【 ဆောင်းပါး 】 လူတစ်ယောက်၏ ဘဝရပ်တည်မှု

【 ဆောင်းပါး 】 လူတစ်ယောက်၏ ဘဝရပ်တည်မှု

ကျွန်တော်တို့တိုင်းပြည်မှာ လူပေါင်းများစွာရှိနေကြပေမယ့်၊ မိမိဘဝရှင်သန်ရေးအတွက် မိမိကြိုက်နှစ်ရာဘဝမျိုးမှာ ရပ်တည်နေခွင့်ရတဲ့လူ အတော်ရှားနေပါတယ်။

အလုပ်အကိုင်တစ်ခုကိုရရှိဖို့ အတော်ကြီးကိုခက်ခဲနေကြတယ်။နောက်ဆုံးအခြေအနေမှာ ရတဲ့အလုပ်တွေကိုပဲ လုပ်နေကြရတယ်။ဒီလိုအခြေအနေမှာတောင် အလုပ်လက်မဲ့တွေ ပိုပိုများပြားလာတယ်။

လူတစ်ယောက်အတွက် ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ခွင့်ရမယ်ဆိုရင် အဲဒီအလုပ်ဟာ ပိုအောင်မြင်နိုင်ပါလိမ့်မယ်။ဖြစ်နေတာတွေကတော့ ကိုယ်မလုပ်ချင်တဲ့အလုပ်မျိုးတွေကို လုပ်နေကြရတဲ့အခြေအနေတွေ ဖြစ်နေ တယ်။ကိုယ်လုပ်ချင်တဲ့အလုပ်မျိုးကို မလုပ်ရပဲ၊ ကိုယ်မလုပ်ချင်တဲ့အလုပ်မျိုးကို လုပ်နေကြရတော့ အလုပ်လုပ်ဖြစ်ရုံလောက်ထက် ပိုဖြစ်မလာကြဘူး။အဲဒီလိုပါပဲ။ရတဲ့အလုပ်ကိုလုပ်နေရတော့ မတည်မြဲနိုင်ပါဘူး။ကိုယ်လုပ်ချင်တဲ့အလုပ်မျိုးကို မလုပ်ရတော့၊ ရတဲ့အလုပ်ကိုလုပ်နေရသလို၊ ရတဲ့အလုပ်ထက် ပိုအဆင်ပြေမယ့်အလုပ်မျိုးရလာခဲ့ရင် ပြောင်းလဲလုပ်ကိုင်နေကြမှာပါပဲ။

အဲဒီလိုအခြေအနေတွေဖြစ်နေကြတော့ တိုင်းပြည်ရဲ့ အရာရာတိုင်းမှာ မတိုးတက်လာနိုင်ပဲနဲ့ အဆုံးအရှုံးတွေများပြားလာတယ်။ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်တစ်ခုအခြေအနေကနေ မတိုးတက်လာခဲ့ဘူး။အဲဒီလိုပဲ။တိုင်းပြည်စီးပွားရေး၊ ပညာရေးနယ်ပယ်တွေမှာ ဖြစ်နေကြရသလို၊ အနုပညာနယ်ပယ်မှာလည်း တွေ့ကြုံနေရတယ်။ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်နေရတဲ့အလုပ်တစ်ခုအပေါ်မှာ အာရုံစိုက်ပြီးကြိုးစားလုပ်ဖို့ အရေးကြီးပါတယ်။ကိုယ်လုပ်နေရတဲ့အလုပ်တစ်ခုမှာ ပျော်မွေ့လာနိုင်ဖို့လည်း လိုအပ်ပါတယ်။

ကျွန်တော် ဗီဒီယိုရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းရေးသူတစ်ယောက်အနေနဲ့လည်း အလုပ်အပေါ်မှာပဲ အာရုံစိုက်ထားခဲ့ပါတယ်။ဗီဒီယိုရုပ်ရှင်ရိုက်ကူးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာနိုင်ဖို့တော့ ဇာတ်ညွှန်းရေးသူနဲ့ ရိုက်ကွင်းမန်နေဂျာတွေက ပိုနီးစပ်နိုင်ပါတယ်။ကျွန်တော်တို့ ဗီဒီယိုလောကအနေနဲ့ပြောမယ်ဆိုရင် ဝင်ငွေရလွယ်တဲ့အလုပ် ဖြစ်နေတယ်။အနုပညာစိတ်သိပ်မရှိပေမယ့် နီးစပ်လို့ ဗီဒီယိုနယ်ထဲကိုဝင်လာတဲ့လူတွေလည်းရှိနေတယ်။

ဗီဒီယိုဒါရိုက်တာတစ်ယောက်အနေနဲ့ သူရိုက်မယ့်ဇာတ်ကားအတွက် ဇာတ်ညွှန်းပါရေးတာတွေတော့ရှိနေပါတယ်။ဒါကတော့ဖြစ်နိုင်ပါတယ်။သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ဗီဒီယိုရုပ်ရှင်လောကထဲမှာရောက်နေခဲ့တာကြာပြီး၊ ရိုက်ကွင်းအတွေ့အကြုံတွေများနေရင်လည်း သရုပ်ဆောင်သူအဖြစ်ကနေ ဗီဒီယိုဒါရိုက်တာဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် ဗီဒီယိုဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူတွေက ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ကိုယ်လုပ်ရတဲ့အလုပ်အပေါ်မှာပဲ အာရုံစိုက်ပြီးလုပ်မှ ပိုထိရောက်တဲ့ရလဒ် ရလာနိုင်ပါတယ်။လောကကြီးမှာ အလုပ်တာဝန်ခွဲဝေလုပ်ကိုင်မှုတွေဖြစ်လာပါတယ်။အမှန်တကယ်ဆိုရင် ဇာတ်ညွှန်းရေးသူတွေက ဇာတ်လမ်းထဲမှာလိုအပ်နေလို့ တစ်ခန်းလောက်ဝင်သရုပ်ဆောင်ပေးလိုက်တာမျိုးကိုတော့ မဆိုလိုပါဘူး။ဇာတ်လမ်းထဲမှာ သရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းများစွာပါဝင်နေတဲ့နေရာမှာတော့ ပါဝင်သရုပ်မဆောင်သင့်ပါဘူး။လူဆိုတာက အတ္တလောဘတွေတော့ရှိနေကြမှာပါပဲ။ရှိသင့်ရှိထိုက်တဲ့ အတ္တလောဘတွေထက် ပိုပြီးရှိနေရင် အဲဒီအလုပ်က မအောင်မြင်နိုင်ဘူး။တစ်ချို့နှစ်သီးစားလုပ်ချင်ကြတာတွေ တွေ့နေရတယ်။ထားပါတော့။

နွေရာသီတစ်ရာသီထဲမှာပဲ ဒါရိုက်တာနေပိုင်နဲ့ ကျွန်တော်တို့ ဗီဒီယိုရိုက်ကူးတဲ့အဖွဲ့က ပြင်ဦးလွင်မြို့ကို ထပ်တက်ခဲ့ရတယ်။ကျွန်တော်တို့ဗီဒီယိုအဖွဲ့မှာ ပင်တိုင်လုပ်ကိုင်နေရတဲ့လူတွေရှိနေတယ်။ဗီဒီယိုဇာတ်ကားရိုက်တဲ့ ဒါရိုက်တာအတော်များများမှာ ပင်တိုင်တာဝန်ယူနေရတဲ့လူတွေ ရှိနေတတ်တယ်။ကျွန်တော်တို့အဖွဲ့မှာလည်း ဇာတ်ကားမှတ်တမ်းရေးသူက ကျော်ဇေယျ။ဗီဒီယိုကင်မရာမင်းက အဓိကနေရာမှာ ကိုမိုးဇော်အဖွဲ့။ကင်မရာမင်း ကိုမိုးဇော်အဖွဲ့မှာလည်း အကူကင်မရာမင်း၊ မီးထိုးမှန်ထိုးတွေရှိနေရတယ်။ဒီလိုရှိနေတော့ ဒါရိုက်တာရိုက်တတ်တဲ့ ကင်မရာရှုထောင့်တွေ၊ အယူအဆတွေကို အဓိကကင်မရာမင်းကသိနေတယ်။ဒါရိုက်တာရဲ့အထာကို ကျွမ်းနေတာပေါ့။

ထီးလေးတစ်ချောင်းပဲလိုပါတယ်

ကျွန်တော်တို့ဗီဒီယိုအဖွဲ့ ပထမအကြိမ် ပြင်ဦးလွင်မြို့ကိုတက်ရိုက်ဖြစ်တာက မင်းသားကြီး ကျော်ရဲအောင်၊ စိုးမြတ်နန္ဒာ၊ သင်ဇာဝင့်ကျော်တို့ ပါဝင်သရုပ်ဆောင်တဲ့ "ရမ္မက်၏စေရာ" ဗီဒီယိုဇာတ်ကားပေါ့။ 'ခရေဖြူ' ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးထုတ်ဝေမယ့်ကား။အခုလည်း 'ခရေဖြူ' ဗီဒီယိုထုတ်လုပ်ရေးကပဲ သရုပ်ဆောင် မင်းသား ပြေတီဦးနဲ့ မင်းသမီး သက်မွန်မြင့်၊ ခိုင်နှင်းဝေတို့ ပါဝင်သရုပ်ဆောင်မယ့် ဗီဒီယိုဇာတ်ကား။စာရေးဆရာမ သျှင်မ ရေးထားတဲ့ "ထီးလေးတစ်ချောင်းပဲလိုပါတယ်" ဝတ္ထုကို ကျွန်တော်ဇာတ်ညွှန်းရေးပြီးဒါရိုက်တာနေပိုင် ရိုက်ကူးပုံဖော်မယ့်ဇာတ်ကား။အဲဒီလိုနယ်ထွက်ပြီး ဗီဒီယိုဇာတ်ကားရိုက်ရင် အဝေးပြေးကားတစ်စီးလုံးငှားပြီးထွက်ရတယ်။ထွက်မယ့်မြို့မှာလည်း တည်းခိုခန်း (ဟိုတယ်) ကို ငှားထားရတယ်။နယ်ရောက်တဲ့အချိန်မှာ မနက်စောစာ၊ နေ့လည်စာနဲ့ ညစာ ထမင်းဟင်းတွေကိုကျွေးရတယ်။ဗီဒီယိုအဖွဲ့သားတွေအတွက် စားရိတ်ငြိမ်းပေါ့။

ပြင်ဦးလွင်မြို့မှာရိုက်မယ့် "ထီးလေးတစ်ချေင်းပဲလိုပါတယ်" ဗီဒီယိုဇာတ်ကားမှာ သရုပ်ဆောင်တွေဖြစ်တဲ့ (ဦး) ထွန်းထွန်းဝင်း၊ ကိုဇော်ဝင်းနိုင်၊ ခင်မို့မို့အေး၊ ကိုပေါက်၊ ဂွမ်းပုံလေး၊ နေလင်း၊ ကေညီနဲ့ ယွန်းရွှေရည်တို့ ပါဝင်ကြ တယ်။ "ထီးလေးတစ်ချောင်းပဲလိုပါတယ်" ဗီဒီယိုဇာတ်ကားမှာ အဓိကသရုပ်ဆောင်ရတာက သက်မွန်မြင့်ပါ။ဝတ္ထုကလည်း မင်းသမီးကိုအဓိကထားပြီးရေးတဲ့ဇာတ်လမ်း။ကျန်တဲ့သရုပ်ဆောင်တွေကတော့ ပုံမှန်ပါပဲ။အဲဒီဇာတ်ကားမှာ သက်မွန်မြင့် က အတော်သရုပ်ဆောင်ကောင်းတယ်။အဲဒီဇာတ်ကားလေးကို လူကြိုက်အတော်များတယ်။ မင်းသမီး သက်မွန်မြင့်ရောက်တဲ့ နေရာတိုင်းမှာ "ထီးလေး" ခေါ်ကြတဲ့အထိ နာမည်ရသွားခဲ့တယ်။စိတ်မကောင်းစရာတစ်ခုက မင်းသားနဲ့ မင်းသမီး တွဲပြီးရိုက်တဲ့ ဇာတ်ကားတွေထဲမှာ "ထီးလေးတစ်ချောင်းပဲလိုပါတယ်" ဇာတ်ကားက နောက်ဆုံးဖြစ်သွားခဲ့တယ်။

ဘဝမလုံခြုံတဲ့ လူတစ်ယောက်ကို အချစ်နဲ့ မိုးကာပေးလိုက်ရင် ဘဝတစ်ခုလုံခြုံသွားတတ်တယ်။ဒါပေမယ့် လုံခြုံအောင်မိုးကာထားတဲ့ ထီးတစ်ချောင်းက မိုးလေဒဏ်ကိုခံနိုင်ဖို့တော့လိုတယ်။လူ့လောကမှာလည်း လောကဓံကိုရင်ဆိုင်နိုင်ပြီး ကာကွယ်ရပ်တည်ပေးဖို့အတွက်တော့ လိုတာပါပဲ။ "အချစ်နဲ့အနီးတစ်ဝိုက်တွင် ယနေ့ရာသီဥတုသာယာမည်" ဆိုသလိုပေါ့။အမုန်းတွေရှိနေတဲ့နေရာမှာ ဘယ်တော့မှမသာယာနိုင်ဘူး။

ပြောမယ်ဆိုရင် လူတွေ အမှားတစ်ခုကို မှတ်ဉာဏ်ထဲရောက်ရှိနေခဲ့ရင် အမှန်ကို ဘယ်တော့မှမမြင်နိုင်ဘူး။မှတ်ဉာဏ်မှားကို ဗလာဦးနှောက်ထဲ အလွယ်တကူလောင်းထည့်တာ ခံလိုက်ရတာပါပဲ။

ပြင်ဦးလွင်မြို့ကအပြန်မှာ သရုပ်ဆောင်မင်းသားတစ်ယောက်နဲ့ ဇာတ်ကားရိုက်ဖို့ဖြစ်လာခဲ့တယ်။အဲဒီသရုပ်ဆောင်မင်းသားက အသစ်တစ်ယောက်တော့မဟုတ်ပါဘူး။ 'ထားဝယ်' ဗီဒီယိုထုတ်လုပ်ရေးက သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ 'ထားဝယ်' ဗီဒီယိုထုတ်လုပ်ရေးမှာ နယ်ကြိုက်ဇာတ်ကားတွေကိုရိုက်နေခဲ့ရတဲ့ မင်းသားတစ်ယောက်ပေါ့။ကျွန်တော်နဲ့ သူငယ်ချင်း ဒါရိုက်တာသျှိကြီး တွဲနေခဲ့တဲ့အချိန်မှာ အဲဒီသရုပ်ဆောင်မင်းသား မင်းရာဇာနဲ့ ဇာတ်ကားရိုက်ဖို့ မင်းသမီးကြီး စိုးမြတ်သူဇာ ကို မရရအောင်ပြောယူခဲ့ရတယ်။အဲဒီအချိန်ကာလမှာ နာမည်ကြီးမင်းသမီးတွေက နာမည်ကြီးမင်းသားတွေ၊ နာမည်ကြီးဒါရိုက်တာတွေ၊ နာမည်ကြီးကုမ္ပဏီတွေနဲ့ပဲ ရိုက်ကြတာလေ။

အခု သရုပ်ဆောင်မင်းသား မင်းရာဇာ က 'ထားဝယ်' ဗီဒီယိုထုတ်လုပ်ရေးကထွက်ပြီး နာမည်ကြီး 'ခရေဖြူ' ဗီဒီယိုထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်လိုက်တယ်။ဒါရိုက်တာနေပိုင်နဲ့ ကျွန်တော်တို့အတွဲကို ဆက်ရိုက်ခိုင်းတယ်။မင်းသားက မင်းရာဇာ ဖြစ်နေပေမယ့်၊ 'ခရေဖြူ' ဗီဒီယိုထုတ်လုပ်ရေးက နာမည်ကြီးမင်းသမီးဖြစ်တဲ့ 'အိန္ဒြာကျော်ဇင်' နဲ့ ရိုက်ခိုင်းတာကိုတော့ မင်းသမီးမငြင်းနိုင်ဘူး။မင်းရာဇာ က ပျော်ရွှင်ပြီး ကိုနေပိုင်နဲ့ ကျွန်တော့်ကိုလာတွေ့တယ်။

မင်းသားနှစ်ယောက်နဲ့ မင်းသမီးတစ်ယောက်ရဲ့ စီးချင်းထိုးပွဲ

ကျွန်တော့်ကို မင်းရာဇာ က ဇာတ်လမ်းတစ်ပုဒ်ပေးတယ်။သူပေးတဲ့ဇာတ်လမ်းကို ကျွန်တော်ဖတ်လိုက်တာနဲ့ ကိုကျော်ကျော် (နေသူရိန်) ရေးထားတဲ့ ဇာတ်လမ်းဆိုတာသိလိုက်တယ်။မင်းရာဇာ 'ထားဝယ်' ဗီဒီယိုထုတ်လုပ် ရေးမှာ သရုပ်ဆောင်နေကတည်းက ကိုကျော်ကျော် ရိုက်ဖို့ပေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။ကိုနေပိုင် က ကျွန်တော့် ကို 'ဘယ်လိုသဘောရလဲ' ဆိုပြီး မေးတော့ ဇာတ်လမ်းကျောရိုးကမဆိုးပါဘူး။ပြင်ပြီးရေးလိုက်ရင် ဇာတ်လမ်းကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်လို့ ကျွန်တော်ပြောလိုက်တယ်။မင်းသားတော့ နှစ်ယောက်အပြိုင်ပါရမယ်။ကိုနေပိုင် က မင်းရာဇာ ကို "အိုကေ" လို့ပြောလိုက်တယ်။ 'ခရေဖြူ' ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီမန်နေဂျာ ကိုဇော်မိုးထွေး ကို ကျွန်တော်ဖုန်းဆက်ပြီးပြောလိုက်တယ်။အပြိုင်မင်းသားတစ်ယောက်တော့ပါရမယ်ဆိုတော့ "ပြေဇင်" ဆိုရင် အဆင်ပြေနိုင်လားလို့မေးတော့အဆင်ပြေတယ်လို့ပြောပြီး ဇာတ်ကားနာမည်ကိုတော့ "စီးချင်းထိုးပွဲ" ဆိုပြီး ကျွန်တော်အမည်ပေးလိုက်တယ်။

အဲဒီ "စီးချင်းထိုးပွဲ" ဇာတ်လမ်းအစကို (Check) စစ်တုရင်ထိုးနေတာနဲ့ စဖွင့်လိုက်တယ်။စစ်တုရင်ကစား ပွဲမှာ မင်းရာဇာ က စစ်တုရင်ကစားတတ်တဲ့ လူကြီးတစ်ယောက်နဲ့ စစ်တုရင်ကစားနေတာကိုပြလိုက်တယ်။ခဏကြာတော့ မင်းရာဇာ ရှုံးသွားတယ်။ "ဦးလေးနဲ့ စစ်တုရင်ကစားတိုင်း ကျွန်တော်အမြဲရှုံးနေတာပဲ၊ ဦးလေးမြင်းကိုင်လိုက်ရင် ခွချက်စ်မိသွားတယ်" လို့ ပြောလိုက်တော့၊ "စစ်တုရင်မှာမှာ မြင်းကအင်မတန်ကြောက်စရာကောင်းတယ်။သူက တစ်လိုင်းထဲမသွားဘူး။စစ်တုရင်မှာ မြင်းကိုင်ကစားတတ်သူက မာယာများတယ်၊ သူ့ရဲ့မာယာနဲ့လှည့်စားတာကို တစ်ဘက်လူမခန့်မှန်းနိုင်ရင် ခွချက်စ်နဲ့ ထောင်ချောက်ထဲမိသွားမှာပဲ။အဲဒီလိုပဲ အချစ်ရဲ့မာယာက ပိုကြောက်စရာကောင်းတယ်" ဆိုပြီး စစ်တုရင်ကစားတတ်တဲ့ ဦးလေးကပြန်ပြောလိုက်တယ်။အဲဒီဇာတ်ထဲမှာ သူငယ်ချင်းကို မာယာနဲ့လှည့်စားသွားလို့ သူငယ်ချင်းအသည်းကွဲသွားတာကို မင်းရာဇာ က ပြန်ကလဲ့စားချေမယ့် ဇာတ်လမ်းတစ်ပုဒ်။

တိမ်မင်းသမီးရဲ့ဒဏ္ဍာရီဇာတ်လမ်း

ကျွန်တော်တို့လူတွေလဲ လှည့်စားမှုကိုခံနေကြရတတ်တယ်။လောကမာယာနဲ့ လှည့်စားမှုကိုခံနေရရင် အရှုံးနဲ့အမြဲရင်ဆိုင်နေကြရမှာပါပဲ။အဲဒီဇာတ်ကားလေးကိုရိုက်ပြီးတော့ ကိုနေပိုင် အစောပိုင်းကရိုက်ဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ကားကြီးကိုရိုက်ရမယ်။မင်းသမီး နဝရတ် ကိုယ်တိုင် ငွေထုတ်ပြီးရိုက်မယ့် "တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ" ဇာတ်လမ်း။ဖြစ်ချင်တော့ ဇာတ်ညွှန်းရေး နာမည်ကြီး အကယ်ဒမီငြိမ်းမင်း ကို ဇာတ်ညွှန်းအပ်ထားပြီးပြီ။ကိုနေပိုင် က (ဦး) ငြိမ်းမင်း ရေးထားတဲ့ ဇာတ်ညွှန်းကိုမကြိုက်ဘူး။စာရေးဆရာမ သျှင်မ ရေးထားတဲ့ ဝတ္ထုအတိုင်း ရိုက်ချင်တာ။ကိုနေပိုင် က ကျွန်တော့်ကိုဝတ္ထုပေးပြီး ဇာတ်ညွှန်းပြန်ရေးခိုင်းတယ်။ပြောရရင် ကျွန်တော်က ရိုက်ကွင်းဇာတ်ညွှန်းအနေနဲ့ ပြန်ရေးရတယ်။

မြတ်လှိုင်း
ဩဂုတ် - ၈