
【 အလှအပနှင့်ကျန်းမာရေး 】သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroidism)
ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေကိုထိန်းချုပ်ပေးတဲ့ သိုင်းရွိုက်ဟော်မုန်းပမာဏနည်းခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါဖြစ်စေပါတယ်။
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
- အကြောင်းအမျိုးမျိုးကြောင့် သိုင်းရွိုက်ဂလန်းခွဲစိတ်ပြီး
သိုင်းရွိုက်ဂလန်းထုတ်ထားသောသူများ
- သိုင်းရွိုက်ဂလန်းကို ဓါတ်ရောင်ခြည်ကုထုံးဖြင့်ကုသမှုခံယူထားသူများ
- ကိုယ်ခံအားစနစ်ပျက်စီးမှုကြောင့် မိမိခန္ဓာကိုယ်တစ်သျှူးအချင်းချင်းတိုက်ခိုက်သော (Autoimmune) ရောဂါ
- သိုင်းရွိုက်ဂလန်းရောင်ရမ်းခြင်း
- အချို့သောဆေးဝါးများ
- အိုင်အိုဒင်းချို့တဲ့ခြင်း စတာတွေကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဖြစ်နိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းနည်းတဲ့အခါခံစားရတဲ့ရောဂါလက္ခဏာတွေကတော့
- ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားများအားနည်းခြင်း
- ရာသီဥတုအေးသောဒဏ်ကိုမခံနိုင်ခြင်း
- ကိုယ်အလေးချိန်တက်ခြင်း
- ဝမ်းချုပ်ခြင်း
- အရေပြားနှင့်၊ဆံပင်များခြောက်သွေ့ခြင်း
- နှလုံးခုန်နှုန်းနှေးခြင်း
- လည်ပင်းကြီးခြင်း
- အသံပြောင်းခြင်း
- အမျိုးသမီးများတွင် ရာသီသွေးပမာဏများခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းအလွန်အမင်းနည်းပါက
ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း
နှလုံးအားနည်းခြင်း
သတိလစ်ခြင်း စတဲ့ လက္ခဏာတွေခံစားရနိုင်ပြီး အသက်အန္တရာယ်ရှိပါတယ်။
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကိုဘယ်လိုသိနိုင်မလဲ?
သွေးတွင်းသိုင်းရွိုက်ဟော်မုန်းပမာဏကိုတိုင်းတာခြင်းဖြင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကိုစစ်ဆေးသိရှိနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကိုဘယ်လိုကုသမလဲ?
- သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို သိုင်းရွိုက်ဟော်မုန်းဆေးနဲ့ကုသလို့ရပါတယ်။
- အရေးကြီးတဲ့အချက်ကတော့ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါ ခံစားနေရသူတွေအနေနဲ့ ဆေးကိုပုံမှန်သောက်သုံးဖို့လိုပြီး ဟော်မုန်းဆရာဝန်နဲ့ ပုံမှန်စစ်ဆေးကုသဖို့လိုပါတယ်။
- သွေးတွင်းသိုင်းရွိုက်ဟော်မုန်းပမာဏပေါ်မူတည်ပြီး ဆေးကိုအတိုးအလျော့ ချိန်ညှိဖို့လိုပါတယ်။
- သိုင်းရွိုက်ဟော်မုန်းနည်းလွန်းလျှင် အသက်အန္တရာယ်ရှိနိုင်သလိုများလွန်းလျှင်လည်းအန္တရာယ်ရှိတာကြောင့်မိမိရဲ့သွေးတွင်းသိုင်းရွိုက်ဟော်မုန်းပမာဏကို ပုံမှန်စစ်ဆေးပြီးကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit - Family Health Diary