【 နည်းပညာ 】 Sony မှ လျှပ်စစ်ကားကို ထုတ်ဖော်ပြသပြီ

【 နည်းပညာ 】 Sony မှ လျှပ်စစ်ကားကို ထုတ်ဖော်ပြသပြီ

ကမ္ဘာကျော် ဂျပန်နည်းပညာကုမ္ပဏီကြီး Sony အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ လျှပ်စစ်ကားဈေးကွက် (EV ဈေးကွက်) ထဲကို ဝင်ရောက်လာဖွယ်ရှိနေပါပြီ။

Sony ကုမ္ပဏီမှ CES သို့ တက်ရောက်လာသူများကို အံ့အားသင့်စေတဲ့ မိတ်ဆက်ပြသမှုအဖြစ် လူ ၇ ဦး စီးနင်းနိုင်တဲ့ လျှပ်စစ်ကားကို ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။

CES နည်းပညာမိတ်ဆက်ပွဲမှာ Sony ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ကန်အီချီရို ယိုရှီဒါမှ လျှပ်စစ်ကား ရှေ့ပြေးပုံစံဖြစ်တဲ့ Vision-S SUV ကို ထုတ်ဖော်ပြသခဲ့ပါတယ်။အဆိုပါထုတ်ဖော်ပြသမှုကြောင့် ယခုနွေဦးရာသီမှာ စတင်လည်ပတ်နေတဲ့ Sony ရဲ့ ကုမ္ပဏီခွဲအသစ်ဖြစ်တဲ့ Sony Mobility ကနေတဆင့် လျှပ်စစ်ကားဈေးကွက် (EV ဈေးကွက်) ထဲကို ဝင်ရောက်လာဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

ကမ္ဘာတဝန်းတွင် လျှပ်စစ်ကားများကို ဝယ်ယူသုံးစွဲမှုများ ပိုမိုမြင့်မားလာတာနဲ့အမျှ လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီများဟာ လျှပ်စစ် SUV ကားများနဲ့ လျှပ်စစ် ထရပ်ကားများကိုလည်း ချဲ့ထွင်ထုတ်လုပ်လာလျက်ရှိပါတယ်။ယခုနောက်ပိုင်း နည်းပညာကုမ္ပဏီကြီးများဖြစ်တဲ့ Apple, Huawei, Samsung နဲ့ Xiaomi တို့ဟာလည်း လျှပ်စစ်ကားဈေးကွက်ကို အာရုံစိုက်လာကြပြီး လျှပ်စစ်ကားများ အပြိုင်အဆိုင်ထုတ်လုပ်သွားရန် စီ‌စဉ်နေကြတာကြောင့် ဂျပန်နည်းပညာကုမ္ပဏီကြီး Sony ကလည်း လျှပ်စစ်ကားဈေးကွက်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

CES 2020 ပွဲမှာ လျှပ်စစ်ကားရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသခဲ့တဲ့ Sony မှ ၎င်းရဲ့ လျှပ်စစ်ကားမှာ ဂိမ်းကစားနိုင်မှု၊ မြင်ကွင်းကျယ် မျက်နှာပြင်နဲ့ နောက်ထိုင်ခုံများတွင်လည်း မျက်နှာပြင်များ တပ်ဆင်ပေးထားပြီး၊ အသံစနစ်ကိုလည်း ကားရဲ့ကိုယ်ထည်ထဲမှာ နစ်မြှုပ်ထည့်သွင်းထားကြောင်းကို ပြောကြားခဲ့ပါတယ်။

Sony ကုမ္ပဏီအနေနဲ့ အလိုလျောက်မောင်းနှင်မှုစနစ်ကို အာရုံစိုက်မှုရှိကြောင်းလည်း ဆိုခဲ့ပါသေးတယ်။

လက်ရှိမှာတော့ Sony ရဲ့ လျှပ်စစ်ကားဟာ ရှေ့ပြေးပုံစံသာရှိနေပါသေးတယ်။ဒါပေမဲ့ လျှပ်စစ်ကား ရှေ့ပြေးပုံစံများဟာ နှစ်အနည်းငယ်အကြာမှာ ဈေးကွက်အတွင်းသို့ ရောက်ရှိလာတဲ့ သာဓကများရှိခဲ့ဖူးတဲ့အတွက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ နည်းပညာကုမ္ပဏီများရဲ့ လျှပ်စစ်ကားများ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချမှုကို မြင်တွေ့ရလာဖွယ်ရှိပါတယ်။

Damien
ဒီဇင်ဘာ - ၅