【 နည်းပညာ 】 အထူးထုတ် စမတ်ဖုန်းနဲ့ တရုတ်နှစ်ကူးကိုကြိုဆိုတဲ့ Oppo

【 နည်းပညာ 】 အထူးထုတ် စမတ်ဖုန်းနဲ့ တရုတ်နှစ်ကူးကိုကြိုဆိုတဲ့ Oppo

တရုတ်နည်းပညာကုမ္ပဏီကြီး Oppo မှ လွန်ခဲ့သောလက Oppo Reno7 စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။
 
မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်းသစ်များထဲမှာ လာမယ့် တရုတ်နှစ်ကူးကို ကြိုဆိုတဲ့ အထူးထုတ် စမတ်ဖုန်းတစ်လုံးကိုပါ ထုတ်ဖော်ပြသခဲ့တာကို မြင်တွေ့ရပါတယ်။
 
Oppo Reno7 New Year Edition လို့ အမည်ပေးထားတဲ့ အထူးထုတ် စမတ်ဖုန်းဟာ လာမယ့် တရုတ်နှစ်သစ်ကူးကို ကြိုဆိုသောအားဖြင့် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။တောက်ပနေတဲ့ အနီရောင်ကို လေးထောင့်ဆန်ဆန် Oppo Reno7 ရဲ့ စမတ်ဖုန်းဒီဇိုင်းပုံစံနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အလွန်လှပတဲ့ အထူးထုတ် စမတ်ဖုန်းတစ်လုံးအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ယခု လာမယ့် တရုတ်နှစ်သစ်ဟာ ကျားနှစ်ဖြစ်တဲ့ စမတ်ဖုန်းရဲ့နောက်ဘက်မှာ ကျားပုံသဏ္ဌာန်အမှတ်တံဆိပ်ကို ရိုက်နှိပ်ပေးထားကို မြင်တွေ့ရပါတယ်။
 
အထူးထုတ်အဖြစ် မိတ်ဆက်ခဲ့တဲ့ Oppo Reno7 New Year Edition စမတ်ဖုန်းဟာ သာမန်ထုတ်ကုန်တွေဖြစ်တဲ့ Oppo Reno7 စမတ်ဖုန်းတွေနဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ ကွာဟချက်ရှိမှာ မဟုတ်ပါဘူး။အထူးထုတ် စမတ်ဖုန်းကိုလည်း Qualcomm ရဲ့ Snapdragon 778 chipset နဲ့ မောင်းနှင်ပေးထားမှာဖြစ်တဲ့အပြင်၊ 90Hz refresh rate နည်းပညာပါဝင်တဲ့ Full HD+ AMOLED မျက်နှာပြင်ကိုပဲ တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ Android OS 11 ကို အခြေခံတဲ့ နာမည်ကျော် ColorOS 12 ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
 
စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးရတာ နှစ်သက်သူတွေအတွက်တော့ ကင်မရာ‌ ၄ လုံးကို တပ်ဆင်ပေးထားမှာဖြစ်ပြီး၊ ရှေ့ဘက် ကင်မရာအဖြစ် 32MP, နောက်ဘက် ကင်မရာ ၃ လုံးအဖြစ် 64MP အဓိက ကင်မရာ၊ မြင်ကွင်းကျယ်ရိုက်ကူးရန် 8MP ultra wide နဲ့ သေးငယ်သော အရာဝတ္ထုများကို ရိုက်ကူးရန်အတွက် 2MP macro units တို့ကို ပူးတွဲတပ်ဆင်ပေးထားပါတယ်။
 
ဘက်ထရီပမာဏအနေနဲ့ကတော့ 4,500mAh ပါဝင်မှာဖြစ်ပြီး၊ 60W မြန်နှုန်းရှိ အားသွင်းစနစ်ကို ထည့်သွင်းပေးထားတဲ့အတွက် ခနခနအားသွင်းရခြင်း ဒုက္ခကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။လက်ဗွေဖတ်စနစ်ကိုတော့ မျက်နှာပြင်အောက်ဖက်မှာပဲ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။
 
Oppo Reno7 New Year Edition အထူးထုတ် စမတ်ဖုန်းသစ်ကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်း မှာယူနိုင်မှာဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းကို စတင်ရောင်းချမယ့်အချိန်မှာတော့ စမတ်ဖုန်းနောက်ဘက်က ကျားပုံသဏ္ဌာန်အမှတ်တံဆိပ် ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
 
Damien
ဒီဇင်ဘာ - ၂၆