【 နည်းပညာ 】 ဂြိုဟ်တုဆက်သွယ်ရေးပါဝင်တဲ့ စမတ်ဖုန်းတွေ ပိုမိုထွက်ရှိလာဖို့ China Telecom မျှော်လင့်

【 နည်းပညာ 】 ဂြိုဟ်တုဆက်သွယ်ရေးပါဝင်တဲ့ စမတ်ဖုန်းတွေ ပိုမိုထွက်ရှိလာဖို့ China Telecom မျှော်လင့်

ပေကျင်း၊ နိုဝင်ဘာ - ၂၀

တရုတ်နိုင်ငံရဲ့ အထင်ကရ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ China Telecom က လာမယ့် ၂၀၂၄ ခုနှစ်အတွင်း ထွက်ရှိမယ့် စွမ်းရည်မြင့် တရုတ်စမတ်ဖုန်းတွေမှာ ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ နည်းပညာသစ် ပံ့ပိုးပါဝင်လာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါဂြိုဟ်တုဆက်သွယ်ရေး နည်းပညာအတွက် Xiaomi ၊ OPPO နဲ့ Vivo အပါအဝင် တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးတွေနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့လည်း China Telecom က ဆိုပါတယ်။

လက်ရှိအချိန်အထိ တရုတ်စမတ်ဖုန်းစျေးကွက်မှာတော့ Huawei ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းမော်ဒယ်လ်အချို့မှာသာ ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာသစ်ကို အသုံးပြုလျက်ရှိပါတယ်။Huawei က နောက်ဆုံးမိတ်ဆက်ထားတဲ့ Huawei Mate 60 Pro စမတ်ဖုန်းဟာ ကမ္ဘာ့ပထမဆုံး ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာသစ်နဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့ စမတ်ဖုန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီနည်းပညာသစ်အတွက် Huawei ဟာ China Telecom ရဲ့ Tiantong-1 ဆက်သွယ်ရေးဂြိုဟ်တုစနစ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

စမတ်ဖုန်းတွေအတွက် ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာဆိုတာကတော့ ဖုန်းလိုင်းမရှိတဲ့၊ မိုဘိုင်းကွန်ရက်မမိတဲ့ နေရာဒေသတွေ ရောက်ရှိနေချိန်မှာ လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေကတစ်ဆင့် ဆက်သွယ်ရေးလိုင်းရယူပြီး စာတိုမက်ဆေ့ချ်ပေးပို့တာတွေကို လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးမှာဖြစ်ပါတယ်။နောက်ပိုင်း နည်းပညာအဆင့်မြှင့်တင် မြင့်မားလာတဲ့အမျှ အသံခေါ်ဆိုမှုအပြင် ဗီဒီယိုခေါ်ဆိုမှုတွေအထိပါ လုပ်ဆောင်လာနိုင်ဖို့ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ ပြင်ပမှာတော့ Apple ကုမ္ပဏီသာ ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာကို ၎င်းရဲ့ iPhone မော်ဒယ်လ်အချို့မှာ အသုံးပြုပေးထားနိုင်တာဖြစ်ပါတယ်။

China Telecom ဘက်ကတော့ ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာသစ်ပါဝင်တဲ့ စွမ်းရည်မြင့် တရုတ်စမတ်ဖုန်းတွေ လာမယ့် ၂၀၂၄ ခုနှစ်မှာ ပိုမိုထွက်ရှိလာဖို့ မျှော်လင့်ထားတယ်လို့ဆိုပြီး၊ ဂြိုဟ်တုလုပ်ဆောင်ချက်တွေဟာ စမတ်ဖုန်းတွေရဲ့ အနာဂတ်မှာ မရှိမဖြစ်လိုအပ်လာလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Damien
Ref - cgtn