【 နည်းပညာ 】 အင်တာနက်ဝန်ဆောင်မှု နှောင့်နှေးနေသည့်အတွက် SpaceX က တောင်းပန်

【 နည်းပညာ 】 အင်တာနက်ဝန်ဆောင်မှု နှောင့်နှေးနေသည့်အတွက် SpaceX က တောင်းပန်

SpaceX ကုမ္ပဏီမှ ၎င်းရဲ့ Starlink အမည်ရ အင်တာနက်ဝန်ဆောင်မှုကို မှာယူထားသူများထံ ရောက်ရှိရန် ကြန့်ကြာနေမှုအတွက် တောင်းပန်လိုက်ကြောင်း သိရပါတယ်။

SpaceX ဟာ ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက်အသုံးပြုသူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှင်မြန်သော ဂြိုဟ်တုအင်တာနက် Starlink ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အလွန်တရာနှေးကွေးသော သို့မဟုတ် အင်တာနက်အသုံးပြုနိုင်ခြင်းမရှိသော ကျေးလက်ဒေသများတွင်ပါ ယုံကြည်စိတ်ချရတဲ့ အင်တာနက်ဝန်ဆောင်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

လတ်တလောမှာတော့ SpaceX ကုမ္ပဏီဘက်မှ Starlink အင်တာနက်ဝန်ဆောင်မှုကို မှာယူထားသူများထံ ပို့ဆောင်နိုင်ခြင်းမရှိ‌သေးဘဲ တစ်နှစ်ထက် တစ်နှစ် နောက်ကျနေတာဖြစ်ပါတယ်။ယခု SpaceX ရဲ့ အဆိုအရတော့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၃ ခုနှစ် အစောပိုင်းအထိ Starlink အင်တာနက်ဝန်ဆောင်မှုကို မမျှော်လင့်ထားဖို့ အကြောင်းကြားထားကြောင်း သိရပါတယ်။အွန်လိုင်းဖိုရမ်များတွင် SpaceX ရဲ့ ပို့ဆောင်မှု ကြန့်ကြာနေခြင်းကို မှာယူထားသူများဘက်က စိတ်ပျက်‌ဖွယ်ပို့စ်များကို တင်ထားခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့က တွစ်တာ လူမှုကွန်ယက်ပေါ်တွင် တင်ထားသော တွစ်တစ်ခုအရ "ပြီးခဲ့သော ‌၆ လအတွင်း ကိုဗစ်ရောဂါရိုက်ခတ်မှုကြောင့် ဆီလီကွန်ပြတ်တောက်မှုဟာ ၎င်းရဲ့ မျှော်မှန်းထားသော ထုတ်လုပ်မှုနှုန်းကို အကျိုးသက်ရောက်စေခဲ့ပြီး အမှာများစွာကို ဖြည့်ဆည်းနိုင်စွမ်း ထိခိုက်စေခဲ့တယ်" ဟု SpaceX ဘက်က ဖြေရှင်းခဲ့ပါတယ်။

"ကြန့်ကြာမှုအတွက် ကျနော်တို့ တောင်းပန်ပြီး၊ ကျနော်တို့ရဲ့ ထုတ်လုပ်မှုနှုန်းနဲ့ စက်ရုံကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ရန်အတွက် အင်ဂျင်နီယာ၊ ထောက်ပံ့ရေးကွင်းဆက်နဲ့ ထုတ်လုပ်မှုအဖွဲ့များက အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေပါတယ်" ဟု SpaceX ဘက်က မှာယူထားသူများကို သတင်းစကားပါးခဲ့ပါတယ်။

ကမ္ဘာမြေနိမ့်ပတ်လမ်းကြောင်းအတွင်း ဖြန့်ကျက်ချထားတဲ့ SpaceX ဂြိုဟ်တုများမှ သုံးစွဲသူများရဲ့ နေအိမ်သို့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ Starlink ဟာ လက်ရှိမှာတော့ နိုင်ငံပေါင်း ၂၀ မှာ အသုံးပြုနေကြပြီဖြစ်ပါတယ်။

SpaceX မှ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်တွင် Starlink စမ်းသပ်ဗားရှင်းကို စတင်မိတ်ဆက်ခဲ့ပြီး၊ ယခုအခါ ကနေဒါ၊ ယူကေ၊ ဂျာမဏီ၊ နယူးဇီလန်၊ သြစတေးလျ၊ သြစတြီးယား၊ ပြင်သစ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ ချီလီ၊ အီတလီ၊ ချက်၊ မက္ကဆီကို၊ ဆွီဒင်နှင့် ခရိုအေးရှား နိုင်ငံများတွင် အင်တာနက်ဝန်ဆောင်မှုပေးပြီဖြစ်ပါတယ်။

SpaceX မှ ၂၀၂၂ နှစ်ကုန်တွင် Starlink အင်တာနက်ဝန်ဆောင်မှုကို နောက်ထပ် ၄၅ နိုင်ငံမှာ ဆက်လက်ရောင်းချဖို့ စီစဉ်ထားလျက်ရှိပါတယ်။

Damien
နိုဝင်ဘာ - ၂၄