【 နည်းပညာ 】 Android OS ဗားရှင်း အဆင့်မြှင့်တင်နိုင်မယ့် စမတ်ဖုန်းများကို LG ထုတ်ပြန်

【 နည်းပညာ 】 Android OS ဗားရှင်း အဆင့်မြှင့်တင်နိုင်မယ့် စမတ်ဖုန်းများကို LG ထုတ်ပြန်

ကိုရီးယားနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ LG ဟာ စမတ်ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့် LG ကုမ္ပဏီဘက်က ၎င်းထုတ်လုပ်ထားခဲ့တဲ့ စမတ်ဖုန်းများအတွက် Android OS ဗားရှင်း အဆင့်မြှင့်တင်မှုကို ၃ နှစ် ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုခဲ့ပြီး အဆင့်မြှင့်တင်နိုင်မယ့် စမတ်ဖုန်းများ စာရင်းကိုလည်း ထုတ်ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

Android OS ဗားရှင်း အဆင့်မြှင့်တင်နိုင်မယ့် စမတ်ဖုန်းစာရင်းကိုတော့ LG ကုမ္ပဏီရဲ့ တရားဝင်ဝဘ်ဆိုက်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျာမဏီ ဝဘ်ဆိုက်တို့မှာ ထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။အဆိုပါစာရင်းမှာ Android 12 နဲ့ 13 ဗားရှင်းတို့အထိ အဆင့်မြှင့်တင်နိုင်မယ့် စမတ်ဖုန်းတွေပါဝင်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

LG ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ LG Wing, LG Velvet (5G), LG Velvet (LTE) စမတ်ဖုန်း မော်ဒယ်လ်သုံးမျိုးဟာ မကြာခင်ထွက်ရှိတော့မယ့် Android 12 ကို အဆင့်မြှင့်တင်နိုင်ရုံသာမကပဲ Android 13 အထိပါ အဆင့်မြှင့်တင်နိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။ LG V50S, LG V50, LG G8, LG Q31, LG Q52 နဲ့ LG Q92 5G စမတ်ဖုန်းမော်ဒယ်လ်တွေကတော့ Android 12 ကိုတော့ အဆင့်မြှင့်တင်နိုင်မှာဖြစ်ပြီး Android 13 အဆင့်မြှင့်တင်ဖို့တော့ အကျုံးမဝင်တော့ဘူးလို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

LG ကုမ္ပဏီဘက်ကတော့ Android OS ဗားရှင်း အဆင့်မြှင့်တင်မှုကို ၃ နှစ်အထိသာ ကတိပြုထားတာဖြစ်ပြီး ၃ နှစ်ကုန်လွန်ပြီးချိန် နှစ်များကြာမြင့်လာရင်တော့ LG စမတ်ဖုန်းတွေဟာ စမတ်ဖုန်းဈေးကွက်အတွင်းကနေ ကွယ်ပျောက်သွားတော့မှာဖြစ်ပါတယ်။

Damien
စက်တင်ဘာ - ၆