【 နည်းပညာ 】 အာကာသစူးစမ်းလေ့လာရေး ငါးနှစ်စီမံကိန်းကို တရုတ်ထုတ်ဖော်ပြသ

【 နည်းပညာ 】 အာကာသစူးစမ်းလေ့လာရေး ငါးနှစ်စီမံကိန်းကို တရုတ်ထုတ်ဖော်ပြသ

တရုတ်နိုင်ငံမှ လာမယ့် ငါးနှစ်အတွင်း ၎င်းရဲ့ အာကာသစူးစမ်းလေ့လာရေး အစီအစဉ်များကို ထုတ်ပြန်ခဲ့ပါတယ်။

ထိုအာကာသစူးစမ်းလေ့လာရေး ငါးနှစ်စီမံကိန်းမှာ အာကာသအ‌ခြေခံအဆောက်အအုံများ အားကောင်းလာစေရန်၊ လူများကို အာကာသတွင်းသို့ ပို့ဆောင်ပေးမည့် မျိုးဆက်သစ်အာကာသယာဉ်များ တီထွင်ဖန်တီးခြင်းနဲ့ ကြီးမားသောရည်မှန်းချက်များကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်သည့် စက္ကဖြူစာတမ်းမှာ အသေးစိတ်ဖော်ပြထားတဲ့ လမ်းညွှန်မြေပုံအရ မျိုးဆက်သစ်အာကာသယာဉ်နယ်ပယ်မှာ တရုတ်နိုင်ငံအနေနဲ့ တိုးတက်မှုများရရှိအောင် ရည်မှန်းချက် ကြီးကြီးမားမားထားကာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ တရုတ်နိုင်ငံဟာ အာကာသစွမ်းရည်ကို ချဲ့ထွင်နိုင်ခဲ့ပြီး၊ လွှတ်တင်သည့် အကြိမ်ရေနဲ့ နယ်ပယ်များကို တိုးမြှင့်နိုင်ခဲ့ကာ အင်္ဂါဂြိုဟ်ပေါ်သို့လည်း ရှာဖွေရေးစက်ရုပ် ပို့ဆောင်နိုင်ခဲ့သည်အထိ အာကာသနယ်ပယ်သစ်ဆီကို ချဲ့ထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် တရုတ်နိုင်ငံဟာ နှစ်အနည်းငယ်အတွင်းမှာပဲ 'လ' မျက်နှာပြင်သို့ ဆင်းသက်နိုင်သည့် ယာဉ်ကိုလည်း စေလွှတ်နိုင်ခဲ့ပြီး လကမ္ဘာရှာဖွေရေးလုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ 'လ' ရဲ့ အစွန်အဖျားသို့ ပထမဆုံး ဆင်းသက်နိုင်ခဲ့တဲ့ နိုင်ငံအဖြစ် တရုတ်နိုင်ငံ မှတ်တမ်းဝင်ခဲ့ပြီး၊ ၂၀၂၀ ခုနှစ် အရောက်မှာတော့ 'လ' ရဲ့ နမူနာများကို ကမ္ဘာသို့ ပြန်လည်သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ထုတ်ပြန်ခဲ့တဲ့ စက္ကူဖြူစာတမ်းအရ နောက်ထပ် စက်ရုပ် အာကာသယာဉ်နှစ်စင်းကို လကမ္ဘာပေါ်သို့ လာမည့်ငါးနှစ်အတွင်း ပို့ဆောင်ရန် စီစဉ်ထားပြီး၊  'လ' ၏ ဝင်ရိုးစွန်းဒေသများ၊ ရေခဲများတည်ရှိရာ 'လ' မျက်နှာပြင်ဧရိယာများကို လေ့လာနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် လကမ္ဘာပေါ်တွင် "နိုင်ငံတကာသုတေသန စခန်းတစ်ခု" တည်ဆောက်ရန်အတွက်လည်း နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနဲ့အတူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း စက္ကူဖြူစာတမ်းမှာ ဖော်ပြခဲ့ပါသေးတယ်။

တရုတ်နိုင်ငံတစ်ခုတည်းသာ လပေါ်ကို ဆင်းသက်လေ့လာရန် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ၊ အမေရိကန် အာကာသအေဂျင်စီကလည်း လပေါ်ကို ၂၀၂၅ ခုနှစ်မတိုင်မီမှာ ဆင်းသက်လေ့လာရန် အပြိုင်ဆောင်ရွက်လျက်ရှိနေပါတယ်။

Damien
Ref - The Verge
ဇန်နဝါရီ - ၃၀