【 နည်းပညာ 】 အိန္ဒိယမှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲများ အပြိုင်အဆိုင် ကျင်းပသွားမည်

【 နည်းပညာ 】 အိန္ဒိယမှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲများ အပြိုင်အဆိုင် ကျင်းပသွားမည်

အာရှမှ အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ဟာ စမတ်ဖုန်းကုမ္ပဏီများအတွက် ကြီးမားတဲ့ ဈေးကွက်ဝေစုတစ်ခုဖြစ်လာခဲ့ပါပြီ။
 
ယခုလည်း စမတ်ဖုန်းကုမ္ပဏီတွေဟာ ဇန်နဝါရီလအတွင်းမှာပဲ စမတ်ဖုန်းထုတ်ကုန်သစ်တွေကို အိန္ဒိယနိုင်ငံမှာ အပြိုင်အဆိုင် မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။
 
ကမ္ဘာကျော် ကိုရီးယားနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကတော့ လာမယ့် ဇန်နဝါရီ ၁၀ ရက်နေ့ အိန္ဒိယနိုင်ငံမှာ ၎င်းရဲ့ ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းဖြစ်တဲ့ Galaxy S21 FE 5G စမတ်ဖုန်းကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ကို လွှမ်းခြုံနိုင်ရန် Samsung ကုမ္ပဏီအနေနဲ့ ကြိုးပမ်းလျက်ရှိနေတာလည်းဖြစ်ပါတယ်။
 
တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ vivo ရဲ့ အမှတ်တံဆိပ်ခွဲ iQOO 9 series ကလည်း အိန္ဒိယနိုင်ငံမှာပဲ မိတ်ဆက်သွားမယ်လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ vivo ကုမ္ပဏီအနေနဲ့ iQOO အမှတ်တံဆိပ်ကို အိန္ဒိယမှာမိတ်ဆက်ပြီး ဈေးကွက်ကိုကြီးစိုးဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း vivo မှ vivo Y21T စမတ်ဖုန်းသစ်ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့ပါသေးတယ်။
 
အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Motorola ဟာလည်း အိန္ဒိယရဲ့ စမတ်ဖုန်းဈေးကွက်ဘက်ကို ခြေဦးလှည့်လာခဲ့ပြီး၊ ၎င်းရဲ့ Edge X30 စမတ်ဖုန်းမော်ဒယ်လ်ကို အိန္ဒိယဈေးကွက်မှာ ရောင်းချသွားဖွယ်ရှိနေခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင် Moto G71 5G စမတ်ဖုန်းမော်ဒယ်လ်ကိုလည်း ဇန်နဝါရီ ၁၀ ရက်နေ့မှာ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။
 
အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်မှာ ရောင်းအား‌ကောင်းမွန်နေတဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကလည်း Xiaomi 11i စမတ်ဖုန်းသစ်ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။
 
OnePlus ကုမ္ပဏီကလည်း OnePlus 9RT စမတ်ဖုန်းသစ်ကို ကြိုးမဲ့နားကြပ်သစ်ဖြစ်တဲ့ Buds Z2 နဲ့အတူ ဇန်ဝါရီ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။
 
အိန္ဒိယနိုင်ငံအနေနဲ့ အာရှမှာ စမတ်ဖုန်းကုမ္ပဏီကြီးများ၊ နည်းပညာကုမ္ပဏီကြီးများရဲ့ စိတ်ဝင်စားမှုကို ခံလာရပြီဖြစ်ပြီး၊ Apple ကုမ္ပဏီ iPhone 13 မော်ဒယ်လ်များကို အိန္ဒိယနိုင်ငံအတွင်း အမြောက်အမြားထုတ်လုပ်ဖို့လည်း ရှိနေပါတယ်။
 
Damien
ဇန်နဝါရီ - ၉