【 နည်းပညာ 】 ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် Xiaomi Mix 4

【 နည်းပညာ 】 ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် Xiaomi Mix 4

Xiaomi ရဲ့ ဒီဇိုင်းပုံစံဆန်းပြားတဲ့ Mix မျိုးဆက်သစ် စမတ်ဖုန်းကတော့ ထွက်ရှိလာခဲ့ပါပြီ။

Xiaomi Mix 4 လို့ အမည်ပေးထားတဲ့ Mix မျိုးဆက်သစ် စမတ်ဖုန်းမှာ ကင်မရာနည်းပညာသစ်နဲ့အတူ အလွန်မြန်ဆန်တဲ့ မြန်နှုန်းမြှင့်အားသွင်းစနစ်တွေကို ထည့်သွင်းပေးထားတာကိုလည်း မြင်တွေ့ရပါတယ်။

Xiaomi Mix 4 စမတ်ဖုန်းဟာ Xiaomi ကုမ္ပဏီရဲ့ under-display camera (မျက်နှာပြင်အောက်ထဲ ရှေ့ဘက် ကင်မရာထည့်သွင်းထားသော နည်းပညာ) ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာခဲ့ပါပြီ။ under-display camera (မျက်နှာပြင်အောက်ထဲ ရှေ့ဘက် ကင်မရာထည့်သွင်းထားသော နည်းပညာ) ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းကိုတော့ ZTE ကုမ္ပဏီက Axon 20 စမတ်ဖုန်းနဲ့ ဦးဆောင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မရှိတဲ့ ဘေးဘောင်တွေကွေးညွတ်ထားတဲ့ AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ 20MP အရည်အသွေးရှိ ရှေ့ဘက် ကင်မရာကိုတော့ အဆိုပါမျက်နှာပြင်အောက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ 120Hz refresh rate နည်းပညာကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 888+ chipset နဲ့ မောင်းနှင်ထားပြီး၊ မမ်မိုရီပမာဏကတော့ 8/12 GB တို့ကို ရွေးချယ်နိုင်မှာဖြစ်ကာ၊ သိမ်းဆည်းနိုင်မှုကိုလည်း 128/512 GB တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ OIS နည်းပညာ ထောက်ပံ့ပါဝင်တဲ့ 108 MP အဓိက ကင်မရာကိုတပ်ဆင်ပေးထားပြီး၊ အဝေးမှပုံရိပ်များကိုရိုက်ကူးရန် 8 MP (periscope telephoto) OIS 5x optical zoom နဲ့အတူ မြင်ကွင်းကျယ်ရိုက်ကူးရန် 13 MP (ultrawide) ကင်မရာတို့ကို ပူးတွဲတပ်ဆင်ပေးထားပါတယ်။

ဘက်ထရီပမာဏကတော့ 4,500mAh ဖြစ်ပြီး၊ 120W မြန်နှုန်းမြှင့်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။အဆိုပါ 120W မြန်နှုန်းမြှင့်အားသွင်းစနစ်ကြောင့် စမတ်ဖုန်းကို ၁၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားအပြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ကြိုးမဲ့အားသွင်းစနစ်ကတော့ 50W မြန်နှုန်းဖြစ်ပြီး၊ ၂၈ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မှာဖြစ်ပါတယ်။

Xiaomi Mix 4 ဟာ အရောင် ၃ မျိုး ထွက်ရှိမှာဖြစ်ပြီး အဖြူ၊ အနက်နဲ့ ငွေရောင်တို့ပဲဖြစ်ပါတယ်။

Xiaomi Mix 4 စမတ်ဖုန်းရဲ့ စျေးနှုန်းဟာ $770 (မြန်မာငွေ ၁,၂၇၀,၀၀၀ ခန့်) ကနေ စတင်ဖြစ်ပြီး၊ အမြင့်ဆုံးမော်ဒယ်လ်ဖြစ်တဲ့ (Mix 4 12/512 GB) စမတ်ဖုန်းကတော့ $970 (မြန်မာငွေ ၁၆ သိန်းခန့်) ကျသင့်မှာဖြစ်ပါတယ်။

Damien
သြဂုတ် - ၁၁