【 နည်းပညာ 】 iPhone ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ယူဆောင်လာပေးမယ့် Apple

【 နည်းပညာ 】 iPhone ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ယူဆောင်လာပေးမယ့် Apple

Apple ကုမ္ပဏီရဲ့ iPhone 14 series စမတ်ဖုန်းတွေကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမတိုင်မီအထိ မြင်တွေ့ရဦးမှာ မဟုတ်ပေမယ့် ထိပ်တန်း Apple အတွင်းလူတစ်ဦးကတော့ iPhone 14 series စမတ်ဖုန်းတွေမှာ ဘယ်လိုအံ့အားသင့်စရာတွေ ပါဝင်လာမည်ကို အတိအကျသိရှိကြောင်း ဆိုပါတယ်။

နှစ်စဉ် စက်တင်ဘာလတိုင်းမှာ Apple ကုမ္ပဏီဘက်က iPhone series စမတ်ဖုန်းမော်ဒယ်လ်အသစ်တွေကို မိတ်ဆက်လေ့ရှိတာလည်းဖြစ်ပါတယ်။

ယမန်နှစ် ၂၀၂၁ ခုနှစ်က iPhone 13 series ဟာ ၂၀၂၀ ထုတ် iPhone တွေနဲ့ များစွာကွဲပြားခြားနားခဲ့ခြင်းမရှိခဲ့ပါဘူး။ဒီအတွက် ယခုနှစ် ၂၀၂၂ ခုနှစ်ထုတ် iPhone 14 series ကိုတော့ Apple ကုမ္ပဏီဘက်က ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ယူဆောင်လာပေးဖို့ရှိနေပါတယ်။

Apple မှ ကျွမ်းကျင်သူနဲ့ ထိပ်တန်းလေ့လာဆန်းစစ်သူ ဂျက်ဖ် ပူ (Jeff Pu) ကတော့ အသစ်ထွက်ရှိလာမယ့် iPhone 14 series အပေါ် ၎င်းရဲ့ မျှော်လင့်ချက်များကို ဖော်ပြခဲ့ပါတယ်။

MacRumors မှာ ဖော်ပြထားတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး မှတ်ချက်တစ်ခု‌မှာတော့ ပူ က iPhone မော်ဒယ်လ်သစ် ၄ မျိုးရှိမယ်ဟု အခိုင်အမာပြောကြားခဲ့ပါတယ်။အဲဒါဟာ ယခင်နှစ်တွေနဲ့ လိုက်လျောညီထွေဖြစ်ပေမယ့် ပုံစံကတော့ အနည်းငယ်ကွဲပြားမှာဖြစ်ပါတယ်လို့ ပူ က ဆိုပါတယ်။

ယမန်နှစ် ၂၀၂၁ ခုနှစ်ထုတ် iPhone 13 series မှာတော့ iPhone 13 Mini, iPhone 13, iPhone 13 Pro နဲ့ ‌iPhonre 13 Pro Max စမတ်ဖုန်းမော်ဒယ်လ်‌ ၄ မျိုးကို မြင်တွေ့ခဲ့ရပြီး၊ ယခုနှစ်မှာတော့ iPhone 14, iPhone 14 Max, iPhone 14 Pro နဲ့ iPhone 14 Pro Max တို့ကို မြင်တွေ့ရဖွယ်ရှိတယ်လို့ ပူ က ဆိုခဲ့ပါသေးတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်မှာ ကွဲပြားမှုအဖြစ် iPhone 14 Max မော်ဒယ်လ်သစ်ကို မြင်တွေ့ရမှာဖြစ်ပြီး iPhone အသုံးပြုသူတွေဟာ ကြီးမားတဲ့ မျက်နှာပြင်ကို ပိုမိုကြိုက်နှစ်သက်ကြတဲ့အတွက် iPhone Mini နေရာမှာ အစားထိုးလာဟန်တူပါတယ်။ဒါ့အပြင် iPhone 14 series စမတ်ဖုန်းမော်ဒယ်လ်သစ် ၄ မျိုးလုံးမှာ 120Hz refresh rate ProMotions မျက်နှာပြင်တွေကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။အဆိုပါမျက်နှာပြင်တွေကြောင့် iPhone 14 series စမတ်ဖုန်းတွေဟာ ပိုမိုချောမွေ့သွက်လက်တဲ့ ထိတွေ့အသုံးပြုမှုကို ခံစားနိုင်မှာဖြစ်ပြီး ဂိမ်းဆော့ရမှာလည်း ပိုမိုမြန်ဆန်လာမှာဖြစ်တယ်လို့ ပူ က ဖော်ပြထားပါတယ်။

iPhone 14 series စမတ်ဖုန်းမော်ဒယ်လ် ၄ မျိုးလုံးမှာ မမ်မိုရီပမာဏ 6GB အထိ ထည့်သွင်းပေးထားပြီး ‌5G ကွန်ရက် ချိတ်ဆက်မှုပါဝင်မှာဖြစ်ကာ၊ စွမ်းဆောင်ရည်မြင့် chips နဲ့ မောင်းနှင်ပေးထားမှာဖြစ်တယ်လို့ ပူ က ဖော်ပြခဲ့ပါတယ်။

Apple ကုမ္ပဏီဘက်ကတော့ iPhone 14 series နဲ့ပတ်သက်ပြီး မည်သည့်အကြောင်းအရာမှ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး၊ ဒါပေမဲ့ ပြောင်းလဲမှု ကြီးကြီးမားမားမရှိခဲ့တဲ့ iPhone 13 series အပြီးမှာ ထွက်ရှိမယ့် iPhone 14 series မှာတော့ သုံးစွဲသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေကို ယူဆောင်လာပေးဖွယ်တော့ရှိနေပါတယ်။

Damien
ဇန်နဝါရီ - ၂၃