【 နည်းပညာ 】 Apple ရဲ့ Ceramic shield ဆိုတာ ဘယ်လိုတည်ဆောက်ထားသလဲ

【 နည်းပညာ 】 Apple ရဲ့ Ceramic shield ဆိုတာ ဘယ်လိုတည်ဆောက်ထားသလဲ

Apple ရဲ့ iPhone ထုတ်ကုန်တွေဟာ အလွန်ဈေးကြီးပြီး ပျက်စီးလွယ်တဲ့ gadget တွေ ဖြစ်ပေမယ့်လည်း နောက်ပိုင်း iPhone မော်ဒယ်လ်သစ်တွေမှာ Apple ကုမ္ပဏီဘက်က Ceramic shield လို့ အမည်ရတဲ့ စမတ်ဖုန်းရဲ့ မျက်နှာပြင်နဲ့ ကိုယ်ထည်ကို ကာကွယ်ပေးတဲ့ စွမ်း‌ဆောင်ရည်ကို ထည့်သွင်းပေးလာခဲ့ပါတယ်။

Android စမတ်ဖုန်းတွေမှာလည်း Gorilla glass ဆိုတဲ့ စမတ်ဖုန်းမျက်နှာပြင် ကာကွယ်ရေး စွမ်းဆောင်ရည်ပါဝင်ပြီး Apple ရဲ့ Ceramic shield နဲ့ Gorilla glass တို့မှာ ဘယ်အရာက ပိုမိုအကြမ်းခံသလဲဆိုတာကို ယခုနည်းပညာကဏ္ဍမှာ ဖော်ပြပေးချင်ပါတယ်။

Ceramic shield နဲ့ Gorilla glass ကာကွယ်ရေး စွမ်းဆောင်ရည် နှစ်ခုစလုံးကို Corning အမည်ရ နည်းပညာကုမ္ပဏီကနေ ဖန်တီးလုပ်ဆောင်ထားတာဖြစ်ပါတယ်။ Ceramic shield စွမ်းဆောင်ရည်ကို Corning ကုမ္ပဏီမှ မျက်နှာပြင်မှန်ပြားထဲကို ceramic nanocrystals များ ပေါင်းစပ်ပြီး မြင့်မားတဲ့အပူချိန်မှာ ပုံဆောင်ခဲဖြစ်စဉ်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ဒါ့အပြင် Ceramic shield ဟာ dual ion-exchange နည်းပညာကိုလည်း အသုံးပြုပြီး ion များရဲ့ အရွယ်အစားကို တိုးမြင့်စေသည့်အတွက် ပိုမိုအကြမ်းခံလာမှာဖြစ်ပါတယ်။နည်းပညာ ၂ ခုကို ပေါင်းစပ်ပြီးနောက်မှာ အဖုအထစ်များနဲ့ ခြစ်ရာများကို ပိုမိုခံနိုင်ရည်ရှိတဲ့ မျက်နှာပြင်မှန်ကို ရရှိလာပြီဖြစ်ပြီး၊ ပြုတ်ကျကွဲအက်ခဲ့ရင်တောင်မှ မျက်နှာပြင်မှန်ဟာ အသုံးပြုလို့ရနိုင်သေးတာကို iPhone တွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Apple မှာ အသုံးပြုထားတဲ့ Ceramic shield စွမ်းဆောင်ရည်နဲ့ အခြားသော Android စမတ်ဖုန်းများက Gorilla glass ကို ဘယ်စွမ်းဆောင်ရည်က ပိုအကြမ်းခံသလဲ မေးခွန်းကိုတော့ Apple ဘက်က ၎င်းရဲ့ iPhone တွေမှာ အသုံးပြုထားတဲ့ Ceramic shield စွမ်း‌ဆောင်ရည်ဟာ အခြားသော စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်တွေထက် ပိုအကြမ်းခံတယ်လို့ ဆိုထားပါတယ်။ဒါပေမယ့် အကြမ်းခံမျက်နှာပြင် စွမ်းဆောင်ရည် ၂ ခုစလုံးကို Corning ကုမ္ပဏီကသာ ဖန်တီးထားတာဖြစ်တဲ့အတွက် ကွာဟချက် အလွန်ကြီးမားဖွယ်တော့ရှိမှာမဟုတ်ပါဘူး။ဒါ့အပြင် Gorilla glass ထက် ပိုမိုအကြမ်းခံတဲ့ Gorilla glass victus ကိုလည်း Corning ကုမ္ပဏီက ထုတ်လုပ်ထားပါသေးတယ်။

Gorilla glass victus စွမ်းဆောင်ရည်ဟာ ၂ မီတာ အမြင့်ကနေ ပြုတ်ကျတဲ့ဒဏ်ကို ကာကွယ်ပေးနိုင်တယ်လို့ Corning ကုမ္ပဏီက ဆိုထားတဲ့အတွက် Apple ရဲ့ iPhone တွေမှာ အသုံးပြုထားတဲ့ Ceramic shield စွမ်း‌ဆောင်ရည်ဟာလည်း အလားတူအမြင့်ကနေ ပြုတ်ကျခြင်းကို ခံနိုင်ရည်ရှိမယ်လို့ ယူဆရပါတယ်။

Apple ကုမ္ပဏီမှ Ceramic shield စွမ်းဆောင်ရည်ကို iPhone 12 series နဲ့ iPhone 13 series တို့မှာ ထည့်သွင်းပေးထားပါတယ်။

Damien
နိုဝင်ဘာ - ၁