဲ့တွေ့ဖို့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ တွေ့ဆုံခဲ့ရတယ်။ကျွန်တော့်ကိုတွေ့တွေ့ချင်းမှာ "ခင်ဗျားက ကိုမြတ်လှိုင်းလား" လို့ မေးတယ်။အဲဒီအချိန်ထိ ကျော်ရဲအောင် ကို အပြင်မှာမတွေ့ဖူးသေးဘူး။သူပါတဲ့ဇာတ်ကားတွေကြည့်ဖူးသလားဆိုတော့လည်း မကြည့်ဖူးဘူး။ကျွန်တော်က အရင်ပြောခဲ့ဖူးသလို ဘယ်ရုပ်ရှင်ဗီဒီယိုကားတွေကိုမှ သိပ်မကြည့်တတ်ဘူးလေ။

ရမ္မက်ဇောရုပ်ရှင်ကားက 'ရမ္မက်၏စေရာ' ဗီဒီယိုဇာတ်ကား ပြန်ဖြစ်သွားရခြင်း

ကိုကျော်ရဲအောင်နဲ့တွေ့တော့ ဟိုတုန်းက (ဦး) ကျော်ဟိန်း ရုပ်ရှင်ရိုက်ခဲ့ဖူးတဲ့ "ရမ္မက်ဇော" ဇာတ်လမ်းကို ဗီဒီယိုပြန်ရိုက်ချင်တယ်လို့ ပြောတယ်။ (ဦး) ကျော်ဟိန်း ရိုက်ခဲ့တဲ့ "ရမ္မက်ဇော" ရုပ်ရှင်ကားကြီးကတော့ အောင်မြင်ခဲ့တယ်။ကျွန်တော်လည်းသိနေပေမယ့် အဲဒီရုပ်ရှင်ကားကို မကြည့်ဖူးခဲ့ဘူးလေ။ကိုကျော်ရဲအောင် က ရိုက်ချင်တယ်ဆိုပြီး ပြောလိုက်တာပဲရှိတယ်။အဲဒီ "ရမ္မက်ဇော" ကား ဇာတ်လမ်းကိုပြန်ရှာပြီး ဇာတ်လမ်းကိုပြန်ပြင်ရေးဖို့နဲ့ ဇာတ်ညွှန်းရေးဖို့က ကျွန်တော်ပဲတာဝန်ယူရတယ်။ကိုကျော်ရဲအောင် ပြောသွားတာ အဓိကသရုပ်ဆောင် မင်းသမီးကြီးက စိုးမြတ်သူဇာနဲ့ ပြင်ဦးလွင် (မေမြို့) ကို တက်ရိုက်မယ်တဲ့။ "ရမ္မက်ဇော" ဇာတ်လမ်းကို (ဦး) ကျော်ဟိန်း တူ ဖိုးရန်အောင် ကို မေးရတယ်။ဖိုးရန်အောင်ကလည်း ဇာတ်လမ်းအပြည့်အစုံကို သေချာမပြောနိုင်ဘူး။ဇာတ်လမ်းကျောရိုးလောက်ရရင် ကျွန်တော်ဇာတ်လမ်းအသစ်ဖြစ်အောင် ပြန်ရေးနိုင်ပါတယ်။အခုသိရသလောက်နဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။

ကျွန်တော်ကံကောင်းတယ်လို့ပြောရမလားမသိ။ကျွန်တော်နဲ့ အစ်ကိုလိုခင်တဲ့ ကိုဟိန်းလတ်ဆီ မမျှော်လင့်ပဲရောက်သွားခဲ့တယ်။အဲဒီအချိန်မှာ ကိုဟိန်းလတ် ကပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်လုပ်နေတယ်။ကျွန်တော် ဗီဒီယိုဇာတ်ညွှန်းတွေစရေးနေတာကိုလည်း သူသိတယ်။အားလည်းပေးတယ်။အဲဒီမှာ "ရမ္မက်ဇော" ဇာတ်ကားကို ကျော်ရဲအောင်နဲ့ ရိုက်ဖို့ရှိတယ်ဆိုပြီး ပြောလိုက်တယ်။အစ်ကိုဟိန်းလတ် က "ရမ္မက်ဇော" ဇာတ်လမ်းကိုရေးခဲ့တဲ့ စာရေးဆရာက 'မောင်သိန်းဆိုင်' တဲ့။ဆရာမောင်သိန်းဆိုင် က မရှိတော့ပေမယ့်၊ သူ့သမီးတွေဆီမှာ ဇာတ်လမ်းအဟောင်းတွေရှိနေနိုင်တယ်ဆိုပြီး နေရပ်လိပ်စာ ကျွန်တော့်ကိုပေးလိုက်တယ်။

ကျွန်တော်လည်း မြောက်ဥက္ကလာ၊ ဆေးတက္ကသိုလ် (၂) ရှေ့က ရပ်ကွက်ကိုသွားရတယ်။ဆရာမောင်သိန်းဆိုင် သမီးနဲ့တွေ့တယ်။သူ့ဖခင်ရေးခဲ့တဲ့ ဇာတ်လမ်းအဟောင်းတွေကို ပြန်ရှာရတယ်။တော်တော်လေးရှာမှ "ရမ္မက်ဇော" ဇာတ်လမ်းအကျဉ်း စာရွက်လေးသုံးရွက်ကို တွေ့တယ်။စာရွက်က လက်နှိပ်စက်နဲ့ရိုက်ထားတာ။တော်တော်လေးကိုဟောင်းနွမ်းနေပြီ။အဲဒီစာရွက်ဟောင်းလေးကိုတွေ့ရတာကိုပဲ ကျွန်တော်ထီပေါက်သလိုပျော်သွားခဲ့ရတယ်။ဇာတ်လမ်းစာမူခကို ဗီဒီယိုကုမ္ပဏီမန်နေဂျာက လာရှင်းပေးပါမယ်ဆိုပြီး ပြန်လာခဲ့တယ်။

ကျွန်တော်လည်း အိမ်ရောက်ရောက်ချင်း "ရမ္မက်ဇော" ဇာတ်လမ်းအကျဉ်းလေးကိုဖတ်ပြီး ဘယ်လိုပြန်ရေးရမလဲဆိုပြီးတွေးရင်း ဇာတ်ကား ဇာတ်လမ်းစဉ်ကိုရေးလိုက်တယ်။ဇာတ်ကားနာမည်ကိုတော့ "ရမ္မက်၏စေရာ" ဆိုပြီး ပေးလိုက်တယ်။

အဲဒီလိုနဲ့ ကျွန်တော်တို့ ပြင်ဦးလွင်ကိုတက်ခဲ့ကြတယ်။အဓိကမင်းသမီး စိုးမြတ်သူဇာ က ရန်ကုန်ရိုက်ရက်ရှိနေတော့၊ စိုးမြတ်နန္ဒာ ကို ထည့်ရိုက်ခဲ့ရတယ်။ဒုတိယမင်းသမီးနေရာမှာ 'သင်ဇာဝင့်ကျော်'။ ဒုတိယမင်းသားနေရာမှာ ကျွန်တော့်ညီလိုဖြစ်နေတဲ့ 'ထင်ကျော်လင်း (ဦး) ကျော်ဟိန်းရဲ့ တူ)' ကို ထည့်ပေးပြီး ရိုက်ခဲ့တယ်။

မြတ်လှိုင်း
ဇူလိုင် - ၂၅