【 အလှအပနှင့်ကျန်းမာရေး 】“ ရင်ကျပ်ရောဂါ (Asthma)”

【 အလှအပနှင့်ကျန်းမာရေး 】“ ရင်ကျပ်ရောဂါ (Asthma)”

ရင်ကျပ်ရောဂါကတော့ အသက်ရှူလမ်းကြောင်း‌ ရောင်ရမ်းမှုကြောင့် လေပြွန်ကျဉ်းပြီး၊ချွဲသလိပ်များ ဖြင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီးအသက်ရှူရခက်ခဲစေတဲ့ရောဂါဖြစ်ပါတယ်။

ရင်ကျပ်ရောဂါ ရဲ့ လက္ခဏာတွေကတော့

၁- မောခြင်း၊အသက်ရှူမဝခြင်း

၂- ရင်ဘတ်အောင့်ခြင်း

၃- အသက်ရှူလျှင်တရွှီရွှီမြည်သံကြားရခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ရင်ကျပ်ရောဂါဖြစ်ရတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်

၁-ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ရင်ကျပ်ခြင်း

  • ပန်းဝတ်မှုန်၊ပိုးမွှား၊ အနံ့၊ဓါတုပစ္စည်း စသဖြင့်

တစ်ယောက်နဲ့တစ်ယောက်ဓါတ်မတည့်တဲ့အမျိုးအစားမတူညီတာဖြစ်လို့ မိမိနဲ့ဓါတ်မတည့်တဲ့အရာဝတ္ထုတွေကို

ထိတွေ့ကိုင်တွယ်ခြင်းကရှောင်ကြဉ်ဖို့လိုပါတယ်။

၂- လေ့ကျင့်ခန်းလုပ်ချိန်မှာဖြစ်တဲ့ရင်ကျပ်ခြင်း

  • အချို့သောလူတွေမှာလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ချိန်မှာ

ရင်ကျပ်ခြင်းလက္ခဏာတွေခံစားရတတ်ပါတယ်။ဒါဆိုရင်‌တော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်ခြင်းကိုရှောင်ကြဉ်ဖို့လိုပါတယ်။

၃-လုပ်ငန်းခွင်ရောက်တဲ့အချိန်တွင်ရင်ကျပ်ခြင်း

  • လုပ်ငန်းခွင်မှာရှိတဲ့ အရာဝတ္ထု တစ်ခုခုနဲ့ဓါတ်မတည့်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မိမိဟာလုပ်ငန်းခွင် မှာဖြစ်တဲ့ရင်ကျပ်ခြင်းအမျိုးအစားဟုတ်မဟုတ်သိနိုင်ဖို့

ရင်ကျပ်လက္ခဏာတွေကရုံးပိတ်ရက်တွေမှာသက်သာ နေခြင်းရှိမရှိသိနိုင်သလို ရုံးပိတ်ရက်နဲ့လုပ်ငန်းခွင်ဝင်တဲ့ရက်တွေမှာ PEFR လို့ခေါ်တဲ့ မိမိအသက်ရှူလမ်းကြောင်း

အခြေအနေတိုင်းကိရိယာနဲ့ ရုံးဖွင့်ရက်၊ပိတ်ရက်ကို တောက်လျှောက်တိုင်းတာခြင်း နဲ့သိနိုင်ပါတယ်။မိမိက လုပ်ငန်းခွင်တွင်ရင်ကျပ်ခြင်း‌ ရောဂါခံစား‌နေရပြီဆိုရင်တော့ အခြားအလုပ်အကိုင်တစ်ခုခုကို ပြောင်းလဲဖို့လိုပါတယ်။

ရင်ကျပ်ခြင်းဟာ အသက် ၁၈ နှစ်အထက်လူကြီးများမှာဖြစ်သောအမျိုးအစားနဲ့ အသက်ငယ်သော ကလေးတွေမှာ ဖြစ်သောအမျိုးအစားဆိုပြီး၂ မျိုးခွဲခြားနိုင်ပါတယ်။ရင်ကျပ်ခြင်းဟာကလေးငယ်တွေမှာအဖြစ်များပြီး အချို့ကလေးတွေမှာအရွယ်ရောက်ချိန်မှာ ရင်ကျပ်‌ ‌‌ ရောဂါပျောက်ကင်းသွားတတ်ပါတယ်။

ရင်ကျပ်ရောဂါဖြစ်ရတဲ့အကြောင်းအရင်းများကတော့--

၁- လေထုညစ်ညမ်းခြင်း (ဆေးလိပ်ငွေ့၊ခြင်ဆေး၊အမွှေးတိုင်)စသဖြင့် မီးခိုးအငွေ့တွေကလည်းရင်ကျပ်ခြင်းဖြစ်စေနိုင်ပါတယ်။

၂- ဖုန်မှုန့်များ၊မှိုများ၊ဘက်တီးရီးယားများ၊ဗိုင်းရပ်စ်များ၊

အင်းဆက်ပိုးမွှားများကလည်းရင်ကြပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

၃- ဓါတု‌ပစ္စည်း အနံ့ အမျိုးမျိုး ကလည်းရင်ကျပ်စေနိုင်ပါတယ်။

၄- အိမ်မွေးတိရစ္ဆာန်များရဲ့ အမွှေးများ၊ မစင်စတဲ့ အညစ်အကြေးအမျိုးမျိုးကြောင့်လည်း ရင်ကျပ်စေနိုင်ပါတယ်။

၅- ရာသီဥတုအပြောင်းအလဲ၊ ဆောင်းတွင်း နဲ့ မိုးရာသီတွေမှာလည်းရင်ကြပ်တတ်ပြီး မနက်မိုးလင်းချိန်ရာသီဥတုအေးတဲ့အချိန် တွေမှာလည်းရင်ကျပ်ခြင်းခံစားရနိုင်ပါတယ်။

၆- ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊

ဓာတ်မတည့်စေသော အစား‌အစာ နှင့် ဆေးဝါးများကြောင့်လည်း ရင်ကျပ်နိုင်ပါတယ်။

ရင်ကျပ်ခြင်းရဲ့အရေးပေါ်လက္ခဏာတွေကတော့

၁- လက်သည်း၊ခြေသည်း၊နှုတ်ခမ်းများပြာလာ၍အသက်ရှူမဝခြင်း

၂- ရင်ဘတ်အောင့်ခြင်း

၃- အသက်ရှူရခက်ခဲ၍ ချောင်းဆက်တိုက်ဆိုးခြင်း၊

အသက်ရှူသံတရွှီရွှီကြားနေရခြင်း

၄- စကားပြောရခက်ခဲခြင်း

၅- မျက်နှာဖြူဖျော့၍ ချွေးများထွက်ခြင်း

၆- အသက်ရှူနှုန်း မြန်ခြင်း စတဲ့ လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကိုအလျင်အမြန်သွားရောက်ဖို့ လိုပါတယ်။

ရင်ကျပ်ရောဂါကိုဘယ်လိုကုသမလဲ?

  • ရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ မိမိသုံးစွဲနေကြဆေးဝါးများကို ပုံမှန်သုံးစွဲပါ။

 ရှူဆေးဘူး အသုံးပြုသူများအနေနဲ့ အသုံးပြုနည်းမှန်မှန်သုံးတတ်ဖို့လည်းအရေးကြီးပါတယ်။

  • မိမိသောက်သုံးနေတဲ့ဆေးဝါးတွေကိုအတိုးအလျော့ပြုလုပ်ဖို့ အတွက် ဆရာဝန်နဲ့ပုံမှန်စစ်ဆေးကုသမှုခံယူဖို့လည်းလိုအပ်ပါတယ်။
  • မိမိရဲ့ရင်ကျပ်ရောဂါက ‌လက်ရှိအသုံးပြုနေတဲ့ရှူဆေး၊

သောက်ဆေးများနဲ့မသက်သာပါက ဆရာဝန်ထံသွားရောက်ပြသပြီး ထိရောက်တဲ့ကုသမှုခံယူဖို့လိုပါတယ်။

  • ရင်ကျပ်ရောဂါရှိသူတွေဟာသာမန်လူတွေထက် အသက်ရှူလမ်းကြောင်းထိခိုက်နိုင်တာဖြစ်လို့ တုပ်ကွေးကာကွယ်ဆေး ၊ အဆုတ်ရောင် နမိုးနီးယားကာကွယ်ဆေးတွေထိုးထားသင့်ပါတယ်။
  • မိမိနဲ့ဓါတ်မတည့်တဲ့အရာဝတ္ထုများကိုရှောင်ကြဉ်ခြင်း၊အာဟာရပြည့်ဝအောင်စားသောက်နေထိုင်ခြင်း၊ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ခြင်းစတဲ့ ကျန်းမာရေးအပြုအမူတွေကို လိုက်နာဖို့လိုပါတယ်။
  • ရင်ကျပ်ရောဂါရဲ့အရေးပေါ်လက္ခဏာတွေကိုလည်း သိရှိထားဖို့လိုအပ်ပါတယ်။

ရင်ကျပ်ရောဂါဟာ နာတာရှည်ရောဂါအမျိုးအစားဖြစ်ပေမယ့် ကုသလို့ရတဲ့ရောဂါဖြစ်ပါတယ်။ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်တွေ လိုက်နာမယ် စနစ်တကျကုသမှုခံယူမယ် ဆိုရင်တော့ ရင်ကျပ်ရောဂါကို ထိန်းချုပ်ထားနိုင်ပြီး

ပုံမှန်လူကောင်းတစ်ယောက်လိုနေထိုင်နိုင်မှာပဲဖြစ်ပါတယ်။

 

Dr.Phyu

Photo Credit- CNN