【 နည်းပညာ 】 အလွန်အမင်းပြင်းထန်တဲ့ HIV မျိုးကွဲအသစ်ကို ဥရောပတွင် ရှာဖွေတွေ့ရှိခဲ့

【 နည်းပညာ 】 အလွန်အမင်းပြင်းထန်တဲ့ HIV မျိုးကွဲအသစ်ကို ဥရောပတွင် ရှာဖွေတွေ့ရှိခဲ့

AIDS ရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး မျိုးကွဲအသစ်ကို နယ်သာလန်တွင် တွေ့ရှိခဲ့ပြီးနောက် အဆိုပါ ဗိုင်းရပ်စ်ရဲ့ အခြားမျိုးကွဲများနှင့် နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုမြန်ဆန်လာတာကို သိပ္ပံပညာရှင်များက စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။
 
Human immunodeficiency Virus (HIV) ဟာ ခန္ဓာကိုယ်အတွင်းရှိ ခုခံအားဆဲလ်များဖြစ်သော CD4 ကို ကူးစက်ပြီး ဖျက်ဆီးကာ ထိုဆဲလ်အရေအတွက်ကို ကျဆင်းစေတာဖြစ်ပါတယ်။မကုသဘဲ အချိန်ကြာမြင့်စွာထားပါက AIDS ရောဂါအဖြစ်သို့ ရောက်ရှိသွားတာဖြစ်ပါတယ်။လက်ရှိတွေ့ရှိ‌ထားသော မျိုးကွဲသစ်အမည်ကိုတော့ VB လို့ အမည်ပေးထားတာဖြစ်ပါတယ်။
 
ဖေဖော်ဝါရီ ၃ ရက် သိပ္ပံဂျာနယ်တွင် သုတေသီများ ဖော်ပြမှုအရ VB မျိုးကွဲများ ကူးစက်ပြီးနောက် မကုသဘဲထားလျှင် ကနဦး HIV ရှာဖွေတွေ့ရှိပြီး ၂ နှစ်မှ သုံးနှစ်အတွင်း AIDS ရောဂါအဖြစ်သို့ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။အခြားသော မျိုးကွဲများကတော့ ကနဦးရောဂါရှာဖွေတွေ့ရှိပြီး ပျမ်းမျှအားဖြင့် ခြောက်နှစ်မှ ခုနစ်နှစ်ခန့်မှာ ဖြစ်ပွားတာဖြစ်ပါတယ်။
 
"ပျမ်းမျှအားဖြင့် VB မျိုးကွဲရှိသူတစ်ဦးဟာ ကုသမှုမစတင်ဘဲ အသက် ၃၀ ကျော်လျှင် ရောဂါရှာဖွေတွေ့ရှိပါက ကိုးလအတွင်း ရောဂါရှာဖွေမှုမှ "အဆင့်မြင့် HIV" သို့ တိုးတက်သွားနိုင်တာကို ကျနော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်" ဟု Oxford တက္ကသိုလ်မှ ကိန်းဂဏန်းမျိုးရိုးဗီဇနဲ့  ရောဂါပိုးဆိုင်ရာ အကြီးတန်းသုတေသီ ခရစ်စ် ဝိုင်းမန့် က ဆိုပါတယ်။ဒါ့အပြင် "အသက်ကြီးသူတွေမှာ ရောဂါဖြစ်ပွားမှုက ပိုမိုမြန်ဆန်နိုင်တယ်" လို့လည်း ၎င်းက သတိပေးပြောကြားခဲ့ပါသေးတယ်။
 
ယခုရှာဖွေတွေ့ရှိခဲ့တဲ့ HIV ဗိုင်းရပ်စ်မျိုးကွဲအသစ် VB ကို BEEHIVE ပရောဂျက်ကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး၊ ကူးစက်ရောဂါဗေဒပညာရှင် ဝိုင်းမန့်နဲ့ လေ့လာမှုရဲ့ အကြီးတန်းစာရေးဆရာ ခရစ္စတိုဖီ ဖရေဆာတို့က BEEHIVE ပရောဂျက်ရဲ့ အဓိကအဖွဲ့ဝင်များလည်း ဖြစ်ပါတယ်။
 
BEEHIVE ပရောဂျက်ကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး၊ ဗိုင်းရပ်စ်ရဲ့ ပြောင်းလဲမှုများ၊ ၎င်းရဲ့ မျိုးရိုးဗီဇကုဒ်နံပါတ်နဲ့ ရောဂါကွဲပြားဖြစ်ပွားမှုများကို နားလည်စေရန် တည်ထောင်ခဲ့တာဖြစ်တယ်ဟု ဝိုင်းမန့် က ပြောကြားခဲ့ပါသေးတယ်။
 
Damien
Ref - sciencealert
ဖေဖော်ဝါရီ - ၄