【 နည်းပညာ 】 Facebook ရဲ့ မျက်နှာသိမှတ်နည်းပညာကို ဖျက်သိမ်းတော့မည်

【 နည်းပညာ 】 Facebook ရဲ့ မျက်နှာသိမှတ်နည်းပညာကို ဖျက်သိမ်းတော့မည်

ကမ္ဘာကျော် လူမှုကွန်ယက် facebook ရဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်တဲ့ မျက်နှာသိမှတ်နည်းပညာဟာ အချို့သော facebook အသုံးပြုသူအများအပြားရဲ့ အဆင်မပြေကြောင်း တင်ပြမှုတွေကြောင့် ဖျက်သိမ်းတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Facebook ရဲ့ မျက်နှာသိမှတ်နည်းပညာဟာ လူမှုကွန်ယက်တွင် ဓာတ်ပုံများတင်ရာ၌ ဓာတ်ပုံများထဲတွင်ပါဝင်သော အခြားသူများကို မိမိဓာတ်ပုံတွင်ပါဝင်ကြောင်း သိရှိစေရန် (tag) လုပ်ရန် ပိုမိုလွယ်ကူစေရန်အတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းက မျက်နှာများကို ခွဲခြားသိရှိနိုင်စေတဲ့ လုပ်‌ဆောင်ချက်ဖြစ်ပါတယ်။

မျက်နှာသိမှတ်နည်းပညာ (facial recognition) စနစ်ကြောင့် အဆင်မပြေသူများအတွက် အဆိုပါစနစ်ကို ဖယ်ရှားမည်‌ဖြစ်ကြောင်း facebook လူမှုကွန်ယက်ရဲ့ မိခင်ကုမ္ပဏီ Meta မှ တရားဝင်ကြေညာခဲ့ပြီး၊ ၎င်းစနစ်နဲ့ ဆက်စပ်နေသော မျက်နှာမှတ်သားမှု ဒေတာအချက်အလက်အားလုံးကိုလည်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာပေးခဲ့ပါတယ်။

Meta ကုမ္ပဏီမှ "လူ့အဖွဲ့အစည်းမှာ မျက်နှာသိမှတ်နည်းပညာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများစွာရှိနေပါတယ်၊ စည်းမျဉ်း စည်းကမ်းကို စနစ်တကျထိန်းချုပ်ပေမယ့်လည်း မသေချာမရေရာမှုတွေက ဆက်လက်ဖြစ်ပေါ်နေပြီး၊ မျက်နှာသိမှတ်နည်းပညာ အသုံးပြုမှုကို ကန့်သတ်လိုက်ခြင်းက သင့်လျော်သည်ဟု ကျနော်တို့ယုံကြည်ပါတယ်" ဟု ကြေညာခဲ့ပါတယ်။

Meta ကုမ္ပဏီဟာ မျက်နှာသိမှတ်နည်းပညာ (facial recognition) ရဲ့ အလားအလာနဲ့ အကျိုးကျေးဇူးများကို ယုံကြည်နေဆဲဖြစ်ပေမယ့်လည်း "မှန်ကန်သော ချိန်ခွင်လျှာ" ကို ရှာမတွေ့မချင်း facebook လူမှုကွန်ယက်တွင် မျက်နှာသိမှတ်နည်းပညာကို ဆက်လက်အသုံးပြုဖွယ်မရှိကြောင်း ယူဆရပါတယ်။

"နည်းပညာအသစ်တိုင်းဟာ အကျိုးအမြတ်နဲ့ စိုးရိမ်ပူပန်မှု နှစ်ခုလုံးကို သယ်ဆောင်လာလေ့ရှိပြီး၊ မှန်ကန်မျှတမှုကိုရှာဖွေဖို့ လိုအပ်ပါတယ်၊ မျက်နှာသိမှတ်နည်းပညာဟာလည်း လူ့အဖွဲ့အစည်းအတွင်း ၎င်းနည်းပညာရဲ့ ရေရှည်အခန်းကဏ္ဍကို ပွင့်လင်းမြင်သာစွာ အခြေအတင်ဆွေးနွေးရန် လိုအပ်နေပြီး အဆိုပါနည်းပညာကြောင့် လက်ရှိမှာ ထိခိုက်မှုများရှိနိုင်ပါတယ်" လို့ Meta ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Damien
နိုဝင်ဘာ - ၃