【 နည်းပညာ 】 Windows 11 အယောင်ဆောင် တိုက်ခိုက်မှု အွန်လိုင်းတွင်ပျံ့နှံ့

【 နည်းပညာ 】 Windows 11 အယောင်ဆောင် တိုက်ခိုက်မှု အွန်လိုင်းတွင်ပျံ့နှံ့

Microsoft ရဲ့ Windows 11 ဟာ လက်ရှိအချိန်မှာ တရားဝင်ထွက်ရှိခြင်း မရှိသေးပါဘူး။

ဒါပေမယ့် Windows 11 ကို ထည့်သွင်းနိုင်မယ်လို့ဆိုထားတဲ့ ဆော့ဖ်ဝဲလ်တွေဟာ အွန်လိုင်းမှာပျံ့နှံ့လျက်ရှိနေပြီး ဒါဟာလှည့်ဖျားတိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုင်ဘာလုံခြုံ‌ရေးကုမ္ပဏီတွေက သတိပေးထားပါတယ်။

ကမ္ဘာကျော် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Kaspersky (ကက်စ်ပါစကီး) ကတော့ Windows 11 installers အတုတွေဟာ အွန်လိုင်းမှာပျံ့နှံ့လျက်ရှိနေပြီး အဆိုပါ Windows 11 ကို မိမိတို့ကွန်ပျူတာမှာ download ရယူ ထည့်သွင်းလိုက်ပြီဆိုတာနဲ့ မိမိတို့ကွန်ပျူတာက တိုက်ခိုက်ခံလိုက်ရပြီဖြစ်တယ်လို့ အသုံးပြုသူတွေကို သတိပေးထားပါတယ်။ကွန်ပျူတာတွေကို ဖောက်ထွင်းတိုက်ခိုက်လိုသူတွေဟာ Windows 11 installers ပုံစံကို တုပပြီး အသုံးပြုသူများကို လှည့်စားတိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း Kaspersky (ကက်စ်ပါစကီး) ကုမ္ပဏီက ဆိုထားပါတယ်။

အဆိုပါ အန္တရာယ်ရှိတဲ့ ဆိုင်ဘာတိုက်ခိုက်မှုကို ကာကွယ်လိုရင်တော့ မိမိတို့အသုံးပြုရယူမယ့် Windows 11 installers ဟာ Microsoft ကုမ္ပဏီရဲ့ တရားဝင်ဖြန့်ချိမှုလားဆိုတာ သေချာစွာစစ်ဆေးရန် လိုအပ်သလို၊ Windows 10 အသုံးပြုထည့်သွင်းထားတဲ့ ကွန်ပျူတာတွေမှာဆိုရင် Updates and Security ကို ရွေးချယ်ပြီး Windows Insider Program ကို နှိပ်ပြီးဝင်ရောက်ကာ Dev Channel ကို ဆက်သွယ်ပြီး စာရင်းတင်သွင်းပြီးနောက် Windows 11 ကို ရယူ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ဒါပေမယ့် တရားဝင်ဖြန့်ချိထားခြင်းမရှိသေးတဲ့ Windows 11 ဟာ စမ်းသပ်အဆင့်သာရှိသေးတဲ့အတွက် ထည့်သွင်းအသုံးပြုတဲ့အခါမှာ အဆင်မပြေမှုများတော့ ကြုံတွေ့ရဖို့ရှိနေပါတယ်။

Windows 11 installers အယောင်ဆောင် တိုက်ခိုက်မှုဟာ လွန်စွာအန္တရာယ်ရှိပြီး အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုခိုးယူဖို့၊ လျှို့ဝှက်စကားလုံးတွေကိုခိုးယူဖို့ ဒီဇိုင်းဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။

Damien
ဇူလိုင် - ၂၅