【 နည်းပညာ 】 ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး တက်ဘလက်များ

【 နည်းပညာ 】 ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး တက်ဘလက်များ

မျက်နှာပြင်အရွယ်အစားကြီးမားတဲ့ တက်ဘလက်တွေဟာလည်း စမတ်ဖုန်းများကဲ့သို့ပဲ နေ့စဉ်လူနေမှုဘဝမှာ အသုံးဝင်တာကို မြင်တွေ့ရပါတယ်။
 
၂၀၂၁ ခုနှစ်အတွင်းမှာလည်း တက်ဘလက်များ များစွာထွက်ရှိခဲ့ပြီး နည်းပညာကုမ္ပဏီကြီးတွေဟာလည်း စမတ်ဖုန်းဈေးကွက်မှာ အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြတယ်ဆိုပေမယ့် တက်ဘလက်ဈေးကွက်ကိုလည်း လွှမ်းမိုးနိုင်အောင် အပြိုင်အဆိုင်ကြိုးစားခဲ့ကြပါတယ်။
 
ဒီကနေ့ဟာဆိုရင်ဖြင့် ၂၀၂၁ ခုနှစ်အတွက် နောက်ဆုံးနေ့ရက်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ယနေ့ နည်းပညာကဏ္ဌမှာ ၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ တက်ဘလက်တွေထဲမှ အကောင်းဆုံး တက်ဘလက်များကို ရွေးချယ်ထုတ်နှုတ် ဖော်ပြပေးချင်ပါတယ်။
 
ပထမဆုံးအနေနဲ့ Apple ကုမ္ပဏီမှ ထုတ်လုပ်တဲ့ iPad Mini 2021 ကို ရွေးချယ်လိုက်ပါတယ်။ ၆ ခုမြောက် မျိုးဆက်အဖြစ် မိတ်ဆက်လာခဲ့တဲ့ iPad Mini 6 ဟာ သုံးစွဲသူများအကြား အင်မတန်လူကြိုက်များလျက်ရှိပါတယ်။ ၈ လက်မအရွယ်အစားသာရှိတဲ့ မျက်နှာပြင်၊ ကျစ်လစ်လှပတဲ့ ဒီဇိုင်းပုံစံနဲ့ Apple ရဲ့ နောက်ဆုံးထွက် A15 bionic chip နဲ့ မောင်းနှင်ပေးထားမှုတွေက အကောင်းဆုံး တက်ဘလက်တစ်လုံးအဖြစ် ရပ်တည်နိုင်စေနိုင်ခဲ့တာဖြစ်ပါတယ်။
 
နောက်ထပ် အကောင်းဆုံး တက်ဘလက်တစ်လုံးကတော့ Apple ကပဲ ထုတ်လုပ်ထားတဲ့ iPad Pro 12.9 (2021) ဖြစ်ပါတယ်။ကြီးမားတဲ့ ၁၂.၉ လက်မ မျက်နှာပြင်၊ 4K အရည်အသွေး ဗီဒီယိုများ ထုတ်လုပ်ပေးနိုင်မှု၊ 1TB အထိ သိမ်းဆည်းနိုင်မှုပါဝင်လာတာနဲ့ မမ်မိုရီပမာဏ 16GB တို့ ပါဝင်လာမှုက စွမ်းဆောင်ရည်မြင့်မားတဲ့ တက်ဘလက်တစ်လုံးဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် ပါးလွှာတဲ့ ကိုယ်ထည်ဒီဇိုင်း၊ Apple ရဲ့ M1 chipset မောင်းနှင်မှုနဲ့ 5G ကွန်ယက် ချိတ်ဆက်မှုတို့ကြောင့်လည်း လူကြိုက်များတဲ့ တက်ဘလက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
 
Apple ရဲ့ iPad တွေဟာ ကောင်းမွန်တယ်ဆိုပေမယ့် Android တက်ဘလက်တွေကိုလည်း ကျနော်တို့ပစ်ပယ်ထားလို့ မရပါဘူး။ Android တက်ဘလက်တွေမှာတော့ Samsung ရဲ့ တက်ဘလက်တွေက ဈေးကွက်ကို ကြီးစိုးထားတာမြင်တွေ့ရပါတယ်။ဒါပေမယ့် တရုတ်နည်းပညာကုမ္ပဏီကြီးတွေမှ ထုတ်လုပ်တဲ့ တက်ဘလက်တွေဟာလည်း ယခုနောက်ပိုင်းမှာ နည်းပညာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လာခဲ့ပြီးနောက် လူကြိုက်များလာခဲ့ပါတယ်။
 
ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung မှ ထုတ်လုပ်တဲ့ တက်ဘလက်တွေထဲမှာတော့ Samsung Galaxy Tab S7+ က စွမ်းဆောင်ရည်ကောင်းမွန်ပြီး လူကြိုက်များလျက်ရှိပါတယ်။ကြီးမားတဲ့ ၁၂.၄ လက်မ AMOLED မျက်နှာပြင်၊ ထိတွေ့အသုံးပြုရာမှာ အလွန်မြန်ဆန်ချောမွေ့တဲ့ 120Hz refresh rate မျက်နှာပြင်နည်းပညာနဲ့ S Pen ပါဝင်မှုတွေက အကောင်းဆုံး တက်လက်တစ်လုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
 
Samsung Galaxy Tab S7+ က အကောင်းဆုံး တက်ဘလက်အဖြစ် ရပ်တည်ခဲ့သလိုပဲ ၎င်းထက် ဈေးနှုန်းပိုမိုသက်သာတဲ့ Samsung Galaxy Tab S7 FE ကိုလည်း သုံးစွဲသူတွေ အကြိုက်တွေ့ခဲ့ကြပါသေးတယ်။ ၁၂.၄ လက်မ မျက်နှာပြင်ဆိုပေမယ့် AMOLED မျက်နှာပြင် မဟုတ်တော့ဘဲ TFT LCD မျက်နှာပြင်ကို အသုံးပေးထားတာဖြစ်ပါတယ်။ Samsung Galaxy Tab S7+ ထက် စွမ်းဆောင်ရည်နိမ့်ကျတယ်ဆိုပေမယ့် ဈေးနှုန်းပိုမိုသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ တက်ဘလက်ဖြစ်တာကြောင့် အကောင်းဆုံး တက်ဘလက်တစ်လုံးအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။
 
အချိန်တိုအတွင်း အောင်မြင်လာခဲ့တဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကလည်း ၂၀၂၁ ခုနှစ်မှာ Xiaomi Pad 5 ကို မိတ်ဆက်ခဲ့ပါတယ်။အလူမီနီယံကိုယ်ထည်နဲ့ တည်ဆောက်ထားမှုနဲ့  စွမ်းဆောင်ရည်ကောင်းမွန်မှုတွေက Xiaomi Pad 5 ကို အောင်မြင်မှုရရှိစေခဲ့ပါတယ်။ Xiaomi Pad 5 ဟာ ၁၁ လက်မ အရွယ်အစားရှိ 120Hz refresh rate နည်းပညာပါဝင်တဲ့ မျက်နှာပြင်၊ စွမ်းဆောင်ရည်မြင့်မားတဲ့ Snapdragon 860 chipset နဲ့ အသံကောင်းမွန်တဲ့ စပီကာ‌တို့ကြောင့် အကောင်းဆုံး တက်ဘလက်တစ်လုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
 
Xiaomi ကဲ့သို့ပဲ အချိန်တိုအတွင်း အောင်မြင်လာခဲ့တဲ့ Realme ရဲ့ ပထမဆုံးထုတ်လုပ်တဲ့ တက်ဘလက်ကလည်း အကောင်းဆုံး တက်ဘလက်တစ်လုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ပါးလွှာပေါ့ပါးတဲ့ဒီဇိုင်း၊ ၁၀.၄ လက်မ မျက်နှာပြင်၊ microSD card ထည့်သွင်းနိုင်မှုနဲ့ ဈေးနှုန်းချိုသာမှုတွေက အကောင်းဆုံး တက်ဘလက်စာရင်းကို ဝင်ရောက်နိုင်ခဲ့ပါတယ်။
 
Huawei ရဲ့ Huawei MatePad Pro 12.6 ကလည်း အကောင်းဆုံး တက်ဘလက်စာရင်းဝင်ခဲ့ပြီး၊ သုံးစွဲသူကို HarmonyOS ရဲ့ ကမ္ဘာသစ်ဆီကို ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ကြီးမားတဲ့ ၁၂.၉ လက်မ မျက်နှာပြင်၊ M-Pen stylus ပါဝင်မှုနဲ့ 10,090mAh ပမာဏပါဝင်တဲ့ ဘက်ထရီတို့က လူကြိုက်များစေခဲ့တာဖြစ်ပါတယ်။
 
Lenovo မှ ထုတ်လုပ်တဲ့ Lenovo Yoga Tab 13 ကတော့ တက်ဘလက်လိုတစ်မျိုး၊ မော်နီတာလိုတစ်မျိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။အလွန်ကြီးမားတဲ့ ၁၃ လက်မ မျက်နှာပြင်က လူကြိုက်များစေခဲ့တာဖြစ်ပြီး၊ Snapdragon 870 chipset က တက်ဘလက်ကို စွမ်းဆောင်ရည်ကောင်းမွန်စေမှာဖြစ်ပါတယ်။ဒါ့အပြင် ဘက်ထရီပမာဏ 10,200mAh ကလည်း မော်နီတာအဖြစ် အသုံးပြုမည်ဆိုပါက ၈ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 
ယခုဖော်ပြပေးလိုက်တဲ့ တက်ဘလက်တွေက ၂၀၂၁ ခုနှစ်အတွင်းမှာ အကောင်းဆုံးစာရင်းဝင် တက်ဘလက်တွေဖြစ်ခဲ့ပြီး၊ လက်ရှိအချိန်မှာ ရောင်းအားကောင်းမွန်လျက်ရှိနေတာဖြစ်ပါတယ်။
 
Damien
ဒီဇင်ဘာ - ၃၁