
【 အလှအပနှင့်ကျန်းမာရေး 】သွေးဝမ်းသွားခြင်း
လူအများနားလည်ထားတဲ့သွေးဝမ်းသွားခြင်းဆိုတာကတော့ ဝမ်းသွားတာနဲ့အတူ သွေးပါလာတာကိုပြောကြတာဖြစ်ပါတယ်။
ကျွန်မတို့ရဲအစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်မှာ သွေးထွက်ခဲ့မယ်ဆိုရင် ဝမ်းနဲ့အတူသွေးပါ ပါလာတာကို သွေးဝမ်းသွားတယ်လို့ခေါ်ပါတယ်။
အစာအိမ်အထက်ပိုင်းမှာသွေးထွက်မယ်ဆိုရင်တော့ ဝမ်းထဲမှာသွေးအရောင်မတွေ့ရဘဲ အမည်းရောင်ကတ္တရာစေးကဲ့သို့ ဝမ်းများသွားခြင်းဟာလည်းသွေးဝမ်းသွားတဲ့လက္ခဏာပဲဖြစ်ပါတယ်။
အချို့သောသွေးဝမ်းသွားခြင်းဟာ ပုံမှန်မျက်စိနဲ့မမြင်ရဘဲ ဝမ်းကိုအဏုကြည့်မှန်ဘီလူး (microscope) နဲ့ စစ်ဆေးပြီးမှသွေးဝမ်းသွားခြင်းကို သိနိုင်တာမျိုးလည်းရှိပါတယ်။
သွေးဝမ်းသွားတဲ့အခါဘယ်လိုလက္ခဏာတွေခံစားရနိုင်ပါသလဲ?
- ဝမ်းနဲ့အတူသွေးပါလာခြင်း၊ဝမ်းသွားပြီးနောက်စအိုမှ သွေးထွက်ခြင်း
- ကတ္တရာစေးကဲ့သို့ကပ်စေးစေးနှင့် အနံ့ပြင်းသော ဝမ်းအမည်းရောင်များသွားခြင်း
(အိမ်သာအိုးမှာဝမ်းကပ်နေတတ်ပြီး၊ရေလောင်းချိန်မှာသွေးအရောင်ပြောင်းသွားတာကိုသတိပြုမိတတ်ပါတယ်)
- ဗိုက်အောင့်ခြင်း
- သွေးဝမ်းသွားခြင်းကြောင့်သွေးအားနည်းသောလက္ခဏာများဖြစ်သည့်
- မောခြင်း
- ရင်ဘတ်အောင့်ခြင်း
- ရင်တုန်ခြင်း
- ခေါင်းမူးခြင်း
- သွေးပေါင်ချိန်ကျခြင်း
- သတိလစ်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
သွေးဝမ်းသွားခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
- အစာမျိုပြွန်ရောင်ရမ်းခြင်း
- အစာမျိုပြွန်အက်ကွဲခြင်း
- အစာမျိုပြွန်သွေးကြောထုံးများမှသွေးယိုခြင်း
- အစာမျိုပြွန်ကင်ဆာ
- အစာအိမ် ရောင်ခြင်းကြောင့်အစာအိမ်အနာမှ သွေးယိုခြင်း
- အစာအိမ်ကင်ဆာဖြစ်ခြင်း
- အူရောင်ရမ်းခြင်း
- အူမကြီးကင်ဆာ
- လိပ်ခေါင်းရောဂါ
- အစာဟောင်းအိမ်ရောင်ရမ်းခြင်း
- သွေးကျဲဆေးများ
- အသည်းခြောက်ခြင်း၊အသည်းကင်ဆာ
- သွေးမွှားဥနည်းခြင်း၊
- သွေးမတိတ်သောသွေးရောဂါရှိသူများစတဲ့အခြေအနေတွေမှာသွေးဝမ်းသွားခြင်း ဖြစ်စေနိုင်ပါတယ်။
သွေးဝမ်းသွားခြင်းကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ?
- ဝမ်းထဲတွင်သွေးပါဝင်မှုရှိမရှိ ဝမ်းစစ်ဆေးခြင်း
- အစာအိမ်နှင့်အူလမ်းကြောင်းကို မှန်ပြောင်းဖြင့်စစ်ဆေးခြင်း
- ဝမ်းဗိုက် ကွန်ပျူတာဓာတ်မှန်CT scan စစ်ဆေးခြင်း
- သွေးစစ်ဆေးခြင်း စတဲ့နည်းလမ်းများနဲ့စစ်ဆေးနိုင်ပါတယ်။
သွေးဝမ်းသွားခြင်းဟာအရေးကြီးသောအခြေအနေဖြစ်ပြီး ကုသမှုမခံယူပါက
- သွေးအားနည်းခြင်း
- သတိလစ်ခြင်း
- နှလုံးအားနည်းခြင်း စတဲ့နောက်ဆက်တွဲအခြေအနေများကြောင့် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။
ဒါကြောင့်သွေးဝမ်းသွားခြင်းလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံသွားရောက်ပြသပြီး သေချာစွာစစ်ဆေးကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။
Dr.phyu
Photo credit- Tri-city medical center