【 နည်းပညာ 】 iPhone ကဲ့သို့ မျက်နှာပြင်ပေါ် အကွက်ငယ်ထည့်သွင်းထားဖွယ်ရှိတဲ့ MacBook Pro မော်ဒယ်လ်သစ်များ

【 နည်းပညာ 】 iPhone ကဲ့သို့ မျက်နှာပြင်ပေါ် အကွက်ငယ်ထည့်သွင်းထားဖွယ်ရှိတဲ့ MacBook Pro မော်ဒယ်လ်သစ်များ

Apple ရဲ့ အသစ်မိတ်ဆက်သွားမယ့် MacBook Pro ကွန်ပျူတာမော်ဒယ်လ်သစ်တွေမှာ ဒီဇိုင်းပုံစံကို ဆန်းသစ်လာဖွယ်ရှိတယ်လို့ သတင်းများ ပေါက်ကြားလာခဲ့ပါတယ်။
 
သတင်းတွေအရ ယခု အောက်တိုဘာလအတွင်းမှာပဲ ၁၄ လက်မနဲ့ ၁၆ လက်မ အရွယ်အစားတွေရှိတဲ့ MacBook Pro ကွန်ပျူတာမော်ဒယ်လ်သစ်တွေကို Apple မှ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။
 
Apple ရဲ့ ကွန်ပျူတာမော်ဒယ်လ်သစ်တွေနဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်မှုတွေအရတော့ MacBook Pro မော်ဒယ်လ်တွေမှာ 1000 nits အထိ အလင်းအားကို မြှင့်တင်တောက်ပနိုင်မယ့် mini-LED မျက်နှာပြင်တွေကို အသုံးပြုသွားမယ်လို့ သိရပြီး၊ အသုံးပြုရတာ မြန်ဆန်ချောမွေ့မယ့် 120Hz refresh rate မျက်နှာပြင်နည်းပညာကိုလည်း ထည့်သွင်းထားဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြထားပါတယ်။
 
MacBook Pro ကွန်ပျူတာမော်ဒယ်လ်သစ်တွေနဲ့ပတ်သက်ပြီး ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းကတော့ iPhone များကဲ့သို့ MacBook Pro မော်ဒယ်လ်သစ်တွေမှာ notch (ရှေ့ဘက် ကင်မရာနှင့် အာရုံခံကိရိယာတွေ ထည့်ထားသော အကွက်ငယ်) ပါဝင်လာဖွယ်ရှိတယ်ဆိုတာပါပဲ။ကွန်ပျူတာမျက်နှာပြင်ရဲ့ ဘေးဘောင်တွေဟာလည်း အလွန်တရာကို ပါးလွှာသွားမှာဖြစ်ပြီး notch အကွက်ငယ်ထဲမှာတော့ 1080p ကင်မရာ၊ True Tone အာရုံခံကိရိယာ၊ Face ID မျက်နှာသိမှတ်နည်းပညာနဲ့ Microphone တို့ကို ထည့်သွင်းထားဖွယ်ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
 
သတင်းတွေအရတော့ Apple မှ မနက်ဖြန် အောက်တိုဘာ ၁၈ ရက်နေ့မှာ ကျင်းပမယ့် Unleashed event မှာ MacBook Pro ကွန်ပျူတာမော်ဒယ်လ်သစ်တွေကို မိတ်ဆက်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။
 
Damien
အောက်တိုဘာ - ၁၇