【 နည်းပညာ 】 ကုမ္ပဏီအမည်ပြောင်းလဲလိုက်တဲ့ Facebook

【 နည်းပညာ 】 ကုမ္ပဏီအမည်ပြောင်းလဲလိုက်တဲ့ Facebook

ကမ္ဘာ‌ကျော် ဆိုရှယ်မီဒီယာကုမ္ပဏီကြီး Facebook ဟာ ၎င်းကုမ္ပဏီရဲ့အမည်ကို ပြောင်းလဲလိုက်ပါပြီ။
 
Meta လို့ အမည်ပြောင်းလဲလိုက်တဲ့ Facebook ကုမ္ပဏီအနေနဲ့ ကုမ္ပဏီရဲ့အမည်ကိုသာ ပြောင်းလဲလိုက်တာဖြစ်ပြီး ၎င်းရဲ့ ဆိုရှယ်မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ Facebook, Messenger, Instagram နဲ့ WhatsApp တို့ကတော့ ယခင်ပုံမှန်အတိုင်း အမည်မပြောင်းလဲပဲ တည်ရှိနေမှာဖြစ်ပါတယ်။
 
Facebook ရဲ့ CEO မာ့ခ် ဇူကာဘတ်ကတော့ "Meta ဆိုတဲ့ အမည်သစ်ဟာ ကုမ္ပဏီရဲ့ အနာဂတ်နဲ့ မျှော်မှန်းချက်တွေကို ပိုမို‌ကောင်းမွန်စွာ ထင်ဟပ်စေတယ်" လို့ metaverse အတွက် အစီအစဉ်သစ်များကို virtual event တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
 
Facebook ကုမ္ပဏီရဲ့ အမည်သစ်နဲ့ပတ်သက်ပြီး ယခင်က သတင်းထွက်ပေါ်မှုတွေမှာတော့ အသုံးပြုသူအတော်များများဟာ Facebook လူမှုကွန်ယက်ကို အမည်ပြောင်းလဲတာဖြစ်တယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် နောက်ပိုင်း အမည်ပြောင်းလဲချိန်မှာတော့ Facebook ကုမ္ပဏီကိုသာ Meta အမည်သို့ ပြောင်းလဲတာဖြစ်ပြီး ၎င်းလက်အောက်ရှိ ‌ဆိုရှယ်မီဒီယာလုပ်ငန်းများကတော့ ယခင်အတိုင်း ဆက်လက်တည်ရှိခဲ့တာဖြစ်ပါတယ်။
 
Meta အဖြစ် ကုမ္ပဏီအမည်ကို ပြောင်းလဲပြီးနောက် Facebook ကုမ္ပဏီဟာ ပုံရိပ်ယောင်နည်းပညာ (virtual reality) ကို ပိုမိုရင်းနှီးမြှုပ်နှံလာဖို့ရှိပါတယ်။ရုပ်ရှင်တွေထဲကလိုမျိုး ပုံရိပ်ယောင်ကမ္ဘာကို ဖန်တီးလိုတဲ့ Facebook ကုမ္ပဏီအနေနဲ့ Meta ဆိုတဲ့ အမည်သစ်ကိုပြောင်းလဲပြီး လူတွေအတွက် ဒုတိယကမ္ဘာ (virtual world) ကို ဖွင့်လှစ်ပေးရန်အတွက် ခြေလှမ်းစတင်လှမ်းလိုက်တာလည်းဖြစ်ပါတယ်။အဆိုပါအစီအစဉ်တွေဟာ metaverse မှာ ပါဝင်တယ်လို့လည်း Facebook ရဲ့ CEO မာ့ခ် ဇူကာဘတ် က ရှင်းပြခဲ့ပါတယ်။
 
"Metaverse အတွက် လာမယ့်နှစ်မှာ ဒေါလာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံသွားဖို့ မျှော်လင့်ထားပါတယ်" လို့လည်း ဇူကာဘတ် က ပြောကြားခဲ့ပါသေးတယ်။
 
Facebook ကုမ္ပဏီကဲ့သို့ အခြားသော နည်းပညာကုမ္ပဏီကြီးတွေလည်း အမည်ပြောင်းလဲခဲ့ဖူးပြီး Google ကုမ္ပဏီက Alphabet Inc. အမည်သို့ ၂၀၁၅ ခုနှစ်မှာ ပြောင်းလဲခဲ့ကာ၊ iPhone တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Apple Inc. အမည်ကို Apple Computer အမည်မှ ၂၀၀၇ ခုနှစ်မှာ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
 
Damien
အောက်တိုဘာ - ၂၉