【 နည်းပညာ 】 Pokemon Go ဂိမ်းကစားမှုကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ ရဲအရာရှိနှစ်ဦး

【 နည်းပညာ 】 Pokemon Go ဂိမ်းကစားမှုကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ ရဲအရာရှိနှစ်ဦး

Pokemon Go ဟာ ကမ္ဘာတစ်ဝန်း အလွန်လူကြိုက်များခဲ့ပြီး အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

ဂိမ်းရဲ့ပုံစံကတော့ ကစားသူဟာ လက်တွေ့ဘဝမှာ လမ်းလျှောက်ရင်း ပိုကီမွန်အကောင်လေးများကို ရှာဖွေကာ ဖမ်းယူရမှာဖြစ်ပါတယ်။ဒါ့အပြင် ကစားသူများပိုင်ဆိုင်ထားတဲ့ ပိုကီမွန်အကောင်လေးတွေအချင်းချင်း တိုက်ပွဲများ တိုက်ခိုက်နိုင်မှာလည်းဖြစ်ပါတယ်။

ယခုဖော်ပြမယ့်သတင်းကတော့ Pokemon Go ကစားနေခဲ့တာကြောင့် အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ ရဲအရာရှိနှစ်ဦးအကြောင်းပဲဖြစ်ပါတယ်။ Pokemon Go ဂိမ်းကို ကစားနေခဲ့တာကြောင့် ရဲအရာရှိနှစ်ဦးကို အလုပ်ကထုတ်ရလောက်အောင် ပြစ်မှုကြီးမားသွားသလားအမေးရှိရင်တော့ ပြစ်မှုက အလွန်ကြီးမားတယ်လို့ ဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့ ၎င်းရဲအရာရှိနှစ်ဦးဟာ လုယက်မှုတစ်ခုဖြစ်နေချိန်မှာ လျစ်လျူရှုပြီး Pokemon Go ဂိမ်းကိုသာ ဆော့ကစားနေလို့ပဲဖြစ်ပါတယ်။

Pokemon Go ဂိမ်းကစားနေမှုကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ ရဲအရာရှိနှစ်ဦးဟာ Los Angeles Police Department (LAPD) မှ ဖြစ်ပါတယ်။တရားရုံးမှ ထုတ်ပြန်တဲ့ စာရွက်စာတန်းတွေအရတော့ လုယက်မှုတစ်ခုဖြစ်နေချိန် လျစ်လျူရှုပြီး ဂိမ်းကိုသာ ဆော့ကစားနေတဲ့အတွက် ထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။

ယခုအဖြစ်အပျက်ကို ရဲကားအတွင်းရှိ မှတ်တမ်းဗီဒီယိုကို ပြန်လည်စစ်ဆေးရာမှာတော့ ၎င်းတို့နှစ်ဦးဟာ ‌လူယက်မှုဖြစ်စဉ်အတွက် ရေဒီယိုခေါ်ဆိုမှုကို ကြားသိခဲ့ရပေမယ့် သွားရောက်ကူညီရမယ့်အစား အကူအညီခေါ်ဆိုမှုကို လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လူယက်မှုအကူအညီတောင်းတဲ့အချိန်ဟာ ၎င်းရဲအရာရှိနှစ်ဦးအနေနဲ့ ရှားပါးတဲ့ ပိုကီ‌မွန်အကောင်တွေကို ဖမ်းယူနေချိန်ဖြစ်ပြီး၊ မှတ်တမ်းဗီဒီယိုထဲမှာတော့ တစ်ဦးက "ငါမိပြီကွ" ဟု ဆိုခဲ့ပြီး၊ နောက်တစ်ဦးကတော့ "မပြေးနဲ့၊ မပြေးနဲ့" လို့ ပြောဆိုခဲ့ပြီးနောက် "ဒီနေ့တော့ ပိုကီမွန်အသစ်တစ်ကောင် ငါရတယ်" လို့ ထပ်မံပြောကြားခဲ့ဝာာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယခုဖြစ်ရပ်ဟာ လူသားများအနေနဲ့ ၎င်းတို့ရဲ့ လက်တွေ့ကမ္ဘာမှ တာဝန်များကို ပျက်ကွက်ပြီး၊ ‌လက်တွေ့ကမ္ဘာနဲ့တူညီအောင် တုပထုတ်လုပ်ထားတဲ့ ဂိမ်းများအပေါ်မှာ အချိန်ကုန်နေတာကိုလည်း ပြသလိုက်တဲ့ နမူနာတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။

Damien
ဇန်နဝါရီ - ၁၂