【 အလှအပနှင့်ကျန်းမာရေး 】သွေးချို/ဆီးချိုရောဂါ

【 အလှအပနှင့်ကျန်းမာရေး 】သွေးချို/ဆီးချိုရောဂါ

သွေးချိုဆီးချိုရောဂါဆိုတာကတော့ လူတော်တော်များများနဲ့ ရင်းနှီးပြီး ကြားဖူးနေတဲ့ ရောဂါဖြစ်ပါတယ်။သူ့နာမည်အတိုင်းပဲ သွေးထဲမှာ သကြားဓါတ်များရာက ဆီးထဲမှာပါသကြားဓါတ်တွေများလာခြင်းကြောင့် သွေးချိုဆီးချိုရောဂါလို့ခေါ်ကြပါတယ်။

သွေးချိုဆီးချို‌ရောဂါဘာလို့ဖြစ်ရတာလဲ?

ကျွန်မတို့ ခန္ဓာကိုယ်က ဂလူးကို့စ် (Glucose) လို့ခေါ်တဲ့ သကြားဓါတ်ကို ထိန်းညှိဖို့အတွက် အင်ဆူလင် (insulin)ဟော်မုန်းကို ပန်ကရိယ (pancreas) ကထုတ်ပေးပါတယ်။

ပန်ကရိယက အင်ဆူလင်မထုတ်နိုင်လို့ဖြစ်စေ၊‌အင်ဆူလင်က ကောင်းစွာ အလုပ်မလုပ်နိုင်လို့ဖြစ်စေ၊အင်ဆူလင်ဖျက်ဆီးခံရခြင်းကြောင့် ဖြစ်စေ ဆီးချိုရောဂါကိုဖြစ်စေပါတယ်။

သွေးချိုဆီးချိုရောဂါအမျိုးအစား ၁ နှင့် ၂ဆိုပြီးရှိပါတယ်။

  • အမျိုးအစား ၁ ကတော့ အသက်ငယ်သူတွေမှာအဖြစ်များပြီး အင်ဆူလင်ကို ကိုယ်ခံအားစနစ်က ဖျက်ဆီးမှုကြောင့် ဆီးချိုဖြစ်ရတာဖြစ်လို့ အင်ဆူလင်ဟော်မုန်း နဲ့ကုသရတဲ့ရောဂါအမျိုးအစားဖြစ်ပါတယ်။
  •  အမျိုးအစား ၂ ကတော့ အသက်ကြီးသူတွေမှာအဖြစ်များပြီး ဆီးချိုကျဆေး သောက်ဆေးများနဲ့ ကုသနိုင်ပြီးလိုအပ်ပါက အင်ဆူလင်ဟော်မုန်းနဲ့ ကုသရတဲ့အမျိုးအစားဖြစ်ပါတယ်။

သွေးချိုဆီးချိုရောဂါရဲ့လက္ခဏာတွေကတော့

၁- ရေအလွန်အမင်းငတ်ခြင်း

၂- ဆီးမကြာခဏသွားခြင်း

၃- ဆာလောင်ခြင်း

၄- ကိုယ်အလေးချိန်ကျဆင်းခြင်း

၅- ပင်ပန်းနွမ်းနယ်ခြင်း

၆- အနာမကျက်ခြင်း

၇- မျက်စိမှုန်ဝါးခြင်း စတဲ့လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။

သွေးချိုဆီးချိုရောဂါ ဖြစ်နိုင်ချေများတဲ့ သူတွေကတော့

၁- မိသားစုမျိုးရိုးထဲတွင် ဆီးချိုသွေးချိုရောဂါရှိသူများ

၂- ကိုယ်အလေးချိန်များသူများ

၃- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ

၄- အသက်အရွယ်ကြီးသူများ

၅- ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုသွေးချို ရောဂါရှိသူများ

၆- သွေးတိုးရောဂါရှိသူများ

၇- သွေးတွင်းအဆီများသူများ

၈- အမျိုးသမီးများတွင် သားဥအိမ်တွင် အရည်အိတ်များသောရောဂါ (Polycystic Ovary Syndrome) ရောဂါရှိသူများ

စတဲ့ သူတွေမှာ သွေးချို‌ဆီးချိုရောဂါဖြစ်နိုင်ချေ များပါတယ်။

 ဆီးချိုရောဂါရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ်ကို မနည်းသွားအောင်၊ မများသွားအောင် ထိန်းသိမ်းဖို့ အင်မတန်အရေးကြီးပါတယ်။

  • သွေးတွင်းသကြားဓါတ်နည်းခြင်းဟာလည်း အသက်အန္တရာယ်ရှိတာဖြစ်ပြီး
  • သွေးတွင်းသကြားဓါတ် အလွန်အမင်းများခြင်းကြောင့်လည်း အသက်အန္တရာယ်ရှိနိုင်ပါတယ်။

 ဒါကြောင့် မိမိရဲ့သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးတိုင်းတာသင့်ပါတယ်။

  • မနက်ခင်းအစာမစားခင် သွေးတွင်းသကြားဓါတ်ဟာ ၈၀-၁၂၀ mg/dl ကြား
  •  အစာစားပြီးချိန် သွေးတွင်းသကြားဓါတ်ဟာ ၁၂၀-၁၈၀ mg/dl အတွင်းဆိုရင်တော့ မိမိရဲ့ဆီးချိုပမာဏ ပုံမှန်အတွင်းမှာရှိပါတယ်။

သွေးချိုဆီးချိုရောဂါရဲ့နောက်ဆက်တွဲလက္ခဏာများ

သွေးချိုဆီးချို ရောဂါကိုသေချာမကုသပါက

နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားရနိုင်ပါတယ်

  • နှလုံးသွေးကြောကျဉ်းရောဂါ၊နှလုံးကြွက်သားပုပ်ခြင်း
  •  လေဖြတ်ခြင်း
  •  ခြေလက်များထုံကျဥ်ခြင်း
  •  ကျောက်ကပ်ပျက်စီးခြင်း
  •  မျက်စိအမြင်အာရုံဆုံးရှုံးနိုင်ခြင်း
  •  ‌ခြေထောက်တွင်ဆီးချိုကြောင့်အနာဖြစ်ခြင်းနှင့်

လိုအပ်ပါကဖြတ်တောက်ကုသရန်လိုအပ်ခြင်း

  • ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါရှိပါက မွေးလာသောကလေးတွင် ကိုယ်အလေးချိန်များခြင်း နှင့် ကလေး‌တွင် သွေးတွင်းသကြားဓါတ်နည်းခြင်း သန္ဓေသားသေဆုံးနိုင်ချေ၊မွေးကင်းစကလေးသေဆုံးနိုင်ချေများခြင်း၊ မိခင်တွင်လည်းကိုယ်ဝန်ဆိပ်တက်ခြင်း စတဲ့ ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ဒါကြောင့် သွေးချိုဆီးချိုရောဂါကို မဖြစ်အောင် ကာကွယ်ဖို့နှင့် ဖြစ်လာပါကလည်း ဘယ်လိုပြုမူ နေထိုင် စားသောက်သင့်တယ်ဆိုတာကို ပြောပြပေးလိုပါတယ်။

၁- အချိုဓါတ်ပါဝင်သော အစားအစာများကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

၂- ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ။

၃- အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

၄- သွေးချိုဆီးချိုရောဂါဝေဒနာရှင်များအနေနဲ့ မိမိရဲ့သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးတိုင်းတာသင့်ပါတယ်။

၅- ဆရာဝန်ညွှန်ကြားထားသော ဆီးချိုဆေးများကို ပုံမှန်သောက်သုံးပါ။

၆- ဆီးချိုရောဂါရှိသူတွေအနေနဲ့ လွန်ခဲ့တဲ့ ၃လကျော်အတွင်း မိမိရဲ့သွေးတွင်းသကြားဓါတ်ပမာဏတိုင်းတာခြင်းဖြစ်တဲ့ (HbA1c) စစ်ဆေးခြင်း၊ မျက်စိအမြင်အာရုံစစ်ဆေးခြင်း၊ ကျောက်ကပ်လုပ်ငန်းစဉ်ကောင်းမကောင်းစစ်ဆေးခြင်းတို့ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

သွေးချိုဆီးချိုရောဂါဟာ နာတာရှည်ရောဂါအမျိုးအစားဖြစ်ပြီး မိမိရဲ့သွေးတွင်းသကြားဓါတ်ကို ပုံမှန်ထိန်းသိမ်းထားမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက ကင်းဝေးပြီး သက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ်။

Photo credit - CPD online college

Dr.Phyu