
【 အလှအပနှင့်ကျန်းမာရေး 】အစာအိမ်အနာ (Peptic Ulcer) နှင့် H.pylori
အစာအိမ်ရောင်လို့မကြာခဏ ဗိုက်အောင့်တယ်၊ရင်ပူတယ်၊ အစာစားပြီးရင် အစာမကြေသလိုခံစားနေရတယ် ဆိုရင်တော့ အစာအိမ်အနာဖြစ်နိုင်ချေများပါတယ်။
အစာအိမ်မှာအနာဖြစ်တဲ့အခါ Antacids လို့ခေါ်တဲ့ အစာအိမ်အနာသက်သာစေတဲ့ဆေးဝါးများ၊ Proton Pump Inhibitors လို့ခေါ်တဲ့ အစာအိမ်အက်ဆစ်ကိုလျော့ချပေးတဲ့ဆေးတွေနဲ့ကုသလေ့ရှိပါတယ်။
ဆေးတွေသောက်နေရုံနဲ့ရောဂါလက္ခဏာမသက်သာတဲ့အခါ အစာအိမ်မှာ H.pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်အစာအိမ်အနာဖြစ်လားဆိုတာသိဖို့ H.pylori ပိုးရှိမရှိစစ်ဆေးဖို့လိုပါတယ်။
H.pylori ဆိုတာဘာလဲ?
H.pylori ဆိုတာကတော့ အစာအိမ်ရောင်ရမ်းခြင်းနဲ့အစာအိမ်မှအနာဖြစ်စေတဲ့ ဘက်တီးရီးယားပိုး တစ်မျိုးဖြစ်ပါတယ်။
H.pylori ကြောင့်အစာအိမ်ရောင်ရမ်းခြင်း၊
အစာအိမ်အနာဖြစ်တဲ့အခါခံစားရတဲ့ရောဂါလက္ခဏာတွေကတော့
- ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း
- အစာမကြေရင်ပြည့်ရင်ကယ်ခံစားရခြင်း
- ပျို့ခြင်း
- လေမကြာခဏတက်ခြင်း
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- အစာအိမ်အနာ ကြောင့် သွေးကြောပေါက်ပါက
- ကော်ဖီရောင် အန်ခြင်း
- ဝမ်းအမည်းသွားခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
H.pylori ဘက်တီးရီးယားဘာကြောင့်ကူးစက်ခံရတာလဲ?
- H.pylori ဘက်တီးရီးယားဟာ မသန့်ရှင်းသော အစားအစာ၊သောက်ရေ စတာတွေကနေ ကူးစက် နိုင်ပါတယ်။
- H.pylori ဘက်တီးရီးယားပိုးရှိသူရဲ့ တံတွေး၊ဝမ်း စတာတွေကနေလည်းကူးစက်နိုင်ပါတယ်။
H.pylori ဘက်တီးရီးယားကို
သေချာစွာကုသမှုမခံယူပါကနောက်ဆက်တွဲအနေနဲ့
- အစာအိမ်ပေါက်ခြင်း
- အစာအိမ်ကင်ဆာဖြစ်ခြင်း စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
H.pylori ဘက်တီးရီးယားကူးစက်ခံရမှုရှိမရှိဘယ်လိုသိနိုင်မလဲ?
မိမိမှာအစာအိမ်ရောင်တဲ့လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသပြီး စစ်ဆေးမှုခံယူဖို့လိုပါတယ်။
H.pylori ကူးစက်မှုရှိမရှိကို
- အစာအိမ်မှန်ပြောင်းကြည့်၍ ပိုးရှိမရှိစစ်ဆေးခြင်း
- Urea Breath Test ဟုခေါ်သောနည်းဖြင့်စစ်ဆေးခြင်း
- (Stool Antigen, Stool PCR)ဝမ်းစစ်ဆေးခြင်း စတဲ့နည်းလမ်းများနဲ့စစ်ဆေးနိုင်ပါတယ်။
H.pylori ကြောင့်အစာအိမ်ရောင်ခြင်းကိုဘယ်လိုကုသမှုခံယူမလဲ?
H.pylori ကြောင့် အစာအိမ်အနာဖြစ်ပြီဆိုရင်တော့
- Antacid လို့ခေါ်တဲ့ အစာအိမ်အနာသက်သာစေသောဆေးများ
-Proton Pump Inhibitors လို့ခေါ်တဲ့ အက်ဆစ်ထွက်ခြင်းကိုလျော့ချပေးသောဆေးများ
- အစာအိမ်နံရံကိုကာကွယ်ပေးသောဆေးများ
- ပိုးသတ်ဆေးများ စတဲ့ဆေးဝါးတွေနဲ့ကုသဖို့လိုပါတယ်။
H.pylori ဘက်တီးရီးယားကူးစက်ခြင်းမခံရအောင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့
- သန့်ရှင်းသောရေကိုသောက်ပါ။အစားအစာပြင်ဆင်ရာတွင်လည်း သန့်ရှင်းသောရေကိုအသုံးပြုပါ။
- အစာမစားခင်နှင့် အိမ်သာမှပြန်လာပြီးသည့်အချိန်တိုင်း လက်ကို စက္ကန့် ၂၀ခန့် ရေနှင့်ဆပ်ပြာကို အသုံးပြု၍ဆေးပါ။
- မိမိမှာအစာအိမ်ရောင်ခြင်းလက္ခဏာတွေခံစားနေရပြီဆိုရင်တော့တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် ထံသွားရောက်ပြသပြီး ဆောလျင်စွာစစ်ဆေးကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။
Dr.Phyu