【 နည်းပညာ 】 ခေါက်နိုင်တဲ့ ကွေးညွတ်စမတ်ဖုန်းကို မိတ်ဆက်လိုက်တဲ့ Huawei

【 နည်းပညာ 】 ခေါက်နိုင်တဲ့ ကွေးညွတ်စမတ်ဖုန်းကို မိတ်ဆက်လိုက်တဲ့ Huawei

Mate X foldable series ကွေးညွတ်စမတ်ဖုန်းများရဲ့ တတိယမျိုးဆက်နောက်မှာတော့ တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ဟာ ၎င်းရဲ့ ပထမဆုံးသော ခေါက်နိုင်တဲ့ ကွေးညွတ်စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
 
‌Huawei P50 Pocket အမည်ရ ကွေးညွတ်စမတ်ဖုန်းဟာ Samsung ရဲ့ ကမ္ဘာကျော် Z flip series ကွေးညွတ်စမတ်ဖုန်းတွေလိုပဲ ခေါက်သိမ်းနိုင်တဲ့ ဒီဇိုင်းပုံစံနဲ့ ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။
 
Huawei 50 Pocket ကွေးညွတ်စမတ်ဖုန်းဟာ ခေါက်သိမ်းမထားရင်တော့ မျက်နှာပြင်အရွယ်အစားဟာ ၆.၉ လက်မရှိမှာဖြစ်ပြီး၊ OLED မျက်နှာပြင်ဖြစ်ကာ 120Hz refresh rate နည်းပညာကိုလည်း ထည့်သွင်းပေါင်းစပ်ပေးထားပါတယ်။ရှေ့ဘက် ကင်မရာကိုတော့ မျက်နှာပြင်ပေါ်မှာပဲ အပေါက်ဖောက်ကာ ထည့်သွင်းပေးထားကို မြင်တွေ့ရပါတယ်။‌ Huawei P50 Pocket ကို ခေါက်သိမ်းလိုက်တဲ့အခါမှာတော့ ၁ လက်မ အရွယ်အစားရှိတဲ့ မျက်နှာပြင်ငယ်လေးမှာ နေ့ရက်၊ အချိန်နဲ့ စမတ်ဖုန်းမှ အသိပေးချက်များကို ပြသပေးမှာဖြစ်ပါတယ်။ဒါ့အပြင် အဆိုပါမျက်နှာပြင်ငယ်မှာ ကိုယ်တိုင်စိတ်ကြိုက်စီမံနိုင်မယ့် widgets များ ဥပမာအားဖြင့် မြေပုံပြသမှု၊ သီချင်းအဖွင့်အပိတ်နှင့် ပြင်ပဆော့ဖ်ဝဲလ်များရဲ့ ဝန်ဆောင်မှုများကိုလည်း စိတ်ကြိုက်စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။
 
Huawei P50 Pocket မှာ နောက်ဘက် ကင်မရာသုံးလုံးပါဝင်မှာဖြစ်ပြီး၊ အဓိက ကင်မရာကတော့ 40MP အရည်အသွေးဖြစ်ကာ၊ 13MP ultawide snapper နဲ့ 32MP ultra spectrum ကင်မရာတို့ကိုလည်း အားဖြည့်တပ်ဆင်ပေးထားပါတယ်။
 
Huawei P50 Pocket ကို Qualcomm ရဲ့ Snapdragon 888 chipset နဲ့ မောင်းနှင်ပေးထားပြီး၊ မမ်မိုရီပမာဏတွေကတော့ 8GB နဲ့ 12GB တို့ဖြစ်ပါတယ်။သိမ်းဆည်းနိုင်မှုပမာဏတွေအဖြစ် 256GB နဲ့ 512GB တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဘက်ထရီပမာဏ‌ကတော့ 4,000mAh ပမာဏ ပါဝင်ပြီး 40W မြန်နှုန်းမြှင့် အားသွင်းစနစ် ထည့်သွင်းပါဝင်ပါသေးတယ်။
 
Huawei P50 Pocket ကွေးညွတ်စမတ်ဖုန်းဟာ အဖြူရောင်နဲ့ အနက်ရောင် အရောင်နှစ်မျိုး ထွက်ရှိလာခဲ့ပြီး၊ Special premium edition အဖြစ် ရွှေရောင်ကိုလည်း ထုတ်လုပ်ရောင်းချပေးမယ်လို့ သိရပါတယ်။
 
Damien
ဒီဇင်ဘာ - ၂၄