【 ဆောင်းပါး 】 ဘဲလ်တီးသံ

【 ဆောင်းပါး 】 ဘဲလ်တီးသံ

အသံများကို ကျွန်တော်မုန်းသည်။ထိုထဲ ထူးထူးခြားခြားမုန်းသည်မှာ ဘဲလ်တီးသံ စူးစူးရှရှ။ဘဲလ်တီးသံများကို ကျွန်တော်မုန်းနေသည်မှာ ဘယ်အချိန်ကတည်းမှန်းတော့မသိ။ယခုတိုင် ဘဲလ်တီးသံကြားရတိုင်း ရင်ထဲထိတ်ကနဲဖြစ်သွားစမြဲ။ဒီလိုခံစားရမှုက လူတိုင်းနားလည်လိမ့်မည်ဖြစ်သည်။တစ်ခါတစ်ရံ ကိုယ့်စိတ်အာရုံက တစ်ခုခုတွင် မြောပါစီးဝင်နေသည့်အချိန်တွင် ကိုယ့်ဘေးနားကပ်ပြီး အသံတစ်ခုကြားရလိုက်သည့်အခါ လှုပ်ရှားမှုတစ်ခုဖြစ်သည့်အခါ ဟာဒယတစ်ခုလုံး သွက်သွက်ခါသွားသလိုဖြစ်ခြင်းမျိုး ခံစားမိကြလိမ့်မည်ဖြစ်သည်။ဒီလိုခံစားရပြီးနောက် လူတစ်ကိုယ်လုံး ဘယ်လိုဆက်ဖြစ်လဲဆိုတာ တွေးမိကြမည်ဖြစ်သည်။နှလုံးရောဂါရှိသူဆိုလျှင် တစ်ညလုံး ဒီလန့်မှုက ခြောက်ခြောက်ခြားခြားဖြစ်ကာ နေလို့ထိုင်လို့မကောင်းဖြစ်ကြသည်။

ကျွန်တော်ကတော့ ဒီလိုမဖြစ်။ကိုယ့်ကို ဘေးနားလာပြီး အထိတ်တလန့်လုပ်သည့် လူမှန်သမျှကို ယောင်ပြီး ပြန်ပြန်လက်နှင့်ချတတ်သည်။ဒီအကျင့်ကြောင့် ကျွန်တော့်ကို အထိတ်တလန့်ဖြစ်အောင် လုပ်ချင်သူများမှာ ကိုယ့်အန္တရာယ်ကိုယ်တွေးပြီး မလန့်ကြ၊ မခြောက်ကြ။ဒီတော့ တကူးတကခြောက်လှန့်ခံရသည့်ဘေးမှ ကျွန်တော်မှာ ငယ်စဉ်ကတည်းက ကင်းဝေးသည်ဟု ပြောလို့ရသည်။တကယ် ကျွန်တော့်ကို ခြောက်လှန့်နိုင်သည်က ဘဲလ်တီးသံဖြစ်သည်။ကျွန်တော် ဘာကြောင့်များ ဘဲလ်တီးသံကို ကြောက်မိမှန်းမသိ။

တစ်ခါတစ်လေ စာသင်ခန်းထဲ အတန်းချိန်ပြောင်းသည့်အခါ အချိန်ပြောင်းဘဲလ်တီးသည့်အခါ ကျွန်တော်ထိတ်ကနဲဖြစ်ရသည်။ရုတ်တရက်မို့လား။ဒါလည်းမဟုတ်။ဘဲလ်တီးသည့်အချိန်ကိုစောင့်ကာ တကူးတကသတိထားသော်လည်း ဘဲလ်တီးသံကြားလျှင် ရင်ကထိတ်ကနဲဖြစ်စမြဲ။တစ်ခါတစ်ရံ စာမေးပွဲဖြေသည့်အခါ စာမေးပွဲစတင်ချိန် ဘဲလ်တီးသံကြောင့် စာဘယ်လောက်ရရ ကောင်းကောင်းမဖြေနိုင်ခဲ့။ဒါကို လူကြီးတွေကမသိ။ကျွန်တော် စာမေးပွဲမှာ သူတို့ရှိနေစေချင်သည့် အဆင့်တစ်ခုသို့မရောက်ရသည့် အကြောင်းပြချက်တစ်ခုအဖြစ်သာ သဘောထားကြသည်။ဘဲလ်တီးခြင်းကြောင့် စာမေးပွဲဖြေလို့မရခြင်းသည် သူတို့အမြင်တွင် အပရိကသာ။ကျွန်တော့်မှာသာ အလွန်ကြီးမားသော အခက်အခဲကို တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်နေရခြင်းဖြစ်သည်။ဘဲလ်သံကိုကြောက်သည့် ကျွန်တော့်အလက်ဂျစ်ကို ဘယ်သူကမှ အသိအမှတ်မပြု။ဒါက ကျွန်တော်၏မွေးရာပါကံဆိုးမှုတစ်ခုဟု ဆိုရမလို။

အလယ်တန်းရောက်တော့ နားထဲအဝတ်ဆို့ထားခြင်းနဲ့ ဘဲလ်သံတွေကို ကျွန်တော်ကျော်ဖြတ်နေခဲ့လေပြီ။တစ်ခါတစ်ရံ အတန်းထဲ စာသင်နေသဖြင့် နားဆို့ထားလို့မရသည့် အတန်းကူးပြောင်းခြင်းချိန်တွင် နားကို အသက်နက်နက်ရှုခြင်းဖြင့် အသံတွေသိပ်မကြားရအောင် လုပ်တတ်လာခဲ့သည်။စာမေးပွဲဖြေသည့်အခါမျိုးတွင် နားထဲဆို့စရာရှားသည့်အခါ တစ်ခါတစ်ရံ စာမေးပွဲအခန်းစောင့်ဆရာမက နားထဲ စာခိုးချရန်အကြောင်းပြချက်ဖြင့် ယူလာသည်ဟု ထင်ပြီး နားထဲမှဆို့ထားသည်များကို ထုတ်စေခိုင်းသည့်အခါ နားထဲ လက်သန်းကို ရနိုင်သလောက် ခြစ်ခြုတ်ထည့်ပြီး နားပိတ်ထားတတ်လာခဲ့သည်။

တိုက်ခိုက်ခံရခြင်းသည်နှင့် တပြိုင်နက်တွင် ခုခံခြင်းက အလိုအလျှောက်ဖြစ်လာသည်ဆိုသော အနောက်တိုင်းစကားက ကျွန်တော့်အတွက်မှန်လွန်းနေသည်။ကျွန်တော့်ဘ၀တွင် အထိတ်တလန့်ဖြစ်ရသည်များထဲ အဆိုးဆုံးဖြစ်သည့် အသံများပင်ဖြစ်သည်။ထိုအသံတွေကိုခုခံဖို့ နားကို အသံတွေဝင်စရာ နေရာပေါက်အနည်းငယ်သာရှိအောင် ထားသည့်နည်းကို ကျွန်တော်ကိုယ်တိုင် ဘယ်လိုလုပ်တတ်ခဲ့မှန်းတောင်မသိ။သို့သော် ဘယ်လိုနည်းလမ်းတွေရှာခဲ့သလဲဆိုတာတော့ ကိုယ်ကိုယ်တိုင်တော့သိသည်။ပြောတော့ မပြောပြတတ်။

မူလတန်းအရွယ်မှ အလယ်တန်းအရွယ်၊ ဒီမှ အထက်တန်းအရွယ်။နောက်တော့ တက္ကသိုလ်။နောက် အလုပ်ခွင်ဝင်။အသံတွေများစွာကိုကျော်ဖြတ်ပြီး အရွယ်ရလာသည့်တိုင် ယခုတိုင် ကျွန်တော့်ကို အထိတ်တလန့်ဖြစ်စေမြဲက မူလလက်ဟောင်း ဘဲလ်တီးသံပင်။သူ၏ အသံအရည်အသွေး၊ အသံဆိုးမှုနှင့် စိတ်ကို ဖျပ်ကနဲထိတ်လန့်စေသည်က အသင့်သုံး ကော်ဖီမစ်ထုပ်များလို ဘယ်နေရာ၊ ဘယ်အချိန်ရောက်ရောက် အရည်အသွေးကမကျ။စိတ်ကို ထိတ်လန့်စေမှုကမပျက်။ငယ်ငယ်ကတည်းကနေ အခုထိ တစ်ဆံချည်မျှင်မှမလျော့။

တစ်ခါတစ်ရံ စဉ်းစားမိသည်။လူလုပ်သည့်အသံများမရှိသည့် အရပ်ဆိုတာ ရှိမှ ရှိပါလေစဆိုတာ..။ဤသို့ဂုဏ်ဒြပ်နှင့်ရှိရာအရပ်က အလွန်ရှားနေလှပြီ။ကျွန်တော့်ပတ်ဝန်းကျင်တွင်လည်းမရှိ။အခြားသောသူများ၏ ပတ်ဝန်းကျင်တွင်လည်းမရှိ။ တိတ်ဆိတ်ငြိမ်သက်မှ တရားထူးရမည်ဆိုပြီး တရားကျင့်စေသည့် တရားစခန်းများပင် လူစည်ကားရာ အလယ်ခေါင်တည့်တည့်ရောက်နေရပြီ။ဒီလိုခေတ်ထဲ အသံတစ်နာရီလောက်ဆိတ်ငြိမ်သည့် အခင်းအကျင်းဆိုတာ မဖြစ်နိုင်သည့်အရာပင်။ဘဲလ်တီးသံလို ဆိတ်ငြိမ်သည့်အရာကိုဖျက်ဆီး အသံတွေများလွန်းသည့် လောကထဲ ကျွန်တော်တို့ ဘာလို့လူလာဖြစ်ရသလဲဆိုတာ။  

တစ်ခါတစ်ရံ ကျွန်တော်တို့ကိုယ်တိုင် အသံများကြား ပိတ်မိနေတတ်သည်။အသံများက တစ်ခါတစ်ရံ ကျွန်တော်တို့နောက်၊ တစ်ခါတစ်ရံ ကျွန်တော်တို့အရှေ့၊ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့ ခပ်ပြပြတွင် ရှိနေကြသည်။အသံက ဘာပဲဖြစ်ဖြစ် အိပ်မက်ဆန်လှသည်။ထိတွေ့ဆုပ်ကိုင်လို့မရတာ တစ်ခုတည်းကပင် ဆွတ်ပျံ့ကြည်နူးဖွယ်၊ စက်ဆုပ်အော့နှလုံးနာဖွယ်ဖြစ်သည်။
တစ်ခါတရံ ခွက်ယောက်များတီးသံပင် သာယာနာပျော်ဖွယ်ဖြစ်တတ်သော်လည်း ဆိတ်ငြိမ်နေရာမှ ရုတ်တရက်ထိုးထွက်လာသည့် စူးရှသည့်အသံက ဘာကြောင့် လူ့စိတ်ကိုဖိနှိပ်နေသလဲဆိုတာ စဉ်းစားရခက်လှသည်။

အသံဆိုတာ ဘာများကိုခေါ်ပါသည်နည်း။တစ်ခါတစ်ရံ ကျွန်တော်တို့၏စိတ်ဝိ‌ဉာဉ်က ဟိုးဝေးကွာသည့်အရပ်ကို ရောက်နေတတ်သည်။ထိုအရပ်တွင် ရုပ်၀တ္ထုဖွံ့ဖြိုးမှုက အားနည်းလှသည်။သို့သော် ထိုအရပ်တွင် အသံဆိုတာမရှိ။ကွဲပြားမှုမရှိ၊ ဝါဒဆိုတာမရှိ။နှိပ်စက်မှုမရှိ၊ သတ်ဖြတ်မှုတွေလည်းမရှိ။အချင်းများ ရန်ပွားတတ်တာလည်းမရှိ။စိတ်သည် အသံပင်ဖြစ်နေတတ်သည်။စိတ်၏အလွင့်တွင် အသံသည် ငယ်စဉ်ကိုလည်းရောက်၏။ဝေးကွာသောအရပ်ဆီသို့လည်းရောက်၏။ချစ်ရသူဆီများလည်းရောက်သည်။ထိုအခါ ဘဲလ်တီးသံသည် သာယာနာပျော်ဖွယ် ခပ်လွင့်လွင့် စိတ်မှာမြည်လေသည်။

အသံဆိုတာ ဘာများကိုခေါ်ပါသည်နည်း။တစ်ခါတစ်ရံ ကျွန်တော်တို့၏ စိတ်ဝိ‌ဉာဉ်က ဟိုးဝေးကွာသည့်အရပ်ကို ရောက်နေတတ်သည်။ထိုအရပ်တွင် ရုပ်၀တ္ထုဖွံ့ဖြိုးမှုက အားနည်းလှသည်။သို့သော် ထိုအရပ်တွင် အသံများ တိတ်ဆိတ်နေလျှက်။

လင်းနိုင်ကျော်စိုး
ဇူလိုင် - ၈