【 နည်းပညာ 】 Samsung မှ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို ကျင်းပသွားမည်

【 နည်းပညာ 】 Samsung မှ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို ကျင်းပသွားမည်

ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung မှ စိတ်လှုပ်ရှားဖွယ် ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို အောက်တိုဘာလအတွင်းမှာ မိတ်ဆက်သွားမယ်လို့ တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။

Galaxy Unpacked Part 2 လို့ အမည်ရတဲ့ မိတ်ဆက်ပွဲကြီးကို Google ကုမ္ပဏီရဲ့ Pixel 6 series စမတ်ဖုန်းသစ်တွေကို မိတ်ဆက််သွားမယ့် တစ်ရက်တည်းမှာပဲ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Samsung ဘက်ကတော့ Galaxy Unpacked Part 2 မိတ်ဆက်ပွဲမှာ မည်သည့်ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားမလဲဆိုတာတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ "နည်းပညာမှတဆင့် မိမိကိုယ်ကိုထုတ်ဖော်ပြသခြင်းအတွက် အတွေ့အကြုံသစ်များဖွင့်လှစ်သွားခြင်း" ကို Galaxy Unpacked Part 2 ပွဲက ဖော်ပြသွားမယ်လို့ Samsung ကုမ္ပဏီဘက်က ဆိုပါတယ်။

Samsung မှ ထုတ်ပြန်တဲ့ ၁၂ စက္ကန့်ကြာမြင့်သော မိတ်ဆက်ဗီဒီယိုမှာတော့ app ပုံရိပ်လေးများကို မြင်တွေ့ရပြီး ဒါဟာ Galaxy Unpacked Part 2 ပွဲအတွင်း ဆော့ဖ်ဝဲလ်နဲ့ပတ်သက်တဲ့ နည်းပညာထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားဖွယ်ရှိတယ်လို့ ယူဆစရာဖြစ်ခဲ့ပါတယ်။နည်းပညာကျွမ်းကျင်သူများဘက်ကတော့ One UI ဗားရှင်းအသစ်နဲ့ Android 12 တို့ကို မိတ်ဆက်သွားမယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

နောက်ထပ် အတည်မပြုနိုင်သေးတဲ့ ကောလာဟလသတင်းတွေအရ Samsung မှ Galaxy Z Flip3 ကွေးညွတ်စမတ်ဖုန်းရဲ့ အရောင်သစ်နဲ့အတူ အိမ်သုံးစမတ်ပစ္စည်းထုတ်ကုန်တွေကိုပါ မိတ်ဆက်သွားဖွယ်ရှိသေးတယ်လို့ သိရပါတယ်။

Galaxy Unpacked Part 2 ပွဲမှာ အားလုံးမျှော်လင့်နေကြတဲ့ Samsung Galaxy S21 FE စမတ်ဖုန်းကို မြင်တွေ့ရမှာ မဟုတ်‌တာတော့ သေချာနေပြီး သတင်းတွေအရတော့ အဆိုပါစမတ်ဖုန်းကို မြင်တွေ့ရဖို့ ဒီဇင်ဘာလအထိ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Samsung ရဲ့ Galaxy Unpacked Part 2 ထုတ်ကုန်သစ် မိတ်ဆက်ပွဲကြီးကို အောက်တိုဘာလ ၂၀ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Damien
အောက်တိုဘာ - ၁၅