【 ဆောင်းပါး 】 “နှ‌မျောတမ်းတမှုတွေများစွာဖြင့် ဒဏ္ဍာရီဖြစ်သွားသော တိမ်မင်းသမီး”

【 ဆောင်းပါး 】 “နှ‌မျောတမ်းတမှုတွေများစွာဖြင့် ဒဏ္ဍာရီဖြစ်သွားသော တိမ်မင်းသမီး”

ကျွန်တော်တို့ အိပ်မက်များစွာကို မက်ခဲ့ကြဖူးပါတယ်။အိပ်မက်တွေကိုဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ခဲ့ကြတတ်ပါတယ်။အမှန်တကယ်တော့ ကျွန်တော်တို့လုပ်ဆောင်မှုတွေအတွက် ဖြစ်ပေါ်လာမယ့် အကျိုးရလဒ်တွေ၊ လူ့စိတ်ထဲကယုံကြည်မှုတွေကို အိပ်မက်အဖြစ်တင်စားခဲ့ကြတာလို့ ပြောနိုင်ပါတယ်။

ဟုတ်ပါတယ်။လုပ်ဆောင်ခဲ့မှုတွေရဲ့ အကျိုးရလဒ်ကိုမျှော်လင့်ပြီး အိပ်မက်လိုမက်ခဲ့ကြတာပါ။အမှန်တကယ်တော့ အိပ်မက်ဆိုတာ တကယ်မဖြစ်သေးသလို၊အိပ်မက်မက်ခဲ့သလို မျှော်လင့်ခဲ့ကြပေမယ့် ဖြစ်လာချင်မှ ဖြစ်လာတတ်ကြတာကိုလည်း မမေ့ထားသင့်ပါဘူး။မဖြစ်နိုင်တာကိုလုပ်ဆောင်မှုတွေကတော့ ဆောင်းအိပ်မက်လို ကယောင်ကတမ်းမက်တဲ့ အိပ်မက်တွေလို့ ပြောလို့ရပါတယ်။မဖြစ်နိုင်မှန်းသိပေမယ့် ထလုပ်ဆောင်မှုတွေကတော့ ဘယ်တော့မှမအောင်မြင်တဲ့ လုပ်ဆောင်မှုတွေဖြစ်ပါတယ်။

ဒါပေမယ့် တချို့လူတွေမှာ သေသေချာချာတွေးကြည့်ရင် မဖြစ်နိုင်တာကို ငါလုပ်ရင်ဖြစ်နိုင်တယ်ဆိုတဲ့ အတ္တအစွဲတွေနဲ့ ထလုပ်နေကြတာတွေကိုလည်း တွေ့မြင်နိုင်ပါလိမ့်မယ်။အဲဒီလိုသဘောနဲ့မက်တဲ့ အိပ်မက်တွေဟာ ဘာ အကျိုးမှမရှိတဲ့ မျှော်လင့်ချက်မဲ့ အိပ်မက်တွေလို့ ပြောနိုင်ပါတယ်။စိတ်ကူးထဲရှိတဲ့ လုပ်ဆောင်မှုတွေပါပဲ။တိမ်ထဲမှာ တိုက်အိမ်ဆောင်သလို အဖြစ်မျိုးတွေပေါ့။ဦးတည်ချက်သေချာမရှိပဲ လုပ်မိတာတွေပေါ့။ဒီလိုလုပ်မိလုပ်ရာတွေက မမျှော်လင့်ပဲဖြစ်ပေါ်လာခဲ့ရင်တော့ ကံကောင်းလို့ဖြစ်လာတာပါ။ဒီလိုကံကောင်းမှုတွေကလည်း ဖြစ်ခဲပါတယ်။ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲလုပ်ဆောင်လုပ်ဆောင် ဦးတည်ချက်နဲ့ စနစ်တကျစီစဉ်ပြီးလုပ်ဆောင်မှသာ အကျိုးရလဒ်ကောင်းဖြစ်လာနိုင်ပါတယ်။

ကျွန်တော်ပါဝင်လုပ်ဆောင်ခဲ့ရတဲ့ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ကားကြီးကို ရလဒ်ကောင်းဖြစ်လာနိုင်ဖို့ ဦးတည်ချက်ထားပြီး ယုံယုံကြည်ကြည်လုပ်ဆောင်ခဲ့ကြပါတယ်။ရုပ်ရှင်လောကမှာလည်း နာမည်ကြီးနေခဲ့တယ်။ထုတ်လုပ်သူနဲ့ သရုပ်ဆောင် မင်းသမီး “နဝရတ်” ဆိုရင် အဲဒီရုပ်ရှင်ကားကြီးက သူ့အတွက် အတော်ရည်မှန်းချက်ထားခဲ့တဲ့ အိပ်မက်တစ်ခုလို့ ပြောနိုင်ပါတယ်။ကျွန်တော်လည်း “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီး မှာ နှစ်ကိုယ်ခွဲသရုပ်ဆောင်ခဲ့တဲ့ နဝရတ်အပြင်၊ ဒါရိုက်နေပိုင်၊ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ ထွန်းအိန္ဒြာဗို၊ မခင်မို့မို့အေးတို့လည်း အကယ်ဒမီရနိုင်တယ်လို့ မျှော်လင့်မိခဲ့ပါတယ်။ကင်မရာမင်းနှစ်ယောက်စလုံးရဲ့ ရိုက်ချက်တွေကောင်းပေမယ့် ကင်မရာမင်းနှစ်ယောက်ကိုအကယ်ဒမီပေးလားဆိုတာကိုတော့ မသိပါဘူး။ဇာတ်ညွှန်းဆုကလည်း မူလနဲ့ ရိုက်ကွင်းဇာတ်ညွှန်းကမတူတော့ ဘယ်လိုမှမရနိုင်တာ သိနေတယ်။

လွဲချော်နေတဲ့ အကယ်ဒမီဆု

မင်းသမီး နဝရတ် က ဘယ်လောက်မျှော်လင့်နေလဲဆိုတာ ပဲခူးတိုင်းထဲက ရွာတစ်ရွာမှာ ကိုရင်မဝတ်နိုင်သေးတဲ့ ကိုရင်လောင်းတစ်ရာ့တစ်ပါးကို ကိုရင်ဝတ်ပေးပြီး အလှူလုပ်ဆောင်ခဲ့ပါတယ်။နောက်ပြီး ဇာတ်ကားရဲ့ ဇာတ်သိမ်းခန်းမှာ မင်းသမီး နဝရတ် က သီလရှင်ဝတ်တဲ့ အခန်းနဲ့ ဇာတ်သိမ်းတာ။နဝရတ် က တကယ်သီလရှင်ဝတ်ခဲ့တယ်။တကယ်လည်း အကယ်ဒမီစာရင်းကြေငြာတော့ ကလေးသရုပ်ဆောင် 'ယွန်းယွန်း' တစ်ယောက်ပဲ အကယ်ဒမီရခဲ့တယ်။အဲဒီအကျိုးဆက်က ရုပ်ရှင်လောကမှာ အနုပညာရှင်တစ်ယောက် ဆုံးရှုံးလိုက်ရတာပါပဲ။မျှော်လင့်မှုတွေထားပြီး မျှော်လင့်သလိုဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျသွားတာလည်းပါသလို၊ ရုပ်ရှင်အစည်းအရုံး၊ အကယ်ဒမီပေးတဲ့အဖွဲ့ကို မယုံကြည်တော့တာလည်းပါပါတယ်။နဝရတ် က အနုပညာလောကထဲကို ပြန်မဝင်လာတော့ဘူး။သရုပ်ဆောင် နဝရတ် ကမင်းသားကြီး (ဦး) ကျော်ဟိန်းရဲ့ တပည့်ရင်းတစ်ယောက်ပါ။တကယ့်ရုပ်ရှင်အနုပညာရှင်တစ်ယောက်ကို ရုပ်ရှင်အနုပညာလောကအနေနဲ့ ဆုံးရှုံးလိုက်ရတာ အင်မတန်နှမျောစရာကောင်းပါတယ်။

မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင်ရဲ့ ယုံကြည်မှုရလိုက်ခြင်း  

“တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ကားမှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင် ဟိန်းဝေယံရဲ့ မိခင် ဒေါ်စန်းစန်းဝင်းလည်း စစ်ကိုင်းတောင် ရိုက်ကွင်းတွေကို လိုက်လာခဲ့တယ်။ကျွန်တော့်ကို “မမကြီးတို့ ကုမ္ပဏီအတွက် “ကြယ်ကြွေသစ္စာ” ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ "မြတ်လှိုင်း" ဆိုတာ မောင်လေးလား”ဆိုပြီး မေးပါတယ်။

ကျွန်တော်ကလည်း “ဟုတ်ပါတယ်” လို့ ပြန်ဖြေလိုက်မိတယ်။

“အဲဒီဇာတ်လမ်းလေးရော၊ ဇာတ်ညွှန်းပါကောင်းတယ်၊ ဒီကပြန်ရင် မမကြီးဆီလာခဲ့နော်၊ မမကြီး ဇာတ်ညွှန်းတွေ အပ်ချင်တယ်” တဲ့။

ဘာပဲပြောပြော ကျွန်တော်ပျော်သွားမိတယ်။မာန်ထက်ချီဆိုတာ ဒီဗီဒီယိုလောကမှာ နာမည်ကြီးကုမ္ပဏီတစ်ခုမဟုတ်လား။

စစ်ကိုင်းတောင်ကအပြန်မှာ မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီရုံးရှိတဲ့ (၃၅) လမ်း အထက်ဘလောက်ကို သွားခဲ့တယ်။မမကြီး ဒေါ်စန်းစန်းဝင်း က ကျွန်တော့်ကို အချစ်လုံးချင်းဝတ္ထုစာအုပ် သုံးအုပ်ပေးလိုက်တယ်။

တိုက်မန်နေဂျာလုပ်နေတဲ့ မမဌေး က “အဲဒီဝတ္ထုတွေထဲ က ရင်ငွေ့ရှိုက်သံကို အရင်ရိုက်ဖြစ်မယ်။အဲဒီဝတ္ထုကို ဇာတ်လမ်းစဉ် အရင်ရေးထားပေါ့။ကိုနေပိုင်ကိုလဲ အဲဒီဇာတ်လမ်း ကိုသားငယ် (ဟိန်းဝေယံ) နဲ့ မခိုင်ကြီး (ထွန်းအိန္ဒြာဗို)၊ သင်ဇာဝင့်ကျော်တို့နဲ့ရိုက်မယ်လို့ ပြောထားနော်” တဲ့။

ကျွန်တော်ရေးရမယ့် စာရေးဆရာမ 'မယ်ခိုင်' ရေးတဲ့ ဝတ္ထုကို ဖတ်ကြည့်လိုက်တယ်။သိပ်ပြီးထူးထူးခြားခြားမရှိတဲ့ အချစ်ဝတ္ထုပါပဲ။အခုမှ စာပေလောကမှာ ကျွန်တော်မသိသေးတဲ့ အချစ်ဝတ္ထု စာရေးဆရာတွေ၊ ဆရာမတွေ အချစ်လုံးချင်းဝတ္ထုတွေ ထွက်နေတာကို သိလိုက်ရတယ်။ကျွန်တော်တွေးလိုက်မိတာက “ငါနဲ့ စာပေလောက အတော်ကြီးကို ကင်းကွာနေပြီ” ဆိုတာပါပဲ။မာန်ထက်ချီလို ဗီဒီယိုကုမ္ပဏီကြီးအနေနဲ့ သရုပ်ဆောင်မင်းသား 'ဟိန်းဝေယံ' ကို ဒီအချစ်ဝတ္ထုတွေထက်ကောင်းတဲ့ စာရေးဆရာတွေရဲ့ဝတ္ထုတွေ ရှာဖွေပြီးရိုက်မယ်ဆိုရင် အခုအချိန်ထက် နာမည်ပိုကြီးတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်။

ကျွန်တော်တို့ဗီဒီယိုလောကမှာ ဗီဒီယိုဇာတ်ကားကောင်းတွေ ရှားပါးနေသလိုဖြစ်နေပါတယ်။ကျွန်တော်တို့ငယ်စဉ်က စွဲလန်းနှစ်သက်ခဲ့ဖူးတဲ့ အချစ်စာရေးဆရာတွေရှိခဲ့ကြတယ်။ဥပမာ - စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ငြိမ်းကျော်၊ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဂျူးတို့ကစပြီး နေနော်၊ မောင်လှမျိုး (ချင်းချောင်းခြံ)၊ ခေတ် ပေါ်မော်ဒန်အချစ်ဝတ္ထုတွေထဲမှာ တာရာမင်းဝေ၊ နီကိုရဲ၊ ဘဝဟာသဝတ္ထုရေးတဲ့ မင်းလူတို့အပြင် ဘဝသရုပ်ဖော် တွေရေးတဲ့ မောင်သာရ၊ ခင်ဆွေဦး၊ ကလျာ (ဝိဇ္ဇာသိပ္ပံ)။စမ်းစမ်းနွဲ့ (သာယာဝတီ) စသဖြင့် လုံးချင်းဝတ္ထုကောင်းတွေ များစွာရှိခဲ့ဖူးပါတယ်။

အခုခေတ်ပေါ် အချစ်ဝတ္ထုတွေဝယ်ယူပြီး ဗီဒီယိုဇာတ်ကားရိုက်မယ့်အစား ကျွန်တော်ပြောခဲ့တဲ့ဝတ္ထုတွေကိုရိုက်မယ်ဆိုရင် ဗီဒီယိုဇာတ်ကားတွေ အဆင့်မြင့်လာမှာပါ။ကျွန်တော်တွေ့မြင်နေရတာတွေက ဗီဒီယို ဇာတ်ကားတွေ အတော်များများဟာ မဲပြာပုဆိုးဖြစ်နေသလိုပါပဲ။ဟာသကားတွေဆိုရင်လည်း ခပ်ပေါပေါ လူရယ်စရာကားတွေ များနေပါတယ်။ဗီဒီယိုကြည့်ပရိတ်သတ်တွေက ဗီဒီယိုဇာတ်လမ်းကောင်းတွေထက် ပါဝင်နေတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေကို ကြိုက်နေကြတော့ ဝတ္ထုဇာတ်လမ်းကောင်းတွေကို မရှာကြတော့ဘူး။

အရိပ်ပမာ ဇာတ်လမ်းကောင်းတစ်ပုဒ်

အဲဒီအထဲမှာ သရုပ်ဆောင်မင်းသား နေတိုးကတော့ ဗီဒီယိုဇာတ်လမ်းကောင်းတွေ အမြဲရှာဖွေပြီး ရိုက်တတ် တာတွေ့ရတယ်။ဒါရိုက်တာ ကိုနေပိုင် ကို တွေ့ပြီး အရင် ကျွန်တော်တို့ငယ်စဉ် စနေညတိုင်း စောင့်နားထောင်ခဲ့ကြ ရတဲ့ “ဇာတ်လမ်းပမာ အသံလွှင့်ဇာတ်လမ်းကို ဗီဒီယိုဇာတ်ကားပြန်ရိုက်ချင်တယ်လို့ ပြောပါတယ်။အဲဒီရေဒီယိုအသံလွှင့်ဇာတ်လမ်းကို ကိုမြတ်လှိုင်း ကို ပြန်ပြင်ရေးခိုင်းရင် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လာမယ်” လို့လည်း ပြောပါတယ်။

ကျွန်တော်လည်း အရင် ငယ်စဉ်နားထောင်ဖူးခဲ့တဲ့ အသံလွှင့်ဇာတ်လမ်းကို ဇာတ်လမ်းကျောရိုးယူပြီး ဇာတ် လမ်း ဇာတ်ကွက် အသစ်ဖြစ်အောင် ပြန်ရေးလိုက်တယ်။ဇာတ်လမ်းအခန်းစဉ်ကိုဖတ်ပြီး နေတိုး သဘောကျသွား တယ်။ဇာတ်ညွှန်းခအပြင် ဇာတ်လမ်းဖိုးတစ်သိန်းခွဲ ပေးခဲ့တယ်။သရုပ်ဆောင်မင်းသမီးကတော့ မခိုင်ကြီး (ထွန်းအိန္ဒြာဗို) နဲ့ မင်းသမီးသစ် စံရတီမိုးမြင့်တို့ သရုပ်ဆောင်ခဲ့တယ်။နောက်ကြောင်းပြန်ဇာတ်ဝင်ခန်းကို သတ္တိနဲ့ အေးချမ်းမိုး (ဂရိတ်ချမ်း) ကို ခေါ်ရိုက်လိုက်တယ်။ဇာတ်ကားနာမည်ကိုတော့ “အရိပ်ပမာ” လို့ပဲ ပေးလိုက်တယ်။ဗီဒီယိုလောကမှာ “အရိပ်ပမာ” ဗီဒီယိုဇာတ်ကားက အတော်နာမည်ကြီးသွားခဲ့တယ်။နောက်ဆုံးခန်းမှာ နေတိုး က တစ်ချိန်တုန်းက မောင်အရင်းကိုသတ်ပြီး ဇာတ်မြုပ်ထားတာကို မောင်အစား လူစားဝင်ပြီး အမှုမှန်ဖော်ထုတ်ခဲ့တယ်။

နိုင်ငံရေး စိတ်ပါဝင်စားတဲ့ မင်းသမီးကို တွေ့လိုက်ရခြင်း

ရဲတပ်ဖွဲ့က အမှုပေါ်ပြီး မခိုင်ကြီး ကို လာဖမ်းတော့ ကျွန်တော်ရေးတဲ့ ဇာတ်ညွှန်းထဲက စကားတွေကို ဇာတ်လမ်းရိုက်ပြီးသွားတဲ့အချိန်မှာ “ကိုမြတ်လှိုင်း စကားတွေက အခုခေတ်ရဲတွေနဲ့တော့ ကွာတယ်နော်။အင်းလေ၊ ရှင်က နိုင်ငံရေးသမားတစ်ယောက်ဆိုတော့ ပိုပြီးသိမှာပါ” တဲ့။အဲဒီမှာကတည်းက မခိုင်ကြီး (ထွန်းအိန္ဒြာဗို) က နိုင်ငံရေးကို အတော်စိတ်ဝင်တစားရှိတာကို သိလိုက်ရတယ်။ကျွန်တော်တို့ နိုင်ငံရေးအခန်းအနားတွေလုပ်တဲ့အခါတိုင်း မခိုင်ကြီး က ငွေကြေးအမြဲကူညီထောက်ပံ့ခဲ့တယ်။ကျွန်တော် နိုင်ငံရေးမှုနဲ့ ထောင်ဆယ်နှစ်ကျခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဆိုတာကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ပြောပြလို့ သိခဲ့ရတာတွေကို ပြန်ပြောပြခဲ့တယ်။(၈) မိုင်မှာရှိတဲ့ သူ့အိမ်ကိုလည်း ဝင်ထွက်ပါလို့ စိတ်ထဲပါပါပြောခဲ့တယ်။

ရိုးသားပွင့်လင်းတဲ့ နေမျိုးအောင်နဲ့ လောကဓံ

အဲဒီဇာတ်ကားပြီးသွားတော့ နယ်ကြိုက်မင်းသား နေမျိုးအောင်နဲ့ ဇာတ်ကားရိုက်ခဲ့ရတယ်။အဲဒီအချိန်မှာ သရုပ်ဆောင် နေမျိုးအောင် က စာချုပ်ချုပ်ထားတဲ့ ဗီဒီယိုကုမ္ပဏီမရှိသေးဘူး။ဗီဒီယိုကုမ္ပဏီအသစ်ဖြစ်တဲ့ “နတ်ရေစင်” ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီကရိုက်မယ့် ဇာတ်ကား။ကုမ္ပဏီပိုင်ရှင် မပိုပိုအောင် ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းပါ။ဇာတ်လမ်းကို ကျွန်တော်ဖတ်ကြည့်လိုက်မိတဲ့အချိန်မှာ ဇာတ်လမ်းလေးက လူ့ဘဝသရုပ်ဖော်ထားပြီး ဇာတ်သိမ်းခန်းမှာ အသိပညာပေးထားတာကို တွေ့ရတယ်။ဇာတ်လမ်းနာမည်ကိုက “လောကဓံ”တဲ့။

ဒီဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းလိမ့်မယ်။လူတွေနေထိုင်နေတဲ့ ဘဝလှုပ်ရှားကျင်လည်မှုတွေထဲက ဖြစ်နေကြဇာတ်လမ်းတစ်ပုဒ်ပါ။လူတွေရဲ့စရိုက်သဘာဝကိုရေးထားတဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ပါ။လူတွေထဲမှာ လူတွေအကြောင်း ဇာတ်လမ်းကောင်းတွေရှိနေပါတယ်။အနုပညာအတွေးနဲ့ တွေးတတ်ဖို့တော့ လိုပါလိမ့်မယ်။အခုလည်း နယ်ကြိုက် သရုပ်ဆောင်မင်းသားဖြစ်တဲ့ နေမျိုးအောင်နဲ့ တွဲရိုက်တဲ့ နာမည်ကြီးမင်းသမီးတွေ သိပ်မရှိသေးပါဘူး။အခု “နတ်ရေစင်” ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် မပိုပိုအောင် က နာမည်ကြီးသရုပ်ဆောင်မင်းသမီးကြီး စိုးမြတ်သူဇာ ကို ရအောင်ကြိုးစားခဲ့တယ်။အဲဒါကိုက မပိုပိုအောင်ရဲ့ အရည်အချင်းတစ်ခုပါပဲ။

အဲဒီဇာတ်ကားကို သံလျှင်မြို့အစွန်မှာရှိတဲ့ “စစ်စီးတော” ရွာလေးမှာရိုက်ရမယ်။ကားရိုက်ကွင်းကို ကျွန်တော်ရောက်သွားတော့ နေမျိုးအောင် ရောက်နှင့်နေပြီ။ရိုက်ကွင်းကို အစောဆုံးရောက်နေတဲ့ မင်းသားကို စတွေ့ဖူးတာပါပဲ။နာမည်ကြီး မင်းသမီးကြီး စိုးမြတ်သူဇာနဲ့ ရိုက်ရမှာ တက်ကြွနေလို့လားမသိပါဘူး။ကျွန်တော့်ကို လှမ်းတွေ့တွေ့ချင်း “ခင်ဗျားက ဇာတ်ဆရာ ကိုမြတ်လှိုင်းမဟုတ်လား” ဆိုပြီး စနှုတ်ဆက်တယ်။ပြောမယ်ဆိုရင် ကျွန်တော်က အပြင်မှာ နေမျိုးအောင် ကို မတွေ့ဖူးသေးဘူး။ပြီးတော့ “ခင်ဗျားဇာတ်ညွှန်းက စကားပြောတွေ အရမ်းကောင်းတယ်။ကျွန်တော် အဲဒီလိုစကားလေးလေးနက်နက်တွေပြောချင်နေတာ” တဲ့။ဘာပဲပြောပြော သူ့အပြောမှာ ကျေနပ်သွားမိတယ်။နေမျိုးအောင် က ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ လူတစ်ယောက်ဆိုတာ ကျွန်တော်တို့အမြဲတွဲနေမှ သိရတော့တယ်။နောက်ပိုင်းမှာကျွန်တော်၊ နေမျိုးအောင်၊ ငှက်ပျောကြော်၊ ဒါရိုက်တာနေပိုင်တို့ အမြဲတွဲသောက်ဖြစ်ခဲ့ကြတယ်။

မြတ်လှိုင်း
ဩဂုတ် - ၂၂