
【 အလှအပနှင့်ကျန်းမာရေး 】နှလုံးသွေးကြောကျဉ်းရောဂါ
ရင်ဘတ်မှာ တင်းကျပ်ကျပ်နဲ့အောင့်တာမျိုးမကြာခဏခံစားနေရပြီဆိုရင်တော့ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရပြီလားဆိုတာကို ဆရာဝန်နဲ့ပြသစစ်ဆေးပြီး အချိန်မီကုသမှုခံယူသင့်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဆိုတာကတော့ နှလုံးကိုပေးပို့နေတဲ့သွေးကြောများကျဉ်းခြင်းကြောင့် နှလုံးကြွက်သားများမှာလုံလောက်တဲ့ အောက်ဆီဂျင်ပမာဏ မရရှိခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဟာအသက်ကြီးသူတွေမှာအဖြစ်များပြီး သေချာစွာကုသမှုမခံယူပါက နှလုံးသွေးကြောပိတ်ခြင်းသို့ကူးပြောင်းသွားပြီး နှလုံးကြွက်သားပုပ်ကာ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။
ဒါကြောင့်နှလုံးသွေးကြောကျဉ်းရောဂါရဲ့လက္ခဏာတွေကိုသိရှိထားဖို့လိုပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါရဲ့လက္ခဏာတွေကတော့
- ရင်ဘတ်အောင့်ခြင်း
(ရင်ဘတ်တွင်စုပ်ဆွဲထားသကဲ့သို့၊ဖိထားသကဲ့သို့အောင့်ခြင်း)
(အထူးသဖြင့် ရင်ဘတ်ဘယ်ဘက်ခြမ်း၊ဘယ်ဘက် ပခုံး၊လက်မောင်း၊မေးရိုး များနာကျင်ခြင်း)
- လှုပ်လှုပ်ရှားရှားပြုလုပ်ပါက မောခြင်း၊ရင်ဘတ်အောင့်ခြင်း
- ရင်ဘတ်အောင့်ခြင်းနှင့်အတူချွေးထွက်ခြင်း၊ ပျို့အန်ခြင်း
- နှလုံးခုန်နှုန်းမြန်ခြင်း
- အချို့သောသူများတွင် အစာမကြေ၊ရင်ပြည့်ရင်ကယ်ကဲ့သို့ ခံစားရခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်း များကတော့
၁- သွေးတွင်းအဆီဓာတ်များခြင်း
၂- အဝလွန်ခြင်း
၃- ဆေးလိပ်သောက်ခြင်း
၄- သွေးတွင်းသကြားဓါတ်များခြင်း(ဆီးချိုရောဂါရှိသူများ)
၅- သွေးပေါင်ချိန်များခြင်း(သွေးတိုးရောဂါရှိသူများ)
၆- ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း စတဲ့အချက်တွေကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကိုဖြစ်စေနိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါကိုဘယ်လိုစစ်ဆေးနိုင်ပါသလဲ?
နှလုံးသွေကြောကျဉ်းရောဂါရှိမရှိ သိနိုင်ဖို့
- ရောဂါရာဇဝင်စစ်ဆေးမေးမြန်းခြင်း၊စမ်းသပ်စစ်ဆေးခြင်း
- နှလုံး ECG စစ်ဆေးခြင်း
- နှလုံးဓါတ်မှန် ECHOCARDIOGRAM စစ်ဆေးခြင်း
- Coronary angiogram နှလုံးသွေးကြောကိုကွန်ပျုတာဓါတ်မှန်ဖြင့်စစ်ဆေးခြင်း
- Cardiac CT scan နှလုံးသွေးကြောရှိ ကယ်ဆီယမ်ပမာဏစစ်ဆေးခြင်း စတဲ့နည်းအမျိုးမျိုးနဲ့စစ်ဆေးနိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါကိုဘယ်လိုကုသမလဲ?
နှလုံးသွေးကြောကျဉ်းရောဂါကိုစောလျင်စွာကုသနိုင်ပါက နှလုံးသွေးကြောပိတ်ခြင်းကြောင့် နှလုံးကြွက်သား ပုပ်ခြင်းမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါကို
- သွေးမခဲစေသော (Anti-Platelet)ကဲ့သို့သောဆေးများ
- သွေးတွင်းအဆီကျဆေးများ
- သွေးပေါင်ချိန်ထိန်းညှိပေးသောဆေးများ
- နှလုံးသွေးကြောတွင်သွေးစီးဆင်းမှုကောင်းစေသော ဆေးဝါးများ
- နှလုံးသွေးကြောကျဉ်းတဲ့အခြေအနေပေါ်မူတည်၍ နှလုံးသွေးကြောတွင်း stent ထည့်ခြင်း၊ CABG ဟုခေါ်သော သွေးကြောလမ်းကြောင်းခွဲစိတ်၍ကုသခြင်း စတဲ့ကုသမှုများပြုလုပ်နိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဟာ ဆေးဝါးကုသမှုသာမက လူနေမှုပုံစံကိုပါပြုပြင်ပြောင်းလဲနေထိုင်ဖို့လိုပါတယ်။
- ဆီးချိုရောဂါရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်ထိန်းသိမ်းဖို့လိုပါတယ်။
- သွေးတိုးရောဂါရှိသူတွေအနေနဲ့လည်း သွေးပေါင်ချိနိကို ပုံမှန်အတွင်းရောက်အောင်ထိန်းထားဖို့လိုပါတယ်။
- ချိုလွန်းသော၊ငန်လွန်းသော၊အဆီများလွန်းသောအစားအစာများကိုရှောင်ကြဉ်ဖို့လိုပါတယ်။
- နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့လိုပါတယ်။
- အဝမလွန်အောင်ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိဖို့လိုပါတယ်။
- ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဝါးများကိုပုံမှန်သောက်သုံးဖို့လိုပါတယ်။
- ဆေးလိပ်သောက်ပါကဆေးလိပ်ဖြတ်ပါ။
- အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ကြဉ်ပါ။
- ဆရာဝန်ညွှန်ကြားချက်အတိုင်း ရက်ချိန်းပုံမှန်ပြသပြီး နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။ စတဲ့အချက်တွေကို လိုက်နာမယ်ဆိုရင်တော့ ကျန်းမာစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။
Dr.Phyu
Photo credit -Physiopedia