【 ဆောင်းပါး 】 "အချစ်တရားနှင့် ခွင့်လွှတ်ခြင်း"

【 ဆောင်းပါး 】 "အချစ်တရားနှင့် ခွင့်လွှတ်ခြင်း"

ကျွန်တော်တို့ ရှင်သန်ရပ်တည်နေကြရတဲ့ ဘဝတွေကိုကြည့်လိုက်ရင် ယုံကြည်ချက်၊ ခံယူချက်ပေါင်း များစွာရှိနေတာကို တွေ့နိုင်ပါလိမ့်မယ်။ယုံကြည်ချက်တူသူ၊ ခံယူချက်တူသူတွေအချင်းချင်း ပေါင်းသင်းဆက်ဆံနေတတ်တယ်။ယုံကြည်ချက်၊ ခံယူချက်တူသူတွေက အများအားဖြင့် မိတ်ဆွေတွေ၊ ခင်မင်ချစ်သူတွေ ဖြစ်လာကြပါတယ်။တချို့သူတွေရဲ့ မိတ်ဆွေဖြစ်နေမှုတွေ၊ ခင်မင်ချစ်သူဖြစ်နေမှုတွေထဲမှာ ယုံကြည်ချက်၊ ခံယူချက် မတူညီပဲ ကွဲပြားသူတွေလည်း ပါဝင်နေတတ်ပါတယ်။

အဲဒီလို ယုံကြည်ချက်၊ ခံယူချက် မတူညီပဲ ကွဲပြားနေတာကို အနီးစပ်ဆုံးတူညီမှုရအောင် ညှိနှိုင်းပြီး ပေါင်းသင်းနေကြတဲ့လူတွေလည်း တွေ့ရမှာပါ။အဲဒီလိုပေါင်းသင်းဆက်ဆံရေးတွေ ရရှိနိုင်အောင် အပြန်အလှန်နားလည်ပေးနိုင်ကြဖို့တော့ လိုအပ်ပါတယ်။အပြန်အလှန်နားလည်မှုရှိနေတဲ့အချိန်မှာ မိတ်ဆွေ၊ ခင်မင်ချစ်သူတွေဖြစ်နေပေမယ့်၊ အပြန်အလှန်နားလည်မှုတွေမရှိကြတော့တဲ့အချိန်မှာ မိတ်ပျက်သွားတတ်ပါတယ်။ချစ်သူခင်သူတွေအနေနဲ့လည်း အမုန်းတွေဖြစ်ပေါ်လာတတ်ပါတယ်။

အဲဒီလိုခင်မင်ချစ်ခင်မှုတွေ မပျက်စီးသွားဖို့အတွက် တစ်ယောက်ကို တစ်ယောက်၊ တစ်ဖက်ကို တစ်ဖက် အရေးအကြီးဆုံးအရာက "ခွင့်လွှတ်နိုင်မှု" ပါပဲ။ယုံကြည်ချက်မတူညီမှုတွေ၊ ခံယူချက်မတူညီမှုတွေ ရှိနေကြပေမယ့်၊ မတူညီမှုတွေကို ပေါင်းစပ်ပေးနိုင်တဲ့အရာက "အချစ်" ဖြစ်ပါတယ်။အချစ်တရားနဲ့ ပေါင်းသင်းဆက်ဆံခြင်းမှာ အဓိကလိုအပ်နေတဲ့အရာတစ်ခုလည်း ရှိနေရမှာပါ။အဲဒီအရာက အရာရာကိုပျက်စီးသွားအောင် ဖျက်ဆီးပစ်တတ်တဲ့ 'သံသယ' ဆိုတာပါပဲ။

ခွင့်လွှတ်နိုင်မယ်ဆိုရင်

ကျွန်တော်နဲ့ ဒါရိုက်တာနေပိုင် အတွဲဟာ ဗီဒီယိုဇာတ်ကား ရိုက်ရက်တွေဆက်နေပါတယ်။အခု သရုပ်ဆောင် နေမျိုးအောင်နဲ့ စိုးမြတ်သူဇာတို့ ပါဝင်တဲ့ "လောကဓံ" ဇာတ်ကားကို ရိုက်ပြီးချိန်မှာပဲ "မာန်ထက်ချီ" ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီကရိုက်မယ့် ဗီဒီယိုဇာတ်ကားကို ဆက်ရိုက်ရပါတယ်။အရင်ဇာတ်ကားတွေမရိုက်ခင် ဇာတ်ညွှန်းကိုပြီးအောင်ရေးခဲ့ရတယ်။ကုမ္ပဏီပိုင်ရှင် ဒေါ်စန်းစန်းဝင်းအနေနဲ့ အလုပ်အပေါ် သေသေချာချာ လေးလေးနက်နက်ထားတတ်တာပါ။ရေးပြီးသားဇာတ်ညွှန်းကို သေချာဖတ်ပြီး ဘယ်နေရာ၊ ဘယ်အခန်းမှာ ဘယ်လိုဟာကွက်ရှိနေတယ်။အဲဒီဟာကွက်ကို ဘယ်လိုဖြည့်စွက်ပြင်ဆင်နိုင်မလဲဆိုတာ ဇာတ်ညွှန်းရေးသူကိုခေါ်ပြီး တိုင်ပင်ပြင်ဆင်တတ်တယ်။ဒါပေမယ့် သရုပ်ဆောင် ဟိန်းဝေယံ ရိုက်တဲ့ ဗီဒီယိုကားတွေမှာ အချိတ်အဆက်မမိတာလေးတွေ၊ ဟာကွက်လေးတွေ တွေ့နေရပါတယ်။ဒါကိုလည်း ကုမ္ပဏီပိုင်ရှင် ဒေါ်စန်းစန်းဝင်း က သိပ်ဘဝင်မကျသေးဘူး။

အခု သရုပ်ဆောင် ဟိန်းဝေယံနဲ့ သရုပ်ဆောင်မင်းသမီး သက်မွန်မြင့်တို့နဲ့ ရိုက်မယ့် "ခွင့်လွှတ်နိုင်မယ်ဆိုရင်" ဗီဒီယိုဇာတ်ကားအတွက် ဇာတ်ညွှန်း ကျွန်တော်ကြိုရေးမပေးနိုင်ခဲ့ဘူး။ဒုတိယသရုပ်ဆောင်မင်းသမီးဖြစ် တဲ့ 'စံမဒီ' ဆိုတာကလည်း ဟိန်းဝေယံရဲ့ အစ်မဖြစ်နေတယ်။ဗီဒီယိုဇာတ်ကား ဇာတ်လမ်းစဉ်ကိုတော့ ရေးပေးပြီးသားပါ။
အမှန်တကယ်တော့ ဗီဒီယိုဇာတ်ကားတစ်ကားရိုက်နိုင်ဖို့ လိုအပ်တာက ဗီဒီယိုဇာတ်ကား ဇာတ်လမ်းစဉ်ပါ။

ဗီဒီယိုဇာတ်ကား ဇာတ်လမ်းစဉ် (Seen Serial) ရှိပြီး ဖြစ်နေမှ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ပို့ဇာတ်ရံတွေ၊ ဇာတ်ကားရိုက်ကွင်းနေရာတွေ၊ ဇာတ်ကားအတွက်လိုအပ်မယ့်အရာတွေ (ပစ္စည်းတွေ) ကို ကြိုတင်စီစဉ်လို့ရနိုင်မှာပါ။အဲဒီလိုအပ်နေတာတွေကို အဓိကဆောင်ရွက်ရတာက ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီ မန်နေဂျာဖြစ်ပါတယ်။ "မာန်ထက်ချီ" ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီရဲ့ အမြဲတမ်းမန်နေဂျာက ကိုထွန်းအေးကျော်ပေါ့။သူလုပ်တဲ့အလုပ်ကို တိကျစွာလုပ်တတ်တဲ့အတွက် "မာန်ထက်ချီ" ဗီဒီယိုထုတ်လုပ်ရေးရဲ့ ပင်တိုင်မန်နေဂျာဖြစ်နေတယ်။

ဘယ်နေ့မှာ ဘယ်တိုက်၊ ဘယ်နေ့မှာ ဘယ်ပန်းခြံဆိုပြီး ကြိုတင်စီစဉ် ငှားရမ်းထားရတယ်။ဘယ်နေ့မှာရိုက်မယ့် ဇာတ်ဝင်ခန်းအတွက် ဇာတ်ရံ၊ ဇာတ်ပို့တွေကိုလည်း ကြိုတင်ချိတ်ဆက် ငှားရမ်းထားရတယ်။ရှုတင်ထမင်းဟင်းကိုလည်း ဇာတ်လမ်းအခန်းစဉ်ကိုကြည့်ပြီး မှာထားရတယ်။ရိုက်ကွင်းမန်နေဂျာအတွက် ဇာတ်လမ်းအခန်းစဉ်က အရေးအကြီးဆုံးပါပဲ။

ဇာတ်ညွှန်းရေးသူအတွက်လည်း ဇာတ်လမ်းအခန်းစဉ်က အရေးကြီးတယ်။ဇာတ်လမ်းအခန်းစဉ်ရေးပြီးရင် ဇာတ်ညွှန်းကိုရေးရတယ်။ဇာတ်လမ်းအခန်းစဉ်အတိုင်း (ဇာတ်လမ်းအခန်းစဉ်) ကို အစကနေ အဆုံးအထိရေးရသလို၊ ရိုက်ကွင်းမှာ ဇာတ်ညွှန်းရေးတဲ့အခါ ဇာတ်လမ်းအခန်းစဉ်အစီအစဉ်အတိုင်း မရေးရဘူး။ဥပမာ..ဒီနေ့ရိုက်ကွင်းက ငှားရမ်းထားတဲ့ ခမ်းနားတဲ့တိုက်၊ တိုက်ခန်း၊ သစ်သားအိမ်၊ ပန်းခြံ တစ်နေရာမှာ ရိုက်ကွင်းတည်မယ်ဆိုရင်၊ အဲဒီနေ့ရိုက်ကွင်းမှာပါဝင်တဲ့ ဇာတ်လမ်းအခန်းစဉ်တွေကိုရွေးပြီး ရေးရတယ်။ဒီလိုရိုက်ကွင်းမှာ တစ်ရက်စာရွေးပြီးရိုက်ရတာ ဇာတ်ဝင်ခန်းတွေကျော်ပြီးရိုက်ရတော့ အချိတ်အဆက်တွေကို သတိထားရတယ်။

အခု "မာန်ထက်ချီ" ဗီဒီယိုထုတ်လုပ်ရေးကရိုက်မယ့် စာရေးဆရာမ လမင်းမိုမို ရေးထားတဲ့ "ခွင့်လွှတ်နိုင်မယ်ဆိုရင်" ဇာတ်လမ်းအခန်းစဉ်ပဲ ရေးပြီးသေးတယ်။ဇာတ်ကားရိုက်ရက်တွေဆက်နေတော့ ဇာတ်ညွှန်းကြိုမရေးနိုင်ခဲ့ဘူး။ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်စန်းစန်းဝင်းကလည်း ဇာတ်လမ်းစဉ်နဲ့ ဇာတ်ညွှန်းအပြည့်အစုံဖတ်ပြီးမှ ဇာတ်လမ်းဟာကွက်တွေ၊ လိုအပ်ချက်တွေပြင်ပြီးမှ ရိုက်တတ်သူမဟုတ်လား။အဲဒီတော့ ကျွန်တော် ဒေါ်စန်းစန်းဝင်း ကို တွေ့ပြီး "ကျွန်တော် ဇာတ်ညွှန်းမရေးရသေးဘူး၊ ရိုက်ရက်ကလည်းကပ်နေပြီဆိုတော့၊ ဗီဒီယိုရိုက်ကွင်းမှာ တစ်ရက်စာ တစ်ရက် ဇာတ်ညွှန်းရေးပေးပါ့မယ်" ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တယ်။ဒေါ်စန်းစန်းဝင်း က "တခြားဇာတ်ညွှန်းရေးသူတွေကိုတော့ မမကြီးလက်မခံဘူး။ယုံလဲမယုံကြည်ဘူး။မောင်လေးကိုတော့ ယုံကြည်ပါတယ်။ဇာတ်လမ်းအချိတ်အဆက်တွေမိနေရင် ရပါတယ်" ဆိုပြီး ပြောခဲ့တယ်။

ဒီစကားက ကျွန်တော့်အတွက် အရေးကြီးပါတယ်။ပြောမယ်ဆိုရင် ယုံကြည်မှုကိုရယူနိုင်ခဲ့တယ်ဆိုတာပါပဲ။အဲဒီ "ခွင့်လွှတ်နိုင်မယ်ဆိုရင်" ဇာတ်ကားရိုက်အပြီး ကျွန်တော်တို့ဆက်ရိုက်ခဲ့ရတယ်။

နောက်ဆုံးဝိုင်တစ်ခွက်

ကျွန်တော်ရေးထားတဲ့ဇာတ်လမ်းကို ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာနေပိုင် ရိုက်ရတဲ့ "နောက်ဆုံးဝိုင်" ဗီဒီယိုဇာတ်ကားပါ။အဲဒီဇာတ်ကားမှာ "ခရေဖြူ" ဗီဒီယိုထုတ်လုပ်ရေးက စာချုပ် ချုပ်ထားလိုက်တဲ့ သရုပ်ဆောင်မင်းသား အောင်ရဲလင်းနဲ့ ရိုက်ရပါတယ်။သရုပ်ဆောင်မင်းသမီးအနေနဲ့ စိုးမြတ်သူဇာနဲ့ နန်းဆုရတီစိုးတို့နဲ့ပါ။

သရုပ်ဆောင် အောင်ရဲလင်းနဲ့ ပထမဦးဆုံးရိုက်ရတဲ့ ဗီဒီယိုဇာတ်ကားပါ။အရင် ဒါရိုက်တာကြည်ဖြူသျှင်တို့ ဗီဒီယိုထုတ်လုပ်ရေးမှာရှိနေစဉ်က ဒါရိုက်တာကျော်ကျော် (နေသူရိန်) ရိုက်တဲ့ ဗီဒီယိုကားရိုက်ကွင်းမှာ ဆုံခဲ့ဖူးပါတယ်။အဲဒီအချိန်က အောင်ရဲလင်း က မင်းသားသစ်လေးမဟုတ်လား။ကြည့်ရတာ တော်တော်လေးလိမ္မာပြီး ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းဆရာတွေကို တလေးတစားဆက်ဆံတတ်တာကို တွေ့ခဲ့ရတယ်။

"နောက်ဆုံးဝိုင်" ဗီဒီယိုဇာတ်ကားရိုက်တဲ့အချိန်မှာ အောင်မြင်တဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ပြောမယ်ဆိုရင် လူငယ်ကြိုက်မင်းသားဖြစ်ပါလိမ့်မယ်။အနုပညာအနေနဲ့ကြည့်မယ်ဆိုရင် မင်းသားကြီး ကျော်ရဲအောင်တို့၊ နေတိုး၊ နေမျိုးအောင်တို့လို ဇာတ်လမ်းမျိုးစုံကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပါ့မလားလို့ တွေးခဲ့မိဖူးပါတယ်။အခု ကျွန်တော်ရေးထားတဲ့ "နောက်ဆုံးဝိုင်" ဇာတ်လမ်းဟာ အချစ်ဝတ္ထုတွေလို အချစ်သက်သက်ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။နန်းဆုရတီစိုးကတော့ ဇာတ်လမ်းလိုအပ်ချက်အရဖြည့်ထားရတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ပါ။တကယ်ဇာတ်လမ်းအရ ပီပြင်အောင်သရုပ်ဆောင်နိုင်မယ်ဆိုရင် ဗီဒီယိုဇာတ်ကားကောင်းတစ်ကားဖြစ်လာမှာပါ။ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး စိုးမြတ်သူဇာနဲ့အပြိုင် သရုပ်ဆောင်နိုင်ရမှာပါ။

ဒါပေမယ့် ဒီဗီဒီယိုဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး စိုးမြတ်သူဇာရဲ့ သရုပ်ဆောင်မှုကို လိုက်မမီပါဘူး။လူငယ်ကြိုက် ပေ့ါပေါ့ပါးပါးသရုပ်ဆောင်သွားတာကို တွေ့ရပါတယ်။ "နောက်ဆုံးဝိုင်" ဇာတ်လမ်းအခန်းစဉ်ကို ဖတ်ပြီးကတည်းက "အင်မတန်သရုပ်ဆောင်လို့ကောင်းမယ့် ဇာတ်လမ်းပါ" ဆိုပြီး မကြီးစိုး (စိုးမြတ်သူဇာ) က ပြောခဲ့တယ်။ကျွန်တော်ရေးတဲ့ ဇာတ်ညွှန်းထဲက စကားပြော (Dialogue) တွေ ဝတ္ထုတွေမှာပါတဲ့ စကားပြော (Dialogue) တွေနဲ့ မတူတတ်တာကို လေးလေးနက်နက်ထားတတ်သူတွေက ကိုနိုင် (ကျော်ရဲအောင်)၊ နေမျိုးအောင်နဲ့ မကြီးစိုး (စိုးမြတ်သူဇာ) တို့ပါ။သူတို့က ဝါရင့်သရုပ်ဆောင်တွေဖြစ်သလို၊ ဇာတ်လမ်းသဘောကိုသိပြီးရင် ဘယ်ဇာတ်ဝင်ခန်းမှာ ဘယ်လိုပြောရမလဲဆိုတဲ့ (Flow) တွေ သိနေကြတဲ့ သရုပ်ဆောင်တွေဖြစ်ပါတယ်။

ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူတို့ကိုယ်ပိုင်စကားပြော (Flow) တွေနဲ့ ပိုင်ပိုင်နိုင်နိုင်ပြောဆိုခဲ့ကြတာတွေ တွေ့ရမှာပါ။ဒါပေမယ့် ကျွန်တော်ရေးထားတဲ့ ဇာတ်ဝင်ခန်းစကားပြော (Dialogue) တွေကိုတော့ ဇာတ်ညွှန်းမှာရေးထားတဲ့အတိုင်း ပြောကြပါတယ်။ပြင်ဦးလွင်မှာ စရိုက်ခဲ့တဲ့ "ချစ်ခြင်းသီအိုရီ" ဇာတ်ကားမှာကတည်းက ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး ဇာတ်ညွှန်းပါစကားပြောတွေအတိုင်း ပြောမှဖြစ်မယ်ဆိုပြီး စိုးမြတ်သူဇာ က စပြီးပြောခဲ့ပါတယ်။

သရုပ်ဆောင်ကောင်းတစ်ယောက်အတွက် လိုအပ်နေတဲ့အရာ

"ခရေဖြူ" ဗီဒီယိုထုတ်လုပ်ရေးကပဲ ရိုက်ခဲ့တဲ့ စာရေးဆရာ မခင်ခင်ထူး ရေးတဲ့ "ကပ္ပိယ" ဇာတ်ကားမှာ ပိုပြီးသိသာပါတယ်။စာရေးဆရာမအနေနဲ့လည်း အညာဒေသအပြောအဆိုတွေ ပါနေခဲ့သလို၊ ဇာတ်ညွှန်းကိုလည်း အညာဒေသစကားပြောပုံစံအတိုင်း ရေးရတယ်။ဇာတ်ညွှန်းထဲမှာရေးထားတဲ့ စကားပြောတွေအတိုင်း သရုပ်ဆောင်တွေ လိုက်ပြောခဲ့ကြရတယ်။အဲဒီ "ကပ္ပိယ" ဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ကျော်ရဲအောင်နဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး စိုးမြတ်သူဇာတို့က ပိုင်ပိုင်နိုင်နိုင်နဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တယ်။ဒါပေမယ့် ကျွန်တော်တို့ ဇာတ်ကားရိုက်ခဲ့ရတာက ရန်ကုန်မြို့မှာဖြစ်နေတော့ အညာဒေသရနံ့ မရနိုင်ခဲ့ဘူး။

သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ရုပ်ရည်ထက် အနုပညာဗီဇရှိဖို့ အရေးကြီးသလို၊ လိုအပ်သလိုသိမြင်ပြီး ပါးနပ်တဲ့လုပ်ဆောင်မှုရှိဖို့လည်း အရေးကြီးလိုအပ်ပါတယ်။

မြတ်လှိုင်း
စက်တင်ဘာ - ၅