【 နည်းပညာ 】 လာမည့်ရက်သတ္တပတ်အတွင်း Huawei မှ စမတ်နာရီ မိတ်ဆက်သွားမည်

【 နည်းပညာ 】 လာမည့်ရက်သတ္တပတ်အတွင်း Huawei မှ စမတ်နာရီ မိတ်ဆက်သွားမည်

သတင်းများပေါက်ကြားလာမှုအရ တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ဟာ စမတ်နာရီသစ်ကို လာမည့်ရက်သတ္တပတ်အတွင်း မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။
 
Huawei Watch D လို့ အမည်ရတဲ့ စမတ်နာရီသစ်တစ်လုံးကို ကွေးညွတ်စမတ်ဖုန်းသစ် Huawei Mate V flip မိတ်ဆက်တဲ့ရက်မှာပဲ မြင်တွေ့ရမှာဖြစ်တယ်လို့ သတင်းများက ဖော်ပြလျက်ရှိနေပါတယ်။
 
Huawei Watch D စမတ်နာရီသစ်မှာ ကြီးမားတဲ့ စွမ်းဆောင်ရည်အဆင့်မြှင့်တင်မှုတွေကို မြင်ရမှာပါ။ယခုနောက်ပိုင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှုအတွင်း လူသုံးများလာတဲ့ သွေးတွင်း အောက်စီဂျင်ပမာဏတိုင်းတာတဲ့ နည်းပညာကို Huawei ဘက်က စမတ်နာရီသစ်မှာ အသုံးပြုသူရဲ့ ကျန်းမာရေးအတွက် ပိုမိုတိကျတဲ့ အဖြေရရှိအောင် အဆင့်မြှင့်တင်ပေးထားမှာဖြစ်သလို၊ ကျန်းမာရေးစောင့်ကြည့်စနစ်နဲ့ လေ့ကျင့်ခန်းစောင့်ကြည့်စနစ်များကိုလည်း ပိုမိုအဆင့်မြှင့်တင်ပေးထားမှာဖြစ်ပါတယ်။
 
Huawei မှ ထုတ်လုပ်တဲ့ စမတ်နာရီနဲ့ စမတ်လက်ပတ်များဟာ သာမန်စမတ်နာရီ၊ လက်ပတ်များနဲ့ မတူညီဘဲ ဒီဇိုင်းပုံစံဆန်းသစ်‌ထားလေ့ရှိတာကို ယခင်ထုတ်လုပ်ခဲ့တဲ့ စမတ်နာရီနဲ့ လက်ပတ်များမှာ မြင်တွေ့ခဲ့ရပါတယ်။ယခုမိတ်ဆက်သွားမယ့် Huawei Watch D သာလည်း သာမန်စမတ်နာရီများထက် ကိုယ်ထည်ဒီဇိုင်းဟာ လေးထောင့်ဆန်ဆန်နဲ့ ပိုမိုရှည်လျားမှာဖြစ်ပြီး ကျစ်ကျစ်လစ်လစ်တည်ဆောက်ထားဖွယ်ရှိနေပါတယ်။
 
Huawei Watch D စမတ်နာရီသစ်ကို လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သတင်းများက ဖော်ပြလျက်ရှိနေပြီး၊ ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံအတွင်း မိတ်ဆက်သွားမှာဖြစ်ကာ၊ ကမ္ဘာ့ဈေးကွက်ကိုလည်း ရောင်းချလာဖွယ်ရှိနေပါတယ်။
 
Damien
ဒီဇင်ဘာ - ၁၂