【 နည်းပညာ 】 ဈေးနှုန်းသက်သာတဲ့ iPhone ထုတ်ကုန်ကို Apple ဆက်လက်ထုတ်လုပ်မည်

【 နည်းပညာ 】 ဈေးနှုန်းသက်သာတဲ့ iPhone ထုတ်ကုန်ကို Apple ဆက်လက်ထုတ်လုပ်မည်

Apple ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်ရန်အတွက် ဈေးနှုန်းသင့်တင့်တဲ့ iPhone SE မျိုးဆက်ကို ဆက်လက်ထုတ်လုပ်သွားဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြလျက်ရှိပါတယ်။

လက်ရှိအချိန်ထိတော့ iPhone SE ဟာ ဒုတိယမျိုးဆက် ထွက်ရှိခဲ့ပြီးဖြစ်ပြီး၊ ဈေးကွက်အတွင်း အောင်မြင်မှုကြီးကြီးမားမားမရရှိသေးတဲ့အတွက် ၂၀၂၂ ခုနှစ်အတွင်း တတိယမျိုးဆက် iPhone SE ကို ဆက်လက်ထုတ်လုပ်ဖို့ မရေမရာဖြစ်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိသတင်းထွက်ပေါ်မှုတွေအရတော့ Apple ကုမ္ပဏီအနေနဲ့ iPhone SE တတိယမျိုးဆက်ကို ဆက်လက်ထုတ်လုပ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ iPhone SE တတိယမျိုးဆက်နဲ့အတူ မျက်နှာပြင်ကြီးမားတဲ့ iPad Air ပဉ္စမမျိုးဆက်ကိုလည်း မိတ်ဆက်သွားဖွယ်ရှိနေတယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်။ iPhone SE (2022) နဲ့ iPad Air (2022) သတင်းကတော့ Apple ကုမ္ပဏီနဲ့ပတ်သက်တဲ့ သတင်းများကို ဖော်ပြနေကြဖြစ်တဲ့ ယုံကြည်ရတဲ့ အရင်းအမြစ်ဖြစ်သူ Mac Otakara ဆီကနေ စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ iPhone SE (2022) မှာ ၄.၇ လက်မ LCD မျက်နှာပြင်သာ ပါဝင်လာဖွယ်ရှိနေပြီး၊ 5G ကွန်ယက် ချိတ်ဆက်မှုကိုလည်း ထည့်သွင်းထားဖွယ်ရှိတယ်လို့ သိရပါတယ်။ဒီဇိုင်းပုံစံကလည်း ယခင် ဒုတိယမျိုးဆက် မော်ဒယ်လ်နဲ့ တူညီဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုထားပါသေးတယ်။

iPad Air (2022) ကတော့ ကြီးမားတဲ့ ၁၀.၉ မျက်နှာပြင်နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး၊ Apple ရဲ့ စွမ်းဆောင်ရည်မြင့်  A15 bionic chip နဲ့ မောင်းနှင်ပေးထားဖွယ်ရှိနေပါတယ်။

Apple ကုမ္ပဏီအနေနဲ့ တစ်ဖက်မှာ ထုတ်ကုန်အသစ်တွေ မိတ်ဆက်ဖို့ ပြင်ဆင်နေပေမယ့် တစ်ဖက်မှာလည်း ၎င်းရဲ့ Safari browser မှ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တာကြောင့် သုံးစွဲသူအများအပြားရဲ့ ရှာဖွေမှုများ၊ အချက်အလက်ဒေတာများဟာ ပေါက်ကြားခဲ့တဲ့အတွက် ပြဿနာများဖြေရှင်းနေရပါတယ်။

Damien
ဇန်နဝါရီ - ၁၉