【 အားကစား 】 လူမျိုးခွဲခြားမှုကြောင့် ဂရစ်ဇ်မန်း စာချုပ်ဖျက်သိမ်းခံရ

【 အားကစား 】 လူမျိုးခွဲခြားမှုကြောင့် ဂရစ်ဇ်မန်း စာချုပ်ဖျက်သိမ်းခံရ

ဂျပန် ဗီဒီယိုဂိမ်းကုမ္ပဏီကြီး ကိုနာမီဟာ ပြင်သစ်လက်ရွေးစင် ဘာစီလိုနာအသင်း တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းအား စာချုပ်ဖျက်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကိုနာမီကုမ္ပဏီဟာ ဂရစ်ဇ်မန်း ကို ထုတ်ကုန်မြှင့်တင်ရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာဖြစ်ပြီး၊ ဗီဒီယိုတစ်ခုကြောင့် ယခုအခါ စာချုပ်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

“ကျနော်တို့ကုမ္ပဏီဟာ ဘာစီလိုနာအသင်းနဲ့ လက်တွဲဆောင်ရွက်ခဲ့ပါတယ်၊ ယခုအဖြစ်အပျက်ရဲ့ နောက်ခံအကြောင်းအရာများနဲ့ပတ်သက်ပြီး၊ ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ဖြေရှင်းချက်ကို ကျနော်တို့စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်” လို့ ကိုနာမီကုမ္ပဏီဘက်က ပြောကြားခဲ့ပါတယ်။

ကိုနာမီကုမ္ပဏီဘက်က ဂရစ်ဇ်မန်း ကို စာချုပ်ဖျက်သိမ်းရခြင်းရဲ့ ပြဿနာဟာ ဗီဒီယိုတစ်ခုကနေ စတင်ခဲ့တာဖြစ်ပါတယ်။

“ဗီဒီယိုကို ဂရစ်ဇ်မန်းရဲ့ အသင်းဖော် ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီလီ က ရိုက်ကူးထားတာဖြစ်ပြီး၊ လွန်ခဲ့သော ၂၀၁၉ ခုနှစ် ဘာစီလိုနာအသင်း ဂျပန်နိုင်ငံကို သွားရောက်ကစားစဉ်က ဟိုတယ်ခန်းအတွင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဗီဒီယိုထဲမှာ ဒမ်ဘီလီ က ဂျပန်ဟိုတယ်ဝန်ထမ်းရဲ့  မျက်နှာကို အနီးကပ်ဆွဲကာ ရိုက်ကူးခဲ့ပြီး ၎င်းဝန်ထမ်းရဲ့ မျက်နှာအသွင်အပြင်ကို ဟာသလုပ်ခဲ့တာဖြစ်ပါတယ်။ကိုနာမီရဲ့ ထုတ်ကုန်မြှင့်တင်ရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံထားရတဲ့ ဂရစ်ဇ်မန်းကတော့ ဒမ်ဘီလီရဲ့ ဗီဒီယိုအောက်မှာ ရယ်မောနေတဲ့ပုံစံ မှတ်ချက်ပြန်ပေးခဲ့တာဖြစ်ပါတယ်” အဆိုပါပြဿနာကို ကိုနာမီကုမ္ပဏီက လူမျိုးခွဲခြားမှုလို့သတ်မှတ်ပြီး ဂရစ်ဇ်မန်း ကို စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ စပွန်ဆာ Rakuten ဘက်ကလည်း ဒမ်ဘီလီနဲ့ ဂရစ်ဇ်မန်းတို့ရဲ့ အပြုအမူတွေကို ရှုံ့ချခဲ့ပြီး “ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီလိုလုပ်ရပ်တွေကို ခွင့်မပြုဘူး” လို့ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ ဘာစီလိုနာအသင်းကို တရားဝင်ဆန့်ကျင်ကွက်မှုတွေ ပြုလုပ်သွားမှာပါ” လို့ Rakuten ရဲ့ ဉက္ကဌလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ဟီရိုရှိ မီကီတာနီ က ဆိုခဲ့ပါတယ်။

ဗီဒီယိုနဲ့ပတ်သက်သူများဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီတို့ကတော့ ၎င်းတို့အပြုအမူတွေနဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

Linko
တိုကျို၊ ဇူလိုင် - ၈