【 နည်းပညာ 】 Oppo မှ ဂိမ်းအသားပေးစမတ်ဖုန်း မိတ်ဆက်လာဖွယ်ရှိနေ

【 နည်းပညာ 】 Oppo မှ ဂိမ်းအသားပေးစမတ်ဖုန်း မိတ်ဆက်လာဖွယ်ရှိနေ

Oppo မှ Reno 6 series စမတ်ဖုန်းသစ်တွေကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပြီးပါပြီ။

Reno 6 series ကို မိတ်ဆက်ထားခဲ့ပေမယ့် Oppo ဘက်က Reno 5 series မျိုးဆက် စမတ်ဖုန်းသစ်တစ်လုံးကိုမိတ်ဆက်ဖို့ အစီအစဉ်ရှိနေသေးတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

သတင်းထွက်ပေါ်မှုတွေအရတော့ Reno 5 series မျိုးဆက်သစ် စမတ်ဖုန်းကို လာမယ့်ရက်သတ္တပတ်အတွင်းလောက်မှာ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ Oppo မိတ်ဆက်သွားမယ့် စမတ်ဖုန်းသစ်ဟာ သာမန်စမတ်ဖုန်းမဟုတ်ပဲ ဂိမ်းအသားပေးစမတ်ဖုန်းဖြစ်ဖွယ်ရှိတယ်လို့ EUIPO certification စာရင်းအရ သိရပါတယ်။

ကင်မရာတပ်ဆင်ထားပုံဟာ ယခင်ထွက်ရှိထားတဲ့ Reno 5 series နဲ့ တူညီဖွယ်ရှိနေပြီး၊ ဒီဇိုင်းပိုင်းကတော့ ထူးခြားဆန်းပြားသွားမယ်လို့ သတင်းတွေကဆိုထားပါတယ်။ Reno 5 ဂိမ်းအသားပေးစမတ်ဖုန်းလို့ ဆိုထားတဲ့အတွက် အခြား‌သော ဂိမ်းအသားပေးစမတ်ဖုန်းတွေလို ကိုယ်ထည်မှာ ဂိမ်းခလုတ်တွေ ပါဝင်လာမလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ဘက်ထရီပိုင်းကတော့ ယခင် Reno 5 series တွေထက် ပိုမိုကြီးမားတဲ့ပမာဏ ပါဝင်လာဖွယ်တော့ရှိနေပါတယ်။

Oppo ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Xiaomi နဲ့ Realme တို့ကလည်း တန်ဖိုးသင့် ဂိမ်းအသားပေးစမတ်ဖုန်းတွေ မိတ်ဆက်ထားခဲ့ပြီး အောင်မြင်ခဲ့တဲ့အတွက် Oppo အနေနဲ့လည်း ဂိမ်းအသားပေးစမတ်ဖုန်းစျေးကွက်ထဲ နောက်ကျမကျန်ခဲ့အောင် ကြိုးပမ်းသွားဖွယ်တော့ရှိနေပါတယ်။

Oppo ရဲ့ ထူးခြားတဲ့ Gaming Edition Reno 5 ဂိမ်းအသားပေးစမတ်ဖုန်းအကြောင်းကိုတော့ တိတိကျကျမသိရသေးပဲ Oppo ချစ်သူတွေ အချိန်တစ်ခုစောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Damien
ဇူလိုင် - ၈