【 နည်းပညာ 】 Qualcomm နဲ့ Asus ပေါင်းစပ်ထားတဲ့ စမတ်ဖုန်း

【 နည်းပညာ 】 Qualcomm နဲ့ Asus ပေါင်းစပ်ထားတဲ့ စမတ်ဖုန်း

Qualcomm ဆိုတာနဲ့ ကျနော်တို့ နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေမှာ မောင်းနှင်ပေးထားတဲ့ Snapdragon chips တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးအဖြစ် သိကြမှာပါ။

ယခုတော့ Qualcomm ဟာ နည်းပညာကုမ္ပဏီကြီး Asus နဲ့ ပူးပေါင်းပြီး စမတ်ဖုန်းသစ်တစ်လုံးကို မိတ်ဆက်ပြသခဲ့တယ်လို့ သိရပါတယ်။

"Smartphone for Snapdragon Insiders" လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းသစ်မှာ ဘယ်လိုမျိုးစွမ်းဆောင်ရည်တွေ ပါဝင်လာသလဲဆိုရင်တော့ မျက်နှာပြင်ပိုင်းမှာ ၆.၇၈ လက်မ အရွယ်အစားရှိတဲ့ Samsung ရဲ့ AMOLED မျက်နှာပြင်ကို အသုံးပြုပေးထားပြီး 144Hz refresh rate နည်းပညာကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထွက် chipset ဖြစ်တဲ့ Snapdragon 888 နဲ့ မောင်းနှင်ပေးထားပြီး၊ မမ်မိုရီပမာဏ 16GB အထိ ပါဝင်ကာ၊ သိမ်းဆည်းနိုင်မှုကို 512GB အထိ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပြီး၊ Qualcomm Quick Charge 5.0 အားသွင်းစနစ်က ၁၀၀ ရာခိုင်နှုန်း ဘက်ထရီအပြည့်ကို မိနစ် ၅၀ အတွင်း သွင်းယူနိုင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့ 64MP အဓိက ကင်မရာ၊ မြင်ကွင်းကျယ်ရိုက်ကူးရန် 12MP ultrawide နဲ့ အဝေးရိုက်ကူးရန် 8MP telephoto ကင်မရာသုံးလုံးကို ပေါင်းစပ်တပ်ဆင်ပေးထားပါတယ်။ရှေ့ဘက် ကင်မရာကတော့ 24MP ဖြစ်ပါတယ်။

လက်ဗွေဖတ်ကိရိယာကိုတော့ စမတ်ဖုန်းနောက်ဘက်မှာပဲ တပ်ဆင်ပေးထားပြီး၊ Qualcomm ရဲ့ ဒုတိယမျိုးဆက် 3D Sonic Sensor ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ Snapdragon စမတ်ဖုန်းဟာ Qualcomm ရဲ့ Snapdragon Sound အသံစနစ်ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းလည်းဖြစ်လာခဲ့ပြီး စမတ်ဖုန်းနဲ့အတူ ကြိုးမဲ့နားကြပ်ပါ တစ်ပါတည်းပါဝင်လာမယ်လို့ သိရပါတယ်။

Qualcomm ရဲ့ Snapdragon စမတ်ဖုန်းမှာ ထူးခြားမှုကတော့ ဒီဇိုင်းပုံစံပဲဖြစ်ပြီး၊ မျက်နှာပြင်ပေါ်မှာ notch မပါဝင်မှုနဲ့ punch hole မပါဝင်မှုတို့က ယခုခေတ်ပေါ်စမတ်ဖုန်းတွေနဲ့ ဒီဇိုင်းကွဲထွက်နေမှာဖြစ်ပါတယ်။

Qualcomm ရဲ့ "Smartphone for Snapdragon Insiders" စမတ်ဖုန်းဟာ ဈေးမသေးလှပါဘူး။စမတ်ဖုန်းရဲ့ ဈေးနှုန်းကို $1500 သတ်မှတ်ထားပြီး၊ မြန်မာငွေနဲ့ဆို ၂၄ သိန်း‌ကျော် ကျသင့်မှာဖြစ်ပါတယ်။

Damien
ဇူလိုင် - ၁၂