【 နည်းပညာ 】 ကင်မရာအဆင့်မြှင့်တင်မှုတွေနဲ့ P50 series ကို Huawei မိတ်ဆက်ပြီ

【 နည်းပညာ 】 ကင်မရာအဆင့်မြှင့်တင်မှုတွေနဲ့ P50 series ကို Huawei မိတ်ဆက်ပြီ

လအနည်းငယ်စောင့်ဆိုင်းခဲ့အပြီးမှာတော့ Huawei P50 series ဟာ ထွက်ရှိလာခဲ့ပါပြီ။

Huawei P50 series မှာ P50 နဲ့ P50 Pro ဆိုပြီး မော်ဒယ်လ်နှစ်မျိုး ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

Huawei ရဲ့ P series စမတ်ဖုန်းတွေမှာ ချီးကျူးရမှာကတော့ ကင်မရာစွမ်းဆောင်ရည်ပါပဲ၊ ဂျာမန်အခြေစိုက် Leica ကုမ္ပဏီနဲ့ ပူးပေါင်းထားမှုက Huawei ရဲ့ စမတ်ဖုန်းတွေကို ကင်မရာစွမ်းဆောင်ရည်အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူစေနိုင်ခဲ့ပါတယ်။

Huawei P50 series မှာ ကင်မရာစွမ်းဆောင်ရည်တွေကို အဆင့်မြှင့်တင်လာခဲ့ပြီး မော်ဒယ်လ်နှစ်ခုလုံးမှာ 10-channel အရောင်အာရုံခံကိရိယာတွေကို အသုံးပြုထားပြီး၊ ‌အဝေးရိုက်ကူးတဲ့ telephoto modules တွေကို အဆင့်မြှင့်တင်လာခဲ့ပါတယ်။မော်ဒယ်လ်နှစ်မျိုးလုံးမှာ OIS နည်းပညာပါဝင်တဲ့ 50MP အဓိက ကင်မရာကို တပ်ဆင်ထားပြီး၊ P50 Pro မော်ဒယ်လ်မှာတော့ မြင်ကွင်းကျယ်ရိုက်ကူးရန် 13MP (ultrawide) ကင်မရာနဲ့ 40MP (B/W) ကင်မရာတို့ ပိုမိုပါဝင်လာတာ မြင်တွေ့ရပါတယ်။ဒါ့အပြင် အဝေးရိုက်ကူးရန် 64MP (periscope telephoto) ကင်မရာကို P50 Pro မော်ဒယ်လ်မှာ ထည့်သွင်းပေးထားပြီး P50 မော်ဒယ်လ်မှာတော့ 12MP (periscope telephoto) သာ ပါဝင်လာမှာဖြစ်ပါတယ်။ Huawei ကတော့ P50 series စမတ်ဖုန်းသစ်တွေဟာ 200x ZOOM အဆ ၂၀၀ အဝေးရိုက်ကူးနိုင်မယ်လို့ ဆိုထားပါတယ်။မော်ဒယ်လ်နှစ်ခုလုံးရဲ့ ရှေ့ဘက် ကင်မရာတွေကတော့ 13MP ဖြစ်ပါတယ်။

Huawei P50 series ဟာ chipset နှစ်မျိုးနဲ့ မောင်းနှင်လာမှာဖြစ်ပြီး P50 ကို Snapdragon 888 chipset နဲ့ မောင်းနှင်ထားမှာဖြစ်ကာ P50 Pro ကတော့ Kirin 9000 နဲ့ ‌မောင်းနှင်ထားမှာဖြစ်ပါတယ်။မျက်နှာပြင်အရွယ်အစားကတော့ P50 က ၆.၅ လက်မဖြစ်ပြီး P50 Pro ကတော့ ၆.၆ လက်မဖြစ်ပါတယ်။ P50 Pro မော်ဒယ်လ်မှာတော့ ကွေးညွတ်မျက်နှာပြင်ကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။

P50 series မှာ ဒီဇိုင်းပုံစံတွေကို Huawei အနေနဲ့ ပြန်လည်ဆန်းသစ်ခဲ့ပြီး နောက်ဘက် ကင်မရာ‌တပ်ဆင်ပုံတွေဟာ အခြားသောစမတ်ဖုန်းတွေနဲ့ မတူညီတာကို မြင်တွေ့ရပါတယ်။ဘက်ထရီပမာဏကတော့ ကွာခြားချက်သိပ်မရှိပဲ P50 မှာ 4,100mAh နဲ့ P50 Pro မှာတော့ 4,360mAh ကို တပ်ဆင်ပေးထားပါတယ်။ဒါ့အပြင် မော်ဒယ်လ်နှစ်ခုလုံး 66W မြန်နှုန်းမြှင့်အားသွင်းစနစ်ပါဝင်ပြီး P50 Pro မှာတော့ ကြိုးမဲ့ မြန်နှုန်းမြှင့် အားသွင်းစနစ် 50W ကို ထည့်သွင်းပေးထားပါတယ်။

ထူးခြားချက်တော့ Huawei P50 series စမတ်ဖုန်းတွေဟာ Android OS မပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းတွေဖြစ်လာခဲ့ပြီး Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS 2.0 နဲ့ ပွဲထွက်လာခဲ့တာကို မြင်တွေ့ရပါတယ်။

Damien
ဇူလိုင် - ၃၀