【 နည်းပညာ 】 Google မှ စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုးကို ထုတ်လုပ်မှုရပ်ဆိုင်းတော့မည်

【 နည်းပညာ 】 Google မှ စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုးကို ထုတ်လုပ်မှုရပ်ဆိုင်းတော့မည်

Google ကုမ္ပဏီကတော့ Pixel 6 series စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုရမှာပါ။

စမတ်ဖုန်းမော်ဒယ်လ်သစ်တွေကို မိတ်ဆက်တော့မှာဖြစ်တဲ့အတွက် ယခင် စမတ်ဖုန်းမော်ဒယ်လ်ဟောင်းတွေကိုထုတ်လုပ်မှု ရပ်တန့်တော့မှာဖြစ်ကြောင်း Google ကုမ္ပဏီက အတည်ပြုလိုက်တယ်လို့လည်း သိရပါတယ်။

Google ကုမ္ပဏီဘက်က ယခင် စမတ်ဖုန်းမော်ဒယ်လ်ဟောင်းတွေထုတ်လုပ်မှုကို အဆုံးသတ်‌တော့မှာဖြစ်ပါတယ်။ Pixel 6 series စမတ်ဖုန်းသစ်တွေကို လာမယ့်ရက်သတ္တပတ်တွေအတွင်း မိတ်ဆက်သွားတော့မှာဖြစ်တဲ့အတွက် ယခင် စမတ်ဖုန်းမော်ဒယ်လ်ဟောင်းတွေထုတ်လုပ်မှုကို ရပ်တန့်ခြင်းဖြစ်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

Google ကုမ္ပဏီရဲ့ ထုတ်လုပ်မှုရပ်ဆိုင်းသွားမယ့် စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုးကတော့ Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းတွေဖြစ်တယ်လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူက Digital Trends ကို အတည်ပြုခဲ့ကြောင်း သိရပါတယ်။ Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုးကို ဈေးကွက်အတွင်း လက်ကျန်ရှိသေးတဲ့ပမာဏကိုတော့ ဆက်လက်ရောင်းချပေးသွားမှာဖြစ်ပြီး ဆက်လက်ထုတ်လုပ်ဖို့တော့မရှိတော့ဘူးလို့ ဆိုပါတယ်။ဒါ့အပြင် Pixel 4a 5G နဲ့ Pixel 5 တို့ဟာ အမေရိကန် ဈေးကွက်အတွင်းမှာတော့ ပစ္စည်းပြတ်လပ်သွားပြီဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ ခန့်မှန်းချက်များအရ အမေရိကန်မှာရှိတဲ့ Google Store မှာ Pixel 5a 5G ကို မိတ်ဆက်ပြီးနောက် မကြာမီရက်သတ္တပတ်အတွင်းမှာ Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုး ရောင်းကုန်သွားမယ်လို့ မျှော်လင့်ထားပါတယ်၊ အသစ်မိတ်ဆက်ထားတဲ့ Pixel 5a 5G စမတ်ဖုန်းသစ်ဟာ ဝယ်ယူသူများအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်လာဖို့ရှိနေပြီး၊ Pixel 4a 5G ထက် ပိုမိုကောင်းမွန်ပြီး ပိုဈေးသက်သာပါတယ်" လို့ Google ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။

မကြာတော့မယ့် ရက်သတ္တပတ်တွေမှာ Pixel 6 series ကတော့ ဒီဇိုင်းအသစ်၊ Google ကိုယ်ပိုင် chipset တို့နဲ့အတူ အမိုက်စား ကင်မရာစွမ်းဆောင်ရည်တွေနဲ့ ပွဲထွက်လာဖို့ရှိနေပါတယ်။

Damien
ဩဂုတ် - ၂၂