【 အလှအပနှင့်ကျန်းမာရေး 】ခွေးရူးပြန်ရောဂါ
ခွေးရူးပြန်ရောဂါဖြစ်ပြီဆိုတာနဲ့ သေဆုံးနိုင်ချေ ၁၀၀ ရာခိုင်နှုန်းရှိတဲ့အတွက်လူတွေရဲ့အသက်အန္တရာယ်ကိုခြိမ်းခြောက်လျက်ရှိတဲ့ကြောက်မက်ဖွယ်ရောဂါဖြစ်ပါတယ်။
ဒါကြောင့်ခွေးရူးပြန်ရောဂါရဲ့လက္ခဏာတွေနဲ့ ခွေးရူးပြန်ရောဂါမဖြစ်အောင်ကာကွယ်ရမယ့်အချက်လေးတွေပြောပြပေးလိုပါတယ်။
ခွေးရူးပြန်ရောဂါက ဘယ်လိုကူးစက်နိုင်ပါသလဲ?
ခွေးရူးပြန်ရောဂါဟာ ခွေး၊ကြောင်၊မြေခွေး၊လင်းနို့ ၊ဆိတ်၊မြင်း အစရှိတဲ့ခွေးရူးပြန်ပိုးကူးစက်ခံနေရသော နို့တိုက်သတ္တဝါ များမှတစ်ဆင့် လူသို့ကူးစက်နိုင်ပြီး ခွေးကိုက်ခံရခြင်းကြောင့် ကူးစက်ခံရခြင်းကပိုများပါတယ်။
ခွေးရူးပြန်ရောဂါရဲ့ရောဂါလက္ခဏာတွေကတော့
၁- ဖျားခြင်း၊ခေါင်းကိုက်ခြင်း
၂- ပျို့အန်ခြင်း
၃- ဂနာမငြိမ်ခြင်း၊တက်ခြင်း
၄-မူးဝေထိုင်းမှိုင်းခြင်း
၅- ရေ၊အစာမျိုချရခက်ခဲခြင်း
၆-တံတွေးများထွက်ခြင်း
၇- ရေကြောက်ခြင်း
၈- အလင်းရောင်နှင့်လေကိုကြောက်ခြင်း
၉- ဂယောင်ခြောက်ခြားဖြစ်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
ဘယ်လိုလူတွေမှာခွေးရူးပြန်ရောဂါဖြစ်နိုင်ချေပိုများပါသလဲ?
၁- မျက်နှာနဲ့လည်ပင်းမှာ ခွေးရူးအကိုက်ခံရပါကခွေးရူးပြန်ရောဂါပျံ့နှံ့နိုင်ချေပိုများပါတယ်။
၂- လင်းနို့များရှိသောဂူထဲတွင်အလုပ်လုပ်သူများ
၃- တိရစ္ဆာန်များအားထိတွေ့ကိုင်တွယ်မှုများသူများ
စတဲ့သူတွေမှာရောဂါကူးစက်ခံရနိုင်ချေပိုများပါတယ်။
ခွေးရူးပြန်ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?
၁- မိမိအိမ်တွင်ရှိ သောအိမ်မွေးတိရစ္ဆာန်များကိုခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေးပါ။
၂- လင်းနို့များရှိသောနေရာတွင်အလုပ်လုပ်ရသူများ၊တိရစ္ဆာန်များနှင့် ထိတွေ့၍အလုပ်လုပ်ကိုင်ရသူများအနေနဲ့ခွေးရူးပြန်ကာကွယ်ဆေးကို ကြိုတင်ထိုးထားသင့်ပါတယ်။
၃- ခွေးကိုက်ခံရပါက ဒဏ်ရာကိုရေနှင့်ဆပ်ပြာဖြင့် သေချာစွာဆေးကြောပြီး ဒဏ်ရာကိုသန့်စင်စွာ ဖုံးအုပ်ပါ။ထို့နောက် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံးသွားရောက်၍
ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပါ။
၄- ခွေးရူးပြန် ရောဂါကာကွယ်ရန်ဒဏ်ရာအခြေအနေပေါ်မူတည်၍ လိုအပ်ပါက အရေးပေါ်ကိုယ်ခံအားဆေး immunoglobulin ကိုပါ ခွေးရူးပြန်ကာကွယ်ဆေး နဲ့အတူ ထိုးနှံဖို့လိုအပ်ပါတယ်။
၅- တိရစ္ဆာန်များရဲ့ခံတွင်းထဲမှာမေးခိုင်ပိုးပါရှိနေနိုင်တဲ့အတွက် မေးခိုင်ကာကွယ်ဆေးကိုပါထိုးနှံဖို့လိုပါတယ်။
ခွေရူးပြန်ရောဂါဟာ ရောဂါလက္ခဏာပြသချိန်မှ ကုသမယ်ဆိုရင် သေဆုံးနိုင်ချေများတဲ့အတွက် ခွေးကိုက်ခံရခြင်း၊တိရစ္ဆာန် အကိုက်ခံရခြင်းများရှိပါက ဒဏ်ရာကိုသေချာစွာဆေးကြောပြီးနီးစပ်ရာ ဆေးရုံ၊ဆေးခန်းမှာ ကာကွယ်ဆေးထိုးနှံဖို့ တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit- Dreamstime.com