【 နည်းပညာ 】 Android ဗားရှင်း အဟောင်းနှင့် စမတ်ထုတ်ကုန်များ Google accounts ဝင်လို့ရတော့မည်မဟုတ်

【 နည်းပညာ 】 Android ဗားရှင်း အဟောင်းနှင့် စမတ်ထုတ်ကုန်များ Google accounts ဝင်လို့ရတော့မည်မဟုတ်

Android OS ဗားရှင်းအဟောင်းများနဲ့ မောင်းနှင်ထားတဲ့ စမတ်ထုတ်ကုန်များမှာ Google accounts များ ဝင်ရောက်လို့ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါဟာ စမတ်ပစ္စည်းတွေကို ဗားရှင်းအဆင့်မြှင့်တင်ရန်လိုအပ်မှာဖြစ်ပြီး အထူးသဖြင့် Android OS ကို ဖန်တီးသူ Google ဘက်က အိုဟောင်းနေတဲ့ ဗားရှင်းများကို ဖျက်သိမ်းသွားဖို့ ခြေလှမ်းအစလည်းဖြစ်ပါတယ်။

အလွန်ကြာမြင့်ပြီဖြစ်တဲ့ Android 2.3 (သို့မဟုတ်) Gingerbread လို့ အမည်ရတဲ့ Android ‌ဗားရှင်းဟာ ဈေးကွက်အတွင်း အလွန်အသုံးများခဲ့သော ဗားရှင်းဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ Google အနေနဲ့ Android 12 ကို စမ်းသပ်ဗားရှင်း ထုတ်ထားပေးပြီးဖြစ်ပါတယ်။

Google ဘက်ကတော့ ပိုမိုလုံခြုံမှုရှိစေရန်အတွက် အိုဟောင်းနေပြီဖြစ်သော Android 2.3.7 နဲ့ ၎င်းထက်ပိုမိုနိမ့်သော Android ဗားရှင်းများနှင့် မောင်းနှင်ထားသော စမတ်ဖုန်းတွေနဲ့ စမတ်တက်ဘလက်တွေမှာ Google accounts များကို လက်မှတ်ထိုးဝင်ရောက်နိုင်မှာမဟုတ်တော့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။သုံးစွဲသူများရဲ့ Google accounts တွေ လုံခြုံမှုရှိဖို့အတွက်နဲ့ အိုဟောင်းနေတဲ့ Android ဗားရှင်းတွေဟာ လုံခြုံမှုအတွက် အားနည်းချက်များရှိနေတယ်လို့ Google မှ ရှင်းပြခဲ့ပါတယ်။

ဒီလိုပြောင်းလဲမှုဟာ Google accounts များသာ Android ‌ဗားရှင်းအဟောင်းများမှာ ဝင်ရောက်လို့ရမှာမဟုတ်ပဲ Gmail, YouTube နဲ့ Google play services တို့လို Google ဝန်ဆောင်မှုတွေကိုလည်း အသုံးပြုနိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

Google ကုမ္ပဏီကတော့ အိုဟောင်းနေပြီဖြစ်သော Android ဗားရှင်းများကို ဖြတ်တောက်ပြီး ပိုမိုလုံခြုံမှုရှိသော အဆင်မြှင့်တင်မှုများနဲ့ Android ဗားရှင်းအသစ်များကို အသုံးပြုကြရန် တိုက်တွန်းထားပါတယ်။

Damien
ဩဂုတ် - ၂