【 အလှအပနှင့်ကျန်းမာရေး 】သွေးလေးဖက်နာ (Rheumatoid Arthritis)

【 အလှအပနှင့်ကျန်းမာရေး 】သွေးလေးဖက်နာ (Rheumatoid Arthritis)

RA လို့အလွယ်ခေါ်ကြတဲ့ သွေးလေးဖက်နာရောဂါ ကတော့ နာတာရှည်ရောဂါအမျိုးအစားဖြစ်ပါတယ်။

သွေးလေးဖက်နာရောဂါဟာ ကိုယ်ခံအားစနစ်ပျက်ယွင်းမှုကြောင့် မိမိခန္ဓာကိုယ် ရဲ့ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်မှာရှိတဲ့ တစ်သျှူးများ၊ ဆဲလ်များ ကိုတိုက်ခိုက်ခြင်းကြောင့် ဖြစ်တဲ့ Autoimmune လို့ခေါ်တဲ့ရောဂါအမျိုးအစားထဲမှာပါဝင်ပါတယ်။

သွေးလေးဖက်နာရောဂါဟာ ခန္ဓာကိုယ်ရဲ့ အဆစ်တွေကို အဓိကတိုက်ခိုက်တဲ့ရောဂါအမျိုးအစားဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့

၁- လက်ဆစ်ခြေဆစ်များရောင်ရမ်း၊ကိုက်ခဲခြင်း

သွေးလေးဖက်နာရောဂါကိုကုသမှုမခံယူပါက လက်ဆစ်များပုံသဏ္ဌာန်ပျက်ယွင်းခြင်း ဖြစ်လာနိုင်ပါတယ်။

၂- လက်ဆစ်ခြေဆစ်များ တောင့်တင်းခြင်း၊ အထူးသဖြင့် မနက်အိပ်ရာထချိန်တွင် လက်များတင်းနေခြင်း

၃- ပင်ပန်းနွမ်းနယ်ခြင်း၊ဖျားခြင်း

၄- အစားအသောက်ပျက်ခြင်း

‌သွေးလေးဖက်နာရောဂါဟာ ခန္ဓာကိုယ်ရှိခြေဆစ် လက်ဆစ်များအပြင် အရေပြား၊ မျက်စိ၊ အဆုတ်၊ နှလုံး၊ကျောက်ကပ် စသဖြင့် ခန္ဓာကိုယ်ရှိအစိတ်အပိုင်းအမျိုးမျိုးကိုတိုက်ခိုက်နိုင်ပါတယ်။

သွေးလေးဖက်နာရောဂါရှိမရှိဘယ်လိုသိနိုင်မလဲ?

သွေးလေးဖက်နာရောဂါရှိမရှိကို ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ ရောင်ရမ်းသောအဆစ်များကို ဓါတ်မှန်ရိုက်ခြင်း ဖြင့် ရောဂါရှိမရှိသိနိုင်ပါတယ်။

ဒါကြောင့် မိမိမှာ သွေးလေးဖက်နာရောဂါခံစားနေရတယ်လို့ သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံမှာသွားရောက်စစ်ဆေးမှုခံယူဖို့လိုပါတယ်။

သွေးလေးဖက်နာကိုဘယ်လိုကုသမှုခံယူမလဲ?

-           သွေးလေးဖက်နာရောဂါကို အကိုက်အခဲပျောက်ဆေးများ၊  ရောဂါကိုထိန်းချုပ်ပေးသော ဆေးဝါးများ အပြင် ခန္ဓာကိုယ်သန်စွမ်းရေးလေ့ကျင့်ခန်းများပါပြုလုပ်၍ ရောဂါကို ပုံမှန်ကုသမှုခံယူနေဖို့လိုပါတယ်။

-           သွေးလေးဖက်နာရောဂါဟာ ရောဂါငြိမ်နေသော အချိန်နှင့် ရောဂါပြင်းထန်သောအချိန် ဟူ၍ တစ်လှည့်စီဖြစ်တတ်တဲ့ရောဂါဖြစ်ပါတယ်။

-           ဒါကြောင့် သွေးလေးဖက်နာရောဂါရှိသူတွေအနေနဲ့ ရောဂါလက္ခဏာသက်သာနေပြီဆိုပြီးဆေးမှန်မှန်မသောက်တာ၊ ပြန်လည်စစ်ဆေးဖို့ ပျက်ကွက်တာမျိုးကို ရှောင်ကြဉ်ဖို့လိုပါတယ်။

-           ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကိုပုံမှန်သောက်ဖို့လိုအပ်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းရက်ချိန်းမှန်မှန်ပြန်လည်ပြသဖို့လိုအပ်ပါတယ်။

-           သွေးလေးဖက်နာရောဂါရှိသူတွေ သောက်သုံးရတဲ့ဆေးတွေထဲမှာ စတီးရွိုက် ဆေးများပါဝင်တာဖြစ်လို့ မိမိသဘောနဲ့ ဆေးရုတ်တရက်ဖြတ်ပစ်တာမျိုးဟာ အသက်အန္တရာယ်ရှိနိုင်တာဖြစ်လို့ ‌ဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးဝါးများကို သောက်သုံးဖို့လိုပါတယ်။

သွေးလေးဖက်နာရောဂါဟာ လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါမဟုတ်ပေမယ့် ပုံမှန်စစ်ဆေးကုသမှုခံယူမယ်ဆိုရင် ရောဂါအခြေအနေကို မဆိုးသွားအောင်ထိန်းထားနိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

 

 Dr.Phyu

Photo credit- Orthobullets