【 နည်းပညာ 】 ဈေးနှုန်းပိုမိုသက်သာလာဖွယ်ရှိတဲ့ Apple ရဲ့ 2022 iPhone SE

【 နည်းပညာ 】 ဈေးနှုန်းပိုမိုသက်သာလာဖွယ်ရှိတဲ့ Apple ရဲ့ 2022 iPhone SE

Apple ကုမ္ပဏီမှ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က iPhone SE (2020) လို့ အမည်ပေးထားတဲ့ ဒုတိယမျိုးဆက် တန်ဖိုးသင့် iPhone ကို မိတ်ဆက်ခဲ့ပါတယ်။
 
ယခုလက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလသတင်းများအရ မတ်လ ၈ ရက်နေ့မှာ ပြန်လည်ဆန်းသစ်ထားတဲ့ iPad Air ကို ကြေညာဖွယ်ရှိနေတဲ့ အခမ်းအနားမှာ iPhone SE ရဲ့ တတိယမျိုးဆက်ကို မြင်တွေ့ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
 
Apple ကုမ္ပဏီဘက်က မတ်လ ၈ ရက်နေ့ အခမ်းအနားမှာ 2022 iPhone SE ကို မိတ်ဆက်ဖို့ အတည်မပြုရသေးပေမယ့် ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဂျွန် ဒိုနိုဗန်ကတော့ iPhone SE အသစ်ဟာ ဒေါ်လာ ၃၀၀ ကနေ ဈေးနှုန်းစတင်မယ်လို့ ဆိုပါတယ်။‌အဆိုပါဈေးနှုန်းဟာ ယခင် ဒုတိယမျိုးဆက် iPhone SE (2020) ‌အခြေခံဈေးနှုန်းထက် ၉၉ ဒေါ်လာ လျော့နည်းနေတာဖြစ်ပါတယ်။
 
ဒါ့အပြင် အခြားသောလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဒန်နီရယ် အိုက်ဗ်စ်ကတော့ Apple ဘက်က iPhone SE အသစ်ကို အခြေခံဈေးနှုန်း ဒေါ်လာ ၃၉၉ နဲ့ စတင်ဖွယ်ရှိတယ်လို့ ဆိုထားပြီး၊ ဈေးနှုန်းပိုမိုသက်သာဖို့ မဖြစ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
 
ကောလာဟလသတင်းများအရ iPhone SE+ 5G ဟု အမည်ပေးထားဖွယ်ရှိနေတဲ့ တန်ဖိုးသင့် iPhone မှာ 5G ကွန်ရက် အထောက်အပံ့၊ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်တဲ့ ကင်မရာနဲ့ iPhone 13 series အတူ ပွဲထွက်ထားတဲ့ A15 bionic chip နဲ့ မောင်းနှင်ပေးလာဖွယ်ရှိနေပါတယ်။
 
iPhone SE+ 5G ဟာ အဆင့်မြှင့်တင်မှုများ ပါဝင်လာမှာဖြစ်ပေမယ့် ဒီဇိုင်းပိုင်းမှာတော့ ၂၀၁၇ ခုနှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ iPhone 8 ကဲ့သို့ ဒီဇိုင်းဟောင်းနဲ့သာ ထွက်ရှိလာဖွယ်ရှိနေပါတယ်။
 
Damien
Ref - GSMArena
ဖေဖော်ဝါရီ - ၂၇