【 နည်းပညာ 】 တစ်ပတ်အတွင်း မိတ်ဆက်ခဲ့သော စမတ်ဖုန်းသစ်များ

【 နည်းပညာ 】 တစ်ပတ်အတွင်း မိတ်ဆက်ခဲ့သော စမတ်ဖုန်းသစ်များ

အချို့တွေအတွက်တော့ ယခုအချိန်ကာလဟာ နွေရာသီ အားလပ်ရက်‌ဖြစ်နေကြမှာပါ။ဒါပေမယ့် စမတ်ဖုန်းကုမ္ပဏီတွေအတွက်တော့ ထုတ်ကုန်ပစ္စည်းအသစ်တွေ မိတ်ဆက်ပြီး အလုပ်ရှုပ်တဲ့ကာလဖြစ်နေလျက်ရှိပါတယ်။

လွန်ခဲ့သော ရက်သတ္တပတ်အတွင်းမှာ Samsung နဲ့ Xiaomi ကုမ္ပဏီတို့ဟာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွေ အပြိုင်အဆိုင်ကျင်းပခဲ့ပြီး စမတ်ဖုန်း‌ထုတ်ကုန်သစ်တွေနဲ့ လက်ပ်တော့ကွန်ပျူတာ ထုတ်ကုန်သစ်တို့ကို မြင်တွေ့ခဲ့ရပါတယ်။

ဩဂုတ် ၁၇ ရက်‌ အင်္ဂါနေ့မှာ Motorola မှ စမတ်ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Motorola Edge 20 Fusion လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းသစ်ဟာ အလယ်လတ်တန်းစွမ်းဆောင်ရည်နဲ့ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၀၀ ကျသင့်မှာဖြစ်ကာ အိန္ဒိယနိုင်ငံ စမတ်ဖုန်းဈေးကွက်အတွင်း ယှဉ်ပြိုင်ရန် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အဆိုပါ ဩဂုတ် ၁၇ ရက်‌ အင်္ဂါနေ့မှာပဲ vivo ကုမ္ပဏီရဲ့ iQOO 8 series စမတ်ဖုန်းနှစ်မျိုးကို မြင်တွေ့ခဲ့ရပါသေးတယ်။ iQOO 8 series မှာ ပါဝင်တာကတော့ မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့ စမတ်ဖုန်းနှစ်မျိုးဖြစ်ပြီး၊ အိန္ဒိယ စမတ်ဖုန်းဈေးကွက်အတွက်တော့ ဈေးနှုန်းသက်သာတဲ့ vivo Y21 အမည်ရ စမတ်ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။

Samsung ကုမ္ပဏီကလည်း ဥရောပမှာ အလယ်လတ်တန်း စွမ်းဆောင်ရည်နဲ့ Galaxy A52s 5G စမတ်ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပြီး၊ ‌ဈေးနှုန်းသက်သာတဲ့ Galaxy A03s စမတ်ဖုန်းကိုပါ ပွဲထုတ်ခဲ့တာကို မြင်တွေ့ရပါတယ်။

ဩဂုတ် ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာတော့ Xiaomi မှ Redmi 10 ကို မိတ်ဆက်လိုက်ပါပြီ၊ အမေရိကန်ဒေါ်လာ ၂၂၀ သာ ဈေးသတ်မှတ်ထားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Redmi 10 စမတ်ဖုန်းဟာ ရောင်းအားကောင်းဦးမှာ အသေအချာပါပဲ။

Google ကုမ္ပဏီကတော့ အလယ်လတ်တန်း စွမ်းဆောင်ရည်နဲ့ စမတ်ဖုန်းဖြစ်တဲ့ Pixel 5a 5G ကို ရုတ်တရက် ဂျပန်မှာ မိတ်ဆက်လိုက်ပါတယ်။ Pixel 5a 5G ဟာ Pixel 4a 5G ထက် ပိုမိုဈေးသက်သာမှာဖြစ်ပါတယ်။

ဂိမ်းအသားပေးထုတ်ကုန်တွေ ထုတ်လုပ်လေ့ရှိတဲ့ Asus ကုမ္ပဏီကတော့ ROG Phones ဂိမ်းအသားပေးစမတ်ဖုန်းသစ်တွေဖြစ်တဲ့ 5s နဲ့ 5s Pro တို့ကို မိတ်ဆက်ခဲ့ပါတယ်။ Asus ကတော့ ယခင် ROG Phone 5 series ထက် ယခုမော်ဒယ်လ်သစ်တွေဟာ ၂၀ ရာခိုင်နှုန်း စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာမယ်လို့ ဆိုထားပါတယ်။

Damien
ဩဂုတ် - ၂၃